13
Apr

ငါရှိသရွေ့ငါ့သားသမီးတွေ မျက်နှာမငယ်စေရဘူး



“ကျမရှိနေသရွေ့ ကျမသားသမီးတွေကို အများနည်းတူ
စောင့်ရှောက်သွားမှာပါ။ ကျမအနေနဲ့ သက်တမ်းစေ့ နေသွားရမှာပါ ကလေးတွေကို
စောင့်ရှောက်ဖို့ ကျမှာ အားမာန်အပြည့်ရှိပါတယ်။” ဟု အသက်လေးဆယ့်တစ်နှစ် အရွယ်
အမွှာပူးကိုယ်ဝန်ဆောင် မပြုံးခင်ကပြောသည်။

 

မပြုံးခင်၏ ယခုကိုယ်ဝန်သည် တတိယအကြိမ်မြောက်
ကိုယ်ဝန်ဖြစ်သည်။ ယခုတစ်ခေါက် ကိုယ်ဝန်သည် ထူးထူး ခြားခြား သမီးမိန်းကလေး အမွှာပူးကလေးဖြစ်သည်။
သို့သော် မပြုံးခင်တွင် ယခုတစ်ခေါက် ကိုယ်ဝန် ခြောက်လ အရောက် ဆေးစစ်ဆေးရာ HIV
Positive ရှိနေကြောင်း သိရသည်။

 

“ကျမမှာ ဒီပိုးရှိတယ်လို့ သိလိုက်ရတော့
နည်းနည်းတော့ တုန်လှုပ်သွားတာပေါ့။ ဒါပေမဲ့ ကိုယ်ဝန် ဖျက်ချဖို့ စိတ်ကူး မရှိပါဘူး။
မွေးမယ်ပေါ့ ဆွေးနွေးခန်းဝင်တော့လည်း ဆရာ၊ ဆရာမတွေက သေချာရှင်းပြပြီး နှစ်သိမ့်၊
ဆွေးနွေးပေးပါတယ်” ဟုမပြုံးခင်က အပြုံးမပျက် မျက်နှာနှင့် ပြန်လည်ဖြေကြားသည်။

 

HIV ပိုးရှိသော မိခင်မှ ကလေးသို့ ထိုရောဂါ
ကူးစက်ရန်မှာ သုံးဆယ်ရာခိုင်နှုန်း အလားအလာ ရှိသည်ဟု သိရသည်။တချို့ပညာရှင်များ၏
အဆိုအရ HIV ပိုးရှိသည့် မိခင်သုံးဦးတွင် တစ်ဦးသာ ကလေးသို့ ကူးစက် နိုင်သည်ဟု
သိရသည်။

 

“ကျတော်တို့က သုံးဆယ်ရာခိုင်နှုန်း လို့သုံးတာက
သုံးယောက်တစ်ယေက်လို့ သုံးလိုက်ရင် စာရင်းသမားတွေက မကြိုက်ဘူး လူတွေကို အမှတ်မှား
စေမယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ တချို့က စောင့်ကြည့်နေတယ်။ ဥပမာ ရပ်ကွက်တစ်ခုမှာ
HIV ပိုးရှိသူ သုံးဦး ကိုယ်ဝန်ဆောင်တယ်။ အခန့်မသင့်လို့ မွေးလာတဲ့
ကလေးသုံးဦးလုံး ကူးစက်ခံရရင် ဒါကမှားသွားသလို ဖြစ်နိုင်ပါတယ်” ဟု
သြစတြေးလျနိုင်ငံ အခြေစိုက် MARIE STOP INTERNATIONAL MYANMAR မှ မြန်မာပြည်ဆိုင်ရာ
ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောသည်။

 

HIV ပိုးကူးစက်နိုင်သည့် နည်းလမ်းသုံးခုမှာ
လိင်အပျော်အပါး လိုက်စားရာမှ ကူးစက်ခြင်း သွေးထွက်ရာမှ ကူးစက်နိုင်ခြင်း
မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းရာမှ ကူးစက်ခြင်း မခင်မှ ကလေးသို့ ကူစက်ခြင်း ဟူ၍
ကူးစက်နိုင်သည့် နည်းလမ်းများရှိသည်။

 

မိခင်မှကလေးသို့ ကူးစက်ရာတွင် ပဋိသန္ဓေရှိနေစဉ်
ကူးစက်နိုင်ခြင်း မွေးနေစဉ်ကူးစက်နိုင်ခြင်းနှင့် နို့တိုက်နေစဉ် ကူးစက်နိုင်ခြင်း
ဟူ၍ ကူးစက်နိုင်သည့် နည်းလမ်း သုံးခုရှိကြောင်း သိရသည်။

 

သို့ရာတွင် ယခုအခါတွင် မိခင်မှ ကလေးသို့
ကူးစက်နိုင်သည့် ရာခိုင်နှုန်း ထက်ဝက် လျော့ချနိုင်သည့် နည်းလမ်း
ရှာတွေ့နေပြီ ဖြစ်သည်။ Prevention of Mother to Child Transmission (PMCT) အရ
ကာကွယ် တားဆီးနိုင်ကြောင်းသိရသည်။

 

“ဒီပိုးရှိမှန်း ကိုယ်ဝန် ၇လရှိမှ သိတာပါ။ ဒါပေမဲ့
မိခင်က ဆေးကြိုသောက်ရင် ကလေးကို ကူးဖို့ ရာခိုင်နှုန်း နည်းတယ်လို့သိရပါတယ်။
တကယ်လို့ ကလေးမှာ ပါခဲ့ရင်လဲ ကောင်းကောင်း ပြုစုပါမယ်။ မပါခဲ့ရင်တော့
အရမ်းဝမ်းသာရမှာပါဘဲ။ ဒီချိန်ထိတော့ ဘာမှ မသိရသေးဘူး။” ဟုလေးရက်သား ကလေးငယ်အား
ဂရုဏာ သက်စွာဖြင့် ကြည့်နေရင်း အသက်နှစ်ဆယ်ခြောက်နှစ် အရွယ် မဖြူဖြူကပြောသည်။

 

မိမိတွင် HIV ပိုးရှိနေမှန်း ကြိုသိသော
မိခင်၊ဖခင်များ ကလေးယူသင့် မယူသင့် စဉ်းစားကြသော်လည်း ကြိုမသိသော မိခင်၊
ဖခင်များတွင်မူ မမျော်လင့်ဘဲ ကိုယ်ဝန်ဆောင် ကြရတတ်သည်။ သို့သော် ထိုသူများအား
စေတနာရှင်များနှင့် HIV ပိုးရှိသော်လည်း ဘဝကို အရှုံးမပေးဘဲ အများအကျိုး
ဆောင်ရွက်နေသူများက လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။ ဆက်လက်ပြီး
ကူညီလိုသူများ အနေဖြင့်လဲ ကူညီနိုင်ကြောင်းသိရသည်။

 

“ကျတော်တို့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာပါ
နောက်မျိုးဆက်တွေကိုလဲ ထပ်မဖြစ်စေချင်ပါဘူး ဒီရောဂါနဲ့ ပတ်သက်ပြီး အပြင်မှာ
အမြင်မှားနေတာတွေ ရှိနေပါတယ်။ တချို့ဆို ဒီရောဂါကို ရောဂါဆိုးလို့ပြောကြတယ်။ ဒီရောဂါက
ရောဂါဆိုးဆိုရင် ဘယ်ရောဂါက ကောင်းလို့လဲဗျာ။ ကျတော်တို့ အနေနဲ့ကတော့ ကူညီမှုတွေ
ဆက်လုပ်သွားမှာပါ” ဟုကူညီစောင့်ရှောက်နေသူ ကိုဇေယျာစိုးက အားမာန်အပြည့်
မျက်လုံးများဖြင့် ပြောပြသည်။

 

မိခင်မှ ကလေးသို့ ရောဂါကူးစက်ခြင်းမှ
ကြိုတင်ကာကွယ်ခြင်း PMCT သည် လုပ်ငန်းများပြားပြီး ငွေကြေးအကုန်အကျ များပြားသော
လုပ်ငန်းဖြစ်သည်။

 

“PMCT မှာလုပ်ငန်းတွေ အများကြီးရှိတယ်။ ဆေးတိုက်တာ
တစ်ခုတည်းမဟုတ်ဘူး ဥပမာ မိန်းကလေးတွေကို HIV ကူးစက်ခြင်း မခံရအောင် ပညာပေးတာ
ပြောရမယ်။ အိမ်ထောင်မပြုခင် ဆေးစစ်ရမယ်။ ဆေးစစ်ပြီးရင်လဲ ကလေးမယူခင်မှာ
ဆေးထပ်စစ်သင့်တယ်။ ကိုယ်ဝန်ဆောင် နေစဉ်မှာ HIV ပိုးကူးစက်ခြင်း မခံရအေုင် နေရမယ်
စသည်ဖြင့်ပေါ့ဗျာ။ ဆေးတိုက်တဲ့ လုပ်ငန်းစဉ်ကတော့ သိပ်မခက်ပါဘူး။ မိခင်ဗိုက်နာ
နေစဉ်မှာ Nevirepine (NVP) ကို ၂၀၀ မီလီဂရမ် တိုက်ရမယ်။ ကလေးမွေးလာရင်လဲ ကလေးကို
၇၂ နာရီအတွင် NVP ၂မီလီဂရမ် တိုက်ရမယ် ဒါပါဘဲ။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ရမှာတွေက
ရှိနေတယ် ရန်ကုန်မှာက ကိစ္စမရှိဘူး နယ်တွေမှာကျတော့ မိခင်ဗိုက်နာနေတုန်း
မမီလိုက်တာတွေ ရှိနေသေးတယ်” ဟုဒေါက်တာ စစ်နိုင်ကပြောသည်။

 

တကယ်တမ်း မိမိတွင် ရောဂါပိုးရှိနေသော်လည်း ကလေးယူရန်
မယူရန်မှာ မိမိနှင့်သာ သက်ဆိုင်ကြောင်းနှင့် ကာယကံရှင်များအနေဖြင့် ယူရန် မယူရန်
ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း သို့သော် ရောဂါရှိနေသူများအား တခြားသူတွေက
မစဉ်းစားဘဲ လုပ်သည်ဟု အထင်မခံစေချင်ကြောင်း အင်္ဂလန် အခြေစိုက် လူမှုရေး
အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

“ကျမမှာ ရောဂါရှိမှန်း မသိခင်ကတည်းက
ကိုယ်ဝန်ရလာတယ် ရှိမှန်းသိတော့လဲ ဒီကလေးတွေကို မွေးဖို့ ဆုံးဖြတ်တယ်။
ကျမရှိနေသရွေ့ ကျမကလေးတွေကို မျက်နှာမငယ်ရအောင် ပြုစု
စောင့်ရှောက်သွားမှာပါ။ အားလုံးကလဲ ကူညီကြပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျမကလေးတွေ
လောကကြီးမှာ ကောင်းကောင်း ရပ်တည်နိုင်ရ ပါစေမယ်” ဟုမပြုံးခင်က တက်ကြွစွာ
ဖြေကြားသည်။

 

(မှတ်ချက် - ကာယကံရှင်များ၏ အမည်များကို ပြောင်းလဲဖေါ်ပြထားသည်။)

7 Days News (Vol:6,No:49)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top