ဂျယ်လီတစ်မျိုးက အမျိုးသမီးများအား အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်
အေ့စ်ဝေဒနာရှင်များ
သောက်သုံးသည့် tenofovir ဆေးပါဝင်သော ဂျယ်လီတစ်မျိုးသည့် အမျိုးသမီးများတွင် အိတ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်စ် ကူးစက်ခြင်းမှ သိသိသာသာ လျော့ကျ သွားစေကြောင်း လေ့လာချက် တစ်ရပ်က တွေ့ရှိခဲ့ပြီး
ယင်းမှာ ထူးခြားသော တွေ့ရှိချက် ပင် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားသည်။
Gilead
Sciences ကုမ္ပဏီမှ ထုတ်လုပ်သော tenofovir ဆေးပါဝင်သည့် ဂျယ်လီသည် အမျိုးသမီးများတွင်
နှစ်နှစ်ခွဲ ကာလအတွင်းမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု ၃၉ ရာခိုင်နှုန်း လျော့ကျ စေကြောင်း
ဗီယင်နာမြို့၌ ပြုလုပ်နေသော နိုင်ငံတကာ အေအိုင်ဒီအက်စ် ကွန်ဖရင့်တွင် ဖတ်ကြားသည့် စာတမ်းက
ဖော်ပြသည်။
WHO
နှင့် ကုလသမဂ္ဂ အေ့စ်တိုက်ဖျက်ရေး အဖွဲ့ (UNAIDS) တို့က ယင်းတွေ့ရှိမှုကို ကြိုဆိုကြပြီး
အမျိုးသမီးများအား မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းတစ်ရပ် ထွက်ပေါ်လာခြင်းဖြင့် အေ့စ်
ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖွယ် ရှိကြောင်း ပြောကြားသည်။
ယခုတွေ့ရှိချက်မှာ
ဂျယ်လီ တစ်မျိုးအသုံးပြု၍ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ဗိုင်းရပ်စ် ကူးစက်မှုကို လျှော့ချနိုင်ကြောင်း
ပထမဆုံး တွေ့ရှိချက် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ၎င်းဂျယ်လီသည် အမျိုးသမီး လိင်အင်္ဂါတွင်
ရေယုန်ကဲ့သို့ အနာများ ဖြစ်ခြင်း ကိုလည်း ၅၁ ရာခိုင်နှုန်း ကာကွယ်ပေးကြောင်း လေ့လာချက်က
တွေ့ရှိခဲ့သည်။
တောင်အာဖရိကနိုင်ငံ
ဒါဘန်မြို့မှ အမျိုးသမီးများနှင့် အလှမ်းဝေးသော ကျေးရွာတစ်ရွာမှ အမျိုးသမီးပေါင်း ၈၉၉
ဦးတို့ကို စမ်းသပ်မှုတွင် ပါဝင်ခဲ့ရာ အမျိုးသမီး အချို့အား စမ်းသပ် လိမ်းဆေး ဂျယ်လီကို
အသုံးပြုစေပြီ၊ အချို့အား အခြား အစားထိုး ဂျယ်လီတစ်မျိုး ပေးအပ်ခဲ့ကာ ဆေးသုံးပုံး သုံးနည်းများကိုပါ
ညွှန်ကြား ပြသပေးခဲ့ကြောင်း သိရသည်။
လပေါင်း
၃၀ ကြာပြီးနောက် အမျိုးသမီး ၈၉၉ ဦးအနက်မှ ၉၈ ဦးမှာ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံခဲ့ရာတွင်
စမ်းသပ် ဂျယ်လီသုံးစွဲသော အမျိုးသမီးများ ကူးစက်ခံရမှုမှာ ၃၈ ဦးသာရှိပြီး အခြားဂျယ်လီ
သုံးစွဲသော အမျိုးသမီး ၆၀ ဦးရှိရာ ယင်းမှာ တွက်ချက်ကြည့်ပါက ၎င်းဂျယ်လီက ရောဂါကူးစက်မှု
ကို ၃၉ ရာခိုင်နှုန်း ပို၍ ကာကွယ်ပေးခြင်း ဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။
ဗီယင်နာ၊
ဇူလိုင် ၂၀
July
29, 2010 (Vol 9, No. 19)
7 Day News - ဂျယ်လီတစ်မျိုးက
အမျိုးသမီးများအား အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်




