ပြည်ပတွင်
ခေတ်သစ် ကျေးကျွန်စနစ်၏ သားကောင်အဖြစ် သက်ဝင် ရှင်သန်နေသူများ ငရဲပန်းကို ရွှေပန်း ထင်နေကြသည့်
ရွှေမြန်မာအချို့ ပြည်ပတွင် ခေတ်သစ် ကျေးကျွန်အဖြစ် သက်ဝင်ရှင်သန် နေကြရသည် ဆိုခြင်းကို
ဆရာဝင်းနိုင်ထွန်း ရေးသားသည့် လူကုန်ကူးမှု ငရဲစခန်းနှင့် HIV နွံနစ်သူများ စာအုပ်ကို
ဖတ်ရှုဖြစ်ရာမှ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ
စာအုပ်ကို AFXB Myanmar မှ ထုတ်ဝေခြင်း ဖြစ်သည်။ လူကုန်ကူးမှု ကာကွယ် တားဆီးရေး၊ ကာကွယ်
စောင့်ရှောက်ရေးတို့ အတွက် ရည်ရွယ်ပြီး ထုတ်ဝေခြင်း ဖြစ်ကြောင်း၊ စီမံချက် နယ်မြေများတွင်သာ
အခမဲ့ ဖြန့်ချိကြောင်း ဖော်ပြထားသည်။
(၁)
ကလေးသူတောင်းစား ပြဿနာ ကလေးသူတောင်းစား ပြဿနာနှင့် ပတ်သက်၍ ဆရာဝင်းနိုင်ထွန်းက
Foreign Child Beggar Issue in Bangkok (Oct;2006) မှ Source ရယူထားကြောင်း ဖော်ပြ
ထားသည်။
အဆိုပါ ဆောင်းပါးတွင် နိုင်ငံအသီးသီး၏ လူကုန်ကူးမှု ပြဿနာနှင့်အတူ ကလေး သူတောင်းစား
(Child Beggar) များနှင့် ပတ်သက်၍ ဖော်ပြရာ၌ ထိုင်းနယ်စပ်ရှိ မြန်မာ ကလေးများသည်လည်း
၎င်းတို့၏ မိဘများက လူပွဲစားများထံ ကလေးတစ်ဦးလျှင် ဘတ် (၂ဝဝဝ) (၅ဝ) ဒေါ်လာမှ ဘတ် (၂၅ဝဝ)
(၆၂) ဒေါ်လာဖြင့် ရောင်းစားခြင်း ခံနေကြရကြောင်း အချို့ကလေးများသည် ပထွေး၏ နှိပ်စက်မှုကြောင့်
ထွက်ပြေးလာပြီး သူတောင်းစား ဘဝအဖြစ် ဘန်ကောက်သို့ ရောက်ရှိလာကြကြောင်း၊ အချို့ကလေးများကို
လူပွဲစားများနှင့် မိဘများ ကိုယ်တိုင်က ဘန်ကောက်တွင် တောင်းရမ်း စားသောက်ရန် ခေါ်ဆောင်
သွားကြကြောင်း၊ တာခ်ခရိုင်၊ မဲဆောက်သို့ အိမ်နီးချင်း နိုင်ငံများမှ ရောက်ရှိလာသည့်
ကလေးငယ် များအဖို့ ပညာသင်ကြားရန် အခွင့်အလမ်းမှာ ထိုင်းနိုင်ငံမှ ကလေးများကဲ့သို့ အခွင့်အရေး
မရှိသဖြင့် သူတောင်းစားအဖြစ် လူပွဲစားများအတွက် အလုပ်လုပ်ကိုင်ပေးရန် ရောင်းစား ခံနေရကြောင်း၊
မဲဆောက်ရှိ (၈) နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးကို လူပွဲစားက တောထဲမှ တစ်ဆင့် (၁ဝဝ)
ကီလိုမီတာ ဝေးကွာသော ဘန်ကောက်သို့ အရောက် ခြေလျင်ခရီးဖြင့် ခေါ်ဆောင် သွားခဲ့ကြောင်း၊
၎င်းနောက် ဆေးခတ်ပြီး တောင်းရမ်း ခိုင်းစေခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးကြောင်း၊ ကမ္ဘောဒီးယားနှင့်
မြန်မာနိုင်ငံတို့မှ လူကုန်ကူးခြင်း ခံရသည့် ကလေးငယ် များသည် တောင်းရမ်း စားသောက်သည့်
လုပ်ငန်းသစ် တစ်ခုကို ဘန်ကောက်မြို့တွင် ထူထောင်လုပ်ကိုင် နေကြကြောင်း၊ ကလေးငယ်များသည်
နေ့စဉ် တောင်းရမ်းခြင်းဖြင့် ဝင်ငွေ ကောင်းသော်လည်း အကျိုးခံစားခွင့် မရှိကြကြောင်း၊
တစ်ခါတစ်ရံ ပို၍ သနားစရာ ကောင်းသည့် အသွင် ဖြစ်စေရန် ရိုက်နှက်ခြင်းလည်း ခံကြရကြောင်း၊
တောင်းရမ်းစားသည့် ကလေးငယ်များသည် အသက်အရွယ် အားဖြင့် (၃) လမှ (၁ဝ) နှစ်အထိ ရှိကြပြီး
ကမ္ဘာလှည့် ခရီးသည်များ သွားလာသည့် နေရာများ၊ လူစည်ကားသည့် နေရာများတွင် လူပွဲစားများ
(သို့) လူကုန် ကူးသူများသည် အနီးရှိ လမ်းဘေးဆိုင်များတွင် ထိုင်စောင့်ခြင်း (သို့)
ပန်းရောင်းခြင်းဖြင့် ကလေးငယ်များအား စောင့်ဆိုင်းကာ တောင်းရမ်းရရှိ သည့်ငွေများအား
ပုံမှန်သိမ်းဆည်း လေ့ရှိကြောင်း၊ ထိုဖြစ်ရပ်ကိုကြည့်ကာ ကလေးငယ်များအား ကျေးကျွန်သဖွယ်
ခိုင်းစေခြင်း (Enslaved Children) ဖြစ်ကြောင်း၊ ဘန်ကောက်တွင် တောင်းရမ်း စားသောက်ခြင်းသည်
အကျိုးအမြတ်ရှိသော လုပ်ငန်း (Lucrative Trade) တစ်ခုအဖြစ် ရှိနေကြောင်း၊ ဘန်ကောက်ရှိ
အရောင်းစာရေး လစာသည် ဘတ် (၆ဝဝဝ) ရှိသော်လည်း တောင်းရမ်းကြရသည့် ကလေးငယ်များမှာ တစ်နေ့လျှင်
ဘတ် (၅ဝဝ) မှ (၃ဝဝဝ) အထိ လူပွဲစားများသို့ ပေးအပ် နိုင်ကြကြောင်း၊ ကလေးငယ်များ အတွက်မူ
အိပ်စရာ၊ နေစရာမျှသာ ရရှိကြကြောင်း၊ တောင်းရမ်း စားသောက်ကြသည့် အမျိုးသမီး များသည်
ကိုယ့်ကလေး မဟုတ်သည့်တိုင် အခြားကလေးများအား ပွေ့ချီကာ တောင်းရမ်းလေ့ ရှိကြကြောင်း၊
ထိုကလေး ငယ်များသည် ကမ္ဘောဒီးယား (သို့) မြန်မာနိုင်ငံမှ လာရောက်ကြသည့် ကလေးများ ဖြစ်ကြကြောင်း၊
ထိုင်းစကား ပြောတတ်သူ ရှားပါးကြောင်း၊ လူပွဲစားများသည် ကလေးငယ်များကို နယ်စပ်ဒေသရှိ
ဆင်းရဲသည့် မိသားစုများထံမှ ဝယ်ယူ၍ သော်လည်းကောင်း၊ ငှားရမ်း၍ သော်လည်းကောင်း၊ ပြန်ပေးဆွဲခြင်းဖြင့်
သော်လည်းကောင်း ဘန်ကောက်မြို့သို့ ခေါ်ဆောင် လာကြကြောင်း၊ ကလေးတစ်ဦး ငှားရမ်းခအတွက်
တစ်လလျှင် ဘတ် (၃ဝဝဝ) မှ ဘတ် (၇ဝဝဝ) အထိ ပေးမည်ဟု ပြောဆိုကာ ငှားရမ်း လာကြကြောင်း၊
လူပွဲစားများသည် (၃) လသားမှ (၁ဝ) နှစ် အရွယ်ရှိ ကလေးများကိုသာ ငှားရမ်း လိုကြကြောင်း၊
လမ်းသွားလမ်းလာ များ၏ စိတ်ကို ဆွဲဆောင် နိုင်စွမ်းရှိ၍ ဖြစ်ကြောင်း၊ အချို့လူပွဲစားများသည်
တောင်းရမ်း စားသော်လည်း ကလေးငယ်များကို ထိန်းချုပ်သည့် နည်းလမ်းတစ်ရပ်အနေဖြင့် လက်
သည်းဖြင့်ဆိတ်ခြင်း၊ တုတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်းဖြင့် ထိန်းချုပ်လေ့ရှိကြောင်း၊
ထိုကဲ့သို့ ပုံစံမျိုးစုံဖြင့် တောင်းရမ်းသည့် ကလေးငယ်များအပေါ် ဖြတ်သန်းသွားလာသူများ၏
စိတ်ကို ထိခိုက်စေသဖြင့် ပိုက်ဆံ ပိုမို ရလေ့ရှိကြောင်း၊ ဘန်ကောက်တွင် UNICEF မှ ငွေကြေး
ထောက်ပံ့ပြီး Friends International အဖွဲ့မှ ပညာသင်ကြားရေးနှင့် လုပ်ငန်းခွင် သင်တန်းများကို
ကလေးသူငယ်များ အတွက် ဂေဟာ (၄) ခုဖွင့်လှစ်ပြီး သင်ကြားပေးလျက် ရှိကြောင်း၊ သင်ကြား
ပို့ချမှုတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာဘာသာဖြင့် သင်ကြားရေးလည်း စီစဉ်လျက်ရှိကြောင်း၊
(၂ဝဝ၅) ခုနှစ်မှ (၂ဝဝ၆) ခုနှစ်အထိ လမ်းပေါ်ရောက် ကလေးသူငယ် (၃ဝဝ) ဦးခန့်ကို အကူအညီ
ပေးနိုင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ထိုင်းတွင်
ကလေးသူတောင်းစား (၂ဝဝဝဝ) ခန့်ရှိကြောင်း၊ တရုတ်မြန်မာ နယ်စပ်ဘက်တွင် ကလေး သူတောင်းစားများကို
လူကုန်ကူးသည့် ဂိုဏ်းအဖွဲ့ဝင်များက ခိုးယူပြီး ပြည်တွင်းသို့ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင်
၎င်းကလေး ငယ်များကို အသုံးပြုကြောင်း၊ အချို့ကလေးများကို မူးယစ်ဆေးဝါး သုံးစွဲနေသော မိဘများ
(သို့) အလွန်ဆင်းရဲ နွမ်းပါးသည့် မိဘများကိုယ်တိုင် လူပွဲစားများထံ ရောင်းချ နေကြကြောင်း၊
လူကုန်ကူးသူများသည် ကလေးများကို ခိုးယူပြီး ယွမ် (၃ဝဝဝဝ) ဖြင့် ရောင်းချ လေ့ရှိကြောင်း၊
တရုတ်နယ်စပ် ဘက်ရှိ ရွှေလီနှင့် ကြယ်ခေါင်မြို့များ၏ ဆင်ခြေဖုံး ရပ်ကွက်များ၊ လမ်းဘေးများ၊
အဆောက်အဦ ဟောင်းများတွင် ညအိပ်နေကြသော ကလေး သူတောင်းစားများမှာ မကြာခဏ ခိုးယူခြင်း
ခံရလေ့ရှိကြောင်း၊ တရုတ်နယ်စပ်ဘက်တွင် ကလေးခိုးမှု၊ ကလေး သူတောင်းစားများအား လူကုန်ကူးပြီး
မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုမှု စသည့် အုပ်စုဖွဲ့ ကျူးလွန်သည့် ပြစ်မှုများ
ဆက်စပ် ဖြစ်ပွားလျက်ရှိကြောင်း ပြည်စုံစွာ ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရသည်။
ဆရာဝင်းနိုင်ထွန်းက
ကလေးသူတောင်းစားများ၏ အခြေအနေသည် နောက်ဆုံး၌ လူကုန်ကူးခြင်း ခံရသည့် အန္တရာယ် ကျရောက်မည်မှာ
မလွဲဧကန်ပင် ဖြစ်သည်ဟု သုံးသပ် ထားသည်။ ဆရာဝင်းနိုင်ထွန်း၏ အဆိုပါ ဆောင်းပါးကို ဖတ်ရှုဖြစ်သောအခါ
တစ်ချိန်က ရန်ကုန် မြို့ လေဟာပြင်ဈေးတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုကို သတိရမိပါသည်။
လေဟာပြင် ဈေးတွင် ဇနီးမောင်နှံနှစ်ဦး ထမင်းသွားစားရာမှ သူတို့စားပွဲသို့ လာရောက်
တောင်းရမ်းသော ကလေးမှာ သူတို့ လင်မယား၏ ပျောက်ဆုံးနေသော ရင်သွေးငယ် ဖြစ်နေသည့် ဇာတ်လမ်းဖြစ်သည်။
မြန်မာပြည်တွင်
ဆရာဝင်းနိုင်ထွန်း တင်ပြထား သကဲ့သို့သော ဖြစ်ရပ်များစွာ ရှိနေပေလိမ့်မည်။ ရန်ကုန်မြို့ပေါ်တွင်လည်း
နို့စို့ကလေးငယ်များကို မိုးထဲရေထဲ ပွေ့ချီကာ တောင်းရမ်း နေသူများကို တွေ့မြင် နေရဆဲဖြစ်သည်။
အချို့နေရာများတွင် ကလေးငယ်များကို တောင်းရမ်းစေ၍ အကွယ် တစ်နေရာမှ စောင့်ကြည့်သော သူတချို့ကိုလည်း
တွေ့နေရသည်။ ရန်ကုန်မြို့ လူစည်ကားရာ အရပ်များ၊ မီးပွိုင့်များတွင်လည်း တောင်းရမ်း
နေကြသည့် ကလေးငယ်များကို အုပ်စုလိုက် တွေ့နေရသည်။ သည်ပြဿနာသည် ကိုယ့်နိုင်ငံ ထဲတွင်သာမက
ပြည်ပတွင်လည်း ကြီးမားသော ပြဿနာ ဖြစ်သည်။ ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့စဉ်ကလည်း ကလေးသူတောင်းစား
များစွာ တွေ့ခဲ့ရဖူးသည်။ ဘန်ကောက်တွင်လည်း မိုးပျံတံတားများပေါ်တွင် ကလေးသူတောင်းစားများစွာ
တွေ့ခဲ့ ဖူးသည်။ ကလေးသူတောင်းစား ပြဿနာသည် ဘယ်ကာလတွင် ချုပ်ငြိမ်းမည်မသိ။
တစ်လော
လေးဆီက ရန်ကုန်မြို့ပေါ်တွင် ကလေးတွေ လိုက်ခိုးနေတယ်ဆိုသော ကောလာ ဟလများလည်း ထွက်ခဲ့ဖူးသည်။
ဆရာဝင်းနိုင်ထွန်း၏ ဆောင်းပါးကို ဖတ်ဖြစ်ရာမှ ကလေး သူတောင်းစား၊ ကလေးသူငယ်နှင့် မူးယစ်ဆေးဝါး
ကယ်ရီ၊ နောက်ဆက်တွဲ လူကုန်ကူးမှုအထိ ကျယ်ပြန့် လာနေသည်ကို ဆက်စပ် စဉ်းစားမိရာ မိဘများအနေနှင့်
မိမိတို့ ကလေးများအား လုံခြုံ နွေးထွေးစွာ ပြုစုစောင့်ရှောက်ကြရန် အရေးကြီးလှကြောင်း
တိုက်တွန်း လိုက်ရပေသည်။
(၂)
အပွေးမြင် အပင်သိနိုင်သည့် လူကုန်ကူးမှုများ ဆရာဝင်းနိုင်ထွန်းက TIP Report(June
2008) မှ Source ရယူကြောင်းဖော်ပြ ထားသည်။ လူကုန်ကူးမှုနှင့် ပတ်သက်၍ ထောင့်ပေါင်းစုံမှ
သုံးသပ် ဖော်ပြထားခြင်း ဖြစ်သည်။ အဓမ္မ အလုပ်စေခိုင်းခြင်း (Forced Labour)၊ စာချုပ်စာတမ်းဖြင့်
ခိုင်းစေခြင်း (Bonded Labour)၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်း (Debt-Bondage)၊
ကျေးကျွန်ကဲ့သို့ အဓမ္မ ခိုင်းစေခြင်း (Involuntary Servitude)၊ အိမ်စေအဖြစ် အဓမ္မ ခိုင်းစေခြင်း
(Involuntary Domestic Servitude)၊ ကလေးများအား အဓမ္မ ခိုင်းစေခြင်း (Force Child
Labour)၊ ကလေးစစ်သားများ (Child Soldiers)၊ လိင်ကုန်ကူးမှုနှင့် ပြည့်တန်ဆာ လုပ်ငန်း
(Sex Trafficking and Prostitution)၊ စီးပွားဖြစ် လိင်မှုဆိုင်ရာအတွက် ကလေးများအား ခေါင်းပုံဖြတ်ခြင်း၊
ကလေးများနှင့် ပျော်ပါးရန် ခရီးသွားလာခြင်း (Child Sex Tourism) တို့နှင့် ပတ်သက်၍
ဖော်ပြ ထားသည်။ နှစ်စဉ် ကလေး နှစ်သန်းကျော်ခန့်သည် ကမ္ဘာနှင့်အဝန်း စီးပွားဖြစ် လိင်ကုန်ကူးမှုတွင်
ခေါင်းပုံဖြတ်ခြင်း ခံနေရသည်ဟု ဆိုသည်။ UNICEF ၏ ခန့်မှန်းချက်အရ ကမ္ဘာတွင် လက်နက်ကိုင်
ပဋိပက္ခ ဖြစ်ပွားနေသော နေရာဒေသ (၃ဝ) ကျော်တွင် (၁၈) နှစ်အောက် ကလေး သုံးသိန်းကျော် ခေါင်းပုံဖြတ်
ခံနေရကြောင်း၊ အသက် (၁၅) နှစ်နှင့် (၁၈) နှစ်ကြား ကလေး အများစုသည် ကလေးစစ်သား အများစုဖြစ်ကြောင်း၊
အချို့မှာ အသက် (၇) နှစ်ခန့်အထိ ငယ်သူများ ဖြစ်ကြကြောင်း၊ ကလေးများကို ရှေ့တန်းတွင်
ထမင်းချက်၊ ပစ္စည်းထမ်း၊ အစောင့်၊ ဆက်သား၊ အခိုင်းအစေနှင့် သူလျှိုအဖြစ် အသုံးပြုကြကြောင်း၊
ကလေးငယ်များနှင့် ပျော်ပါးလို၍ ခရီးသွားလာ သူများသည် အခြား နိုင်ငံများသို့ လှည့်လည်ရှာဖွေ
ပျော်ပါးလေ့ရှိကြောင်း၊ ကလေးငယ်များ၏ ဂုဏ်သိက္ခာ၊ ဣနြေ္ဒကို ကိုယ်ထိလက်ရောုက် ကျူးလွန်ခြင်းနှင့်
ကလေးငယ်များအား မဟားတရား ပြုကျင့်သည့် အကြမ်းဖက်သော ပုံစံတစ်မျိုး ဖြစ်ကြောင်း၊ ထိုအန္တရာယ်
ဆိုးကျိုးမှာ ရေရှည် စိတ်ပိုင်းဆိုင်ရာ အထိတ်တလန့် ဖြစ်နေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊
နာတာရှည် ဒဏ်ရာဒဏ်ချက်များ ရရှိခြင်း၊ HIV/AIDS ကဲ့သို့ ရောဂါများရခြင်း၊ မူးယစ်ဆေးဝါး
ဆေးစွဲခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ပတ်ဝန်းကျင်မှ
ဝိုင်းပယ်ခံရခြင်းနှင့် သေနိုင်လောက်သည် အထိ အန္တရာယ်များ ကြုံတွေ့ရခြင်းတို့ ဖြစ်ကြောင်း၊
ကလေးငယ်များ၏ ညစ်ညမ်း ရုပ်ပုံများလည်း ထိုပြဿနာနှင့် ဆက်စပ်မှု ရှိကြောင်း၊ တစ်ခါတရံ
ကလေးငယ်များကို ထိန်းချုပ်ရန်၊ မြူဆွယ်ရန်အတွက် မူးယစ်ဆေးဝါးများကို မသမာသူများက အသုံးပြုလေ့
ရှိကြောင်း ဖော်ပြထားရာ ကလေး သူငယ်များအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။
တစ်လောလေးဆီက
ကလေးသူငယ်များအား ပျော်ပါးရန် လုပ်ဆောင်နေသည့် နိုင်ငံခြားသား အချို့နှင့် ပတ်သက်၍
သက်ဆိုင်ရာမှ အရေးယူခဲ့သည့် ဖြစ်စဉ်ကို သတိရ လိုက်မိသည်။ ရန်ကုန်မြို့ပေါ်ရှိ ဟိုတယ်များတွင်
Child Sex Toursim နှင့် ပတ်သက်၍ သတိပြုရန် နှိုးဆော် ထားသည်များကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင်
နိုင်ငံခြားသားများ နောက်သို့ တကောက်ကောက် လျှောက်လိုက်နေသော ကလေးသူငယ် များစွာကိုလည်း
တွေ့ရဖူးသည်။ အလားတူ နိုင်ငံခြားဆိုလျှင်ပြီးရော သဘောနှင့် အထင်တကြီး တွဲနေကြသည့် တချို့ကိုလည်း
တွေ့ဖူးသည်။ အလားတူ အိမ်ဖော်ကို အသက်သေသည်အထိ နှိပ်စက်သည့် အိမ်ရှင်အချို့နှင့် ပတ်သက်၍လည်း
ကြားသိနေရသည်။
ကလေးသူငယ်အချို့ကို
မွေးစားထားသည်ဆိုသည့် နိုင်ငံခြားသားအချို့ကိုလည်း တွေ့ဖူးသည်။ ဥပဒေအရ မွေးစားခွင့်ရှိမရှိ
မပြောတတ်။ ဆရာဝင်းနိုင်ထွန်း၏ ဆောင်းပါးကို ဖတ်ရှုရသောအခါ ကလေးသူငယ်၊ အိမ်ဖော်၊ နိုင်ငံခြားသား၊
အိမ်ရှင်၊ လူကုန်ကူးမှု စသည်ဖြင့် ဆက်စပ် တွေးတောစရာများ အများအပြား ရှိလာခဲ့ ချေသည်။
စမုစခွန် ဒေသမှ ခေတ်သစ် ကျေးကျွန်များ စမုစခွန် ဒေသသည် ကိုယ်နှင့် မရင်းနှီးသော နေရာဖြစ်သော်လည်း
အဆိုပါ ဒေသတွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား အများအပြား သွားရောက် အလုပ်လုပ်ကိုင်လျက်
ရှိသည်ဟု ဆရာဝင်းနိုင်ထွန်းက ဖော်ပြထားသည်။ စမုစခွန်ဒေသသည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်
တွင်ရှိပြီး ထိုင်းနိုင်ငံ၏ အဓိက ရေလုပ်ငန်း ဆိပ်ကမ်းဖြစ်ကာ ရေထွက်ပစ္စည်းများ၊ ပင်လယ်
အစားအစာများကို ကုန်ချော အဖြစ် စီမံထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများဖြင့် စီးပွားရေး
တိုးတက် ကောင်းမွန်နေသည့် နေရာဟု ဆိုသည်။ ထိုဒေသထွက် ကုန်များသည် နိုင်ငံတကာသို့ တင်ပို့နေကြောင်းလည်း
သိရှိရသည်။ အဆိုပါ ဒေသတွင် စီးပွားရေး လုပ်ငန်းများသည် မြန်မာ၊ လာအို ကမ္ဘောဒီးယား၊
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက် ဒေသများမှ လာရောက်ကြသည့် ဈေးပေါသော အလုပ်
သမားများအပေါ် မှီခို အားထားရာ နေရာဟုလည်း ဆိုသည်။ ထိုဒေသတွင် မြန်မာအလုပ် သမား (၇ဝဝဝဝ)
နီးပါး တရားဝင် မှတ်ပုံတင် ထားကြောင်း၊ (၅ဝ) ရာခိုင်နှုန်းသည် မွန်၊ (၃ဝ) ရာခိုင်နှုန်းသည်
ဗမာ၊ (၁ဝ) ရာခိုင်နှုန်းသည် ကရင်နှင့် နောက် (၁ဝ) ရာခိုင်နှုန်းတို့သည် အလုပ်အကိုင် များရှိကာ
မြန်မာ တိုင်းရင်းသား များသည် ရပိုင်ခွင့်နှင့် ပတ်သက်၍ ဗဟုသုတ နည်းပါးခြင်း၊ ဥပဒေ
အကြောင်းအရ ဆက်စပ် ဆောင်ရွက်ရန် ကိစ္စရပ်များကို မသိနားမလည်ခြင်း၊ ဒေသ၏ ဘာသာစကား မတတ်မြောက်ခြင်း
တို့ကြောင့် လူကုန် ကူးခံရသည့် အန္တရာယ်နှင့် ရင်ဆိုင် နေကြရသည်ဟု ဆိုသည်။
(၂ဝဝ၆)
ခုနှစ်၊ စက်တင်ဘာလ ပင်လယ်စာ စည်သွတ်စက်ရုံကို ထိုင်းရဲမှ ဝင်စီးရာ မြန်မာ အလုပ်သမား
ကျား၊ မ၊ ကလေး (၈ဝဝ) ခန့်ကို ကယ်နိုင် ခဲ့ကြောင်း၊ ၎င်းတို့ကို အကျဉ်းထောင်သဖွယ် (၁၆)
ပေအမြင့်ရှိ အုတ်နံရံများ၊ ဝါယာဆူး ကြိုးများဖြင့် ကာရံထားရှိပြီး လက်နက်ကိုင် အစောင့်များ
ထားကာ တစ်နေ့လျှင် (၁၈) နာရီမက ခိုင်းစေခြင်း၊ လစာ ဘတ် (၄ဝဝ) သာ ပေးခြင်းဖြင့် ခေါင်းပုံဖြတ်
နေကြောင်း ဆရာဝင်းနိုင်ထွန်းမှ ဖွင့်ချ ရေးသားထားသည်။
အလုပ်ရှင်နှင့်
ဒေသအာဏာပိုင်များ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုရှိကြောင်းလည်း သိရှိရသည်။ (၂ဝဝ၇) ဧပြီက ငါးနှင့်ပုစွန်
စက်ရုံအား ထိုင်းရဲနှင့် လူဝန်မှု ကြီးကြပ်ရေး အဖွဲ့တို့က ဝင်စီးရာ မြန်မာ အလုပ်သမား
(၁ဝဝ) ကျော် ထွက်ပြေး ခဲ့ကြောင်း၊ မြန်မာအလုပ်သမား (၆) ဦးမှာ ရေမကူးတတ်၍ ရေနစ် သေဆုံးခဲ့ကြောင်း၊
အလုပ်သမား (၉ဝ) ကျော်မှာ မြန်မာ ပြည်သို့ ပြည်နှင်ဒဏ် အပေး ခံရကြောင်းလည်း သိရှိရသည်။
ဆရာဝင်းနိုင်ထွန်းက
စမုစခွန်ဒေသသို့ မဲဆောက်မှတစ်ဆင့် မြန်မာအလုပ်သမား များကို လူပွဲစားများက ပို့ဆောင်ရာတွင်
ထိုင်းရေတပ် ဗိုလ်တစ်ဦးကိုယ်တိုင် ပါဝင်ပတ်သက် နေသည်ဟု ဖော်ပြထားပြီး (၂ဝဝ၆)၊ ဒီဇင်ဘာက
ထိုင်းရဲတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက် နေသည်ဟု ဆိုသည်။ မဲဆောက်သည် စမုစခွန် ဒေသသို့
လူကုန်ကူးရာ လမ်းကြောင်းဟုလည်း ဆိုသည်။
မွန်တိုင်းရင်းသား
ကလေးငယ်များကို ထိုဒေသတွင် အတင်းအဓမ္မ ခိုင်းစေနေခြင်းကြောင့် ကလေးများက ပုစွန်အခွန်ခွာရာတွင်
ပိုတွင်ကျယ်ကြောင်း၊ တစ်ပတ်လျှင် (၆) ရက် ခိုင်းစေ ခံရကြောင်း၊ အလုပ်သမား တစ်ဝက်မှာ
အရွယ်မရောက် သေးသူများ ဖြစ်ကြောင်း၊ အသက်လိမ်၍ ခိုင်းနေကြကြောင်း၊ မြန်မာအလုပ်သမား
(၈ဝ) ရာခိုင်နှုန်းမှ (၉ဝ) ရာခိုင်နှုန်းသည် Debt-Bordage ကြွေးမြီဖြင့် နှောင်ဖွဲ့ စေခိုင်း
ခံနေရကြောင်း၊ ပွဲစားများသည် ပို့ဆောင်ခစရိတ် ဘတ် (၉ဝဝဝ) မှ (၁၉ဝဝဝ) အထိ တောင်းကြောင်း၊
မြန်မာအလုပ်သမား များသည် ဗဟုသုတ နည်းပါး၍ လည်းကောင်း၊ တရားဝင် မှတ်ပုံတင်ကြေး ဘတ်
(၃၈ဝဝ) မပေးဆောင်နိုင်၍ လည်းကောင်း၊ ပွဲစားများ ခေါင်းပုံဖြတ် ခံနေရကြောင်း၊ အန္တရာယ်
မရှိစေရန် ဒေသခံ မြန်မာအလုပ်သမားများ နားလည် လွယ်သည့် ဘာသာစကားနှင့် ဖော်ပြကာ အကာအကွယ်
ပေးသင့်ကြောင်း ဆရာဝင်နိုင်ထွန်းမှ သုံးသပ်ထားသည်။ ဆရာဝင်းနိုင်ထွန်းက တစ်ဖက်နိုင်ငံသို့
အထင်ကြီးစိတ်ဖြင့် ငရဲပန်းကို ရွှေပန်းထင်ကာ နေ့စဉ်နှင့်အမျှ အလုပ်လုပ်ကိုင်ရန် သွားရောက်
နေကြသည့် ရွှေမြန်မာ တို့ ရှိနေသမျှ ကာလပတ်လုံး တစ်ဖက် နိုင်ငံ၏ ခေတ်သစ် ကျေးကျွန်စနစ်
(Modern-day Slavery) မှာ ဆက်လက် ရှင်သန် နေဦးမည်ဟု သုံးသပ်ထားသည်။
ဆရာဝင်းနိုင်ထွန်း၏
ဆောင်းပါးကို ဖတ်ပြီးသောအခါ စမုစခွန်ဒေသသို့ မြန်မာများ နောက်ထပ် ဘယ်လောက် ထပ်ရောက်
နေကြသလဲဟု စဉ်းစားစရာ ဖြစ်သည်။ မဲဆောက်သို့ ရောက်ခဲ့စဉ်က မြန်မာဘက် ကမ်းမှနေ၍ တံတားပေါ်မှ
လမ်းလျှောက် ဝင်လာသော မြန်မာများကို တွေ့ရသည်။ နယ်စပ်ဂိတ်တွင် တန်းစီ၍ ဝင်လာနေကြသော
မြန်မာများသည် တရားဝင် ဝင်လာကြသူများ ဖြစ်သည်။ သောင်းရင်းမြစ် ထဲတွင်မူ အချို့ ဘောကွင်းများနှင့်
ကူးလာ နေကြသူများ၊ ရေကူး၍ ဝင်လာ နေကြသူများ ကိုလည်း တွေ့ခဲ့ရသည်။ မဲဆောက် တံတားတွင်
ထိုင်းလုံခြုံရေး တပ်ဖွဲ့များကို တွေ့မြင် ရသော်လည်း သောင်းရင်းမြစ်ကို ဖြတ်ကူး နေသူများအား
မည်သို့မှ အန္တရာယ်မပြု။ မဲဆောက် တံတားအောက်တွင် ချက်ပြုတ်စား သောက်နေကြသူ များမှာလည်း
မြန်မာတိုင်းရင်းသားများ ဖြစ်သည်။
မဲဆောက်
တံတားအနီးရှိ ဈေးထဲသို့ ဝင်ကြည့်ရာ အများစုမှာ မွန်တိုင်းရင်းသားများ ဖြစ်ပြီး မော်လမြိုင်
သူများလည်း တွေ့ရသည်။ မဲဆောက်တွင် အခြေကျ နေသူများဟု ဆိုသည်။ ထိုနေ့က မဲဆောက်သို့ လိုက်ပို့
ပေးသော သူငယ်ချင်း ကိုငွေဇော်၏ မိသားစုနှင့် စားသောက်ဆိုင် တစ်ဆိုင်သို့ သွားကြသောအခါ
အဆိုပါ စားသောက်ဆိုင်ရှိ စားပွဲထိုးများမှာ မြန်မာ တိုင်းရင်းသူများ ဖြစ်နေကြသည်။ တချို့က
ဘားအံမှ တချို့က ရန်ကုန်၊ မြောက်ဥက္ကလာပမှ စသည်ဖြင့် ပြောကြသည်။ သူတို့လေးတွေသည် လူပွဲစားမှ
တစ်ဆင့် မဲဆောက်သို့ ရောက်လာကြခြင်း ဖြစ်သည်။
ဆရာဝင်းနိုင်ထွန်း
သုံးသပ်သကဲ့သို့ မဲဆောက်သည် မြန်မာတိုင်းရင်းသား များကို လူပွဲစား အချဉ်ဖမ်းရာ ဒေသကြီးတစ်ခုပမာ
ဖြစ်နေတာ သေချာသည်။ တချို့သော မြန်မာ အမျိုးသမီးငယ် အချို့သည် ရန်ကုန်ရှိ အနှိပ်ခန်းများမှ
တစ်ဆင့် လူပွဲစား အကူအညီ ရှာကာ မဲဆောက်သို့ သွားရောက် လုပ်ကိုင် နေကြတာတွေလည်း ရှိသည်။
သူတို့က
ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများရှိ အနှိပ်ခန်း လုပ်ကိုင်နေကြရာမှ အဆွယ်ကောင်းသဖြင့်
မြဝတီ၊ မဲဆောက်ဘက်သို့ လည်းကောင်း၊ ကော့သောင်း၊ ရနောင်းဘက်သို့ လည်းကောင်း၊ အနှိပ်ခန်းများတွင်
သွားရောက် လုပ်ကိုင်ကြမည်ဟု ဆိုကာ အဆက်အသွယ်ရှာ၍ ထွက်သွားကြ သူများဖြစ်သည်။ တရားဝင်ပတ်စ်ပို့၊
ဗီဇာများနှင့် ထွက်သွားကြသူများ မဟုတ်ကြ။ သူတို့တွေ ချမ်းသာ သွားကြသလား၊ ကောင်းစားသွားကြသလား
ဆိုတာလည်း မကြားရတော့။ ခုတိုင် သွားနေကြဆဲ ဖြစ်သည်။
မြတ်ခိုင်
Vol.2
No.45
လျှပ်တစ်ပြတ် - ငရဲပန်းကို
ရွှေပန်း ထင်နေကြသည့် ရွှေမြန်မာအချို့




