13
Apr

ငါးနှစ်အတွင်း အေအာရ်ဗီဆေးဖြင့် အိတ်ခ်ျအိုင်ဗီ မပြန့်ပွားအောင်တားနိုင်မည်ဆို



          အေအာရ်ဗီ
ဆေးနှင့် အိတ်ခ်ျအိုင်ဗီ စစ်ဆေးနည်း ကြောင့် တောင်အာဖရိက ဒေသမှာ အိတ်ခ်ျအိုင်ဗီ
ပြန့်ပွားမှုကို ငါးနှစ်အတွင်း တားဆီးနိုင်တော့မယ်လို့ ထိပ်တန်းသိပ္ပံပညာရှင် တွေက
ပြောကြားပါတယ်။

 

          တောင်အာဖရိကမှာ
အိတ်ခ်ျအိုင်ဗီ ကွင်းဆင်းသုတေသန ပြုလုပ်နေတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ
ဒေါက်တာဝီလျံက `တစ်နိုင်ငံလုံးမှာရှိတဲ့ အိတ်ခ်ျအိုင်ဗီ လူနာခြောက်သန်း နီးပါးအတွက်
ဆေးကုသ စရိတ်ဟာ နှစ်စဉ်ဒေါ်လာ နှစ်ဘီလျံမှ သုံးဘီလျံအထိရှိတယ်။ လူနာ ၃၀
ရာခိုင်နှုန်းခန့်သာ အသက်ကယ်ဆေးတွေရရှိနေပါတယ်။ ဒါပေမဲ့ ရောဂါရှိမှန်း စောစော
စမ်းသပ်သိရှိပြီး စောစော ဆေးကုသနိုင်ရင် အိတ်ခ်ျအိုင်ဗီ ကူးစက်ပြန့်ပွားမှုကို
ကာကွယ် တားဆီးနိုင်လိမ့်မယ်´ လို့ပြောပါတယ်။ သည်အချက်ဟာ အိတ်ခ်ျအိုင်ဗီ ကာကွယ်ဆေး ရှာဖွေနေမှုကိုလည်း
ပြည့်စုံစေလိမ့်မယ်လို့ သူက ဆိုပါတယ်။ အခုအထိတော့ အိတ်ခ်ျအိုင်ဗီ ကာကွယ်ဆေး
အိပ်မက်က ဝေးနေဆဲဖြစ်ပါတယ်။

 

          ကမ္ဘာတစ်ဝှမ်းမှာ
အိတ်ခ်ျအိုင်ဗီ ကူးစက်ခံထားရသူ သန်း၃၀ ရှိပါတယ်။ နှစ်စဉ် သေဆုံးသူ
နှစ်သန်းရှိပါတယ်။ ပညာရှင်တွေက ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့
ဦးတည်ကြိုးပမ်း နေကြတယ်။ လက်တွေ့အောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော အရာက အေအာရ်ဗီ
ဆေးတွေဖြစ်ပါတယ်။

 

          Anti-Retro
Viral Treatments(ART) ဆေးတွေဟာ အလွန်အစွမ်းထက်ပါတယ်။ အိတ်ခ်ျအိုင်ဗီလူနာတွေကို
အသက်ရှင်အောင် ထိန်းထားပေးတယ်။ အိတ်ခ်ျအိုင်ဗီ ပိုးအရေအတွက်ကို အဆပေါင်း ၂၀၀၀ ခန့်
ကျဆင်းစေတယ်။ အခြား တစ်ယောက်ကို ရောဂါ မပြန့်စေနိုင်၊ မကူးစက်စေနိုင်လောက်တဲ့
အခြေအနေကို နီးစပ်လာတယ်။

 

          `လွန်ခဲ့တဲ့
ငါးနှစ်အတွင်း အေအာရ်ဗီဆေး တိုက်ကျွေးရေး လုပ်ငန်းတွေကို မျှော်မှန်းချက်ထက်
ကျော်လွန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အိတ်ခ်ျအိုင်ဗီ
ကူးစက်ပြန့်ပွားနှုန်းနဲ့ အိတ်ခ်ျအိုင်ဗီနှင့် တွဲပြီး ဖြစ်ပွားတဲ့
တီဘီရောဂါဖြစ်နှုန်း မလျော့နည်းခဲ့ဘူး။ ဒီလိုဖြစ်ရတာဟာ ဆေးသောက်နောက်ကျလို့ပဲ၊
အေအာရ်ဗီ ဆေးကို အချိန်မီ စသောက်နိုင်ရင် ဘာတွေထူးလာမလဲ၊ ဆေးတိုက်ပြီး လူနာတွေကို
အသက်ကယ်နေရုံနဲ့ မပြီးသေးဘူး။ နောက်ကွယ်ကို ရှာဖွေ ကြည့်ရှုဖို့ လိုသေးတယ်။ ဆေးပညာ
စမ်းသပ်ချက်တွေကို အခု စလုပ်မယ်ဆိုရင် ငါးနှစ်အတွင်း တောင်အာဖရိက တိုက်မှာ
အိတ်ခ်ျအိုင်ဗီ ဆေးကိုရကြလိမ့်မယ်´ လို့ ဒေါက်တာ ၀ီလျံက ရှင်းပြပါတယ်။

 

          ဆေးပညာစမ်းသပ်ချက်
အချို့ကို အမေရိကန်၊ ကနေဒါနှင့် ဆာဟာရ ၀န်းကျင် အာဖရိက နိုင်ငံများမှာ
စတင်ပြုလုပ်နေပါပြီ။ အိတ်ခ်ျအိုင်ဗီပိုးရှိသူ အများအပြားရှိနေတဲ့ နယူးယောက်နဲ့
ဝါရှင်တန်နယ်မြေတွေမှာလည်း စမ်းသပ်ချက်စတင်ဖို့ စီစဉ်နေပါတယ်။

ဒေါက်တာ ခိုင်စန္ဒာမော်

 

အမှတ်၂၀၄၊ မော်ဒန်သတင်းဂျာနယ်
၊ဧပြီလ ၂၀၁၀

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top