3
Aug

စက္ကူပန်းလေး တစ်ပွင့်ရဲ့ ဒိုင်ယာရီ



တစ်ဆယ်ကျော်
ငါးနှစ်ပတ်လည် ကျမ ကျမတို့အရွယ် ဆိုတဲ့ ရုပ်ရှင်သီချင်းလေးအတိုင်း ကျွန်မတို့ ဂျီမတွေလည်း
ပျံတက်စ ငှက်ကလေးတွေလိုပဲ အပူအပင်တွေမရှိပဲ လွတ်လပ်စွာ ပျံသန်းကျ ဆတ်စလူးတွေ ထကျနဲ့ပေါ့။
ဒီအရွယ်မှာ ယောက်ျားအစစ်၊ မိန်းမအစစ်တွေတောင် ထိန်းလို့မရတဲ့ အရွယ်ဆိုတော့ ကျမတို့လို
ဂျီမတွေဆို ပိုဆိုးတော့တာပေါ့နော်။ ကျမမှာ သူငယ်တန်းကနေ ဆယ်တန်း ရောက်တဲ့အထိ အတူတွဲကြတဲ့
သူငယ်ချင်း နှစ်ယောက်ရှိတယ်။ နာမည်တွေတောင် ကာရန်နဲ့ ညီအောင် ကိုယ့်နာမည်ထဲက တစ်လုံးစီကို
အဖျားဆွတ် ခေါ်ကြတာ။ တယောက်က “စိုး” နောက်တယောက်က “မျိုး” တို့ကတော့ “တိုး” ကိုယ်တွေ
သုံးယောက်က ကျောင်းမှာဆို Star တွေလေ။ တိုးတို့သုံးယောက် ကျောင်းကိုလာပြီဆိုရင် အခန်းတွေရှေ့မှာ
ရှိတဲ့ ကျောင်းသား ကောင်လေးတွေရဲ့ အမှတ်ပေးသံတွေဟာ ကျောင်းတစ်ခုလုံးကို ညံလို့။ ယောက်ျားလေး
သီးသန့် ကျောင်းဆိုတော့ ကိုယ်တွေ သုံးယောက်က အစစ်မတွေလိုကို ဖြစ်နေတာ။ သုံးယောက်ပေါင်း
လောင်းကျော်ပြီး ကဲလိုက်ကြတာ ဆယ်တန်းစာမေးပွဲ အောင်စာရင်းလည်း ထွက်ရော ငိုပွဲတွေ ဆင်ရတော့
တာပါပဲ။ မျိုးကတော့ နှစ်ချင်းပေါက် အောင်တယ်။ တိုးနဲ့ စိုးကတော့ ကျတယ်။ မျိုးကတော့
နှစ်ယောက်လုံးကို အားပေးပါတယ်။ နောင်နှစ်ကို ဆက်ဖြေဖို့ တက္ကသိုလ်ကနေ သူစောင့် နေပါမယ်တဲ့။
ဒါပေမယ့်လေ စိုးကို သူ့အိမ်က ကျောင်းမထား တော့ဘူးတဲ့။ သူ့ဦးလေးနဲ့အတူ အလုပ်လုပ်ရမယ်တဲ့။
စိုးမဖြေတော့ ကျမလည်း မဖြေတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်
ပညာတစ်ခုတော့ သင်ရမယ်လို့ ဆုံးဖြတ်ပြီး မိတ်ကပ်၊ ဆံပင်ပညာ သင်လိုက်တယ်လေ။ တစ်ရက်မှာတော့
စိုး ရောက်လာတယ်။ သူ့ဦးလေးအလုပ်က ကားပွဲစားတဲ့။ ဒါကြောင့် သူနွဲ့လို့ မရဘူးတဲ့။ အိမ်ကလည်း
ယောက်ျားလို နေရမယ်တဲ့။ သူ ပြန်ပုန်း ရတော့မယ်တဲ့။ လာပြောသွားတယ်။ ကိုယ်ကလည်း ငါတို့
နားလည်ပါတယ်လို့ ပြန်နှစ်သိမ့် လိုက်ရတယ်။ မျိုးကလည်း ရန်ကုန်မှာ ကျောင်းသွားတက်။ စိုးကလည်း
သူ့အလုပ်နဲ့သူ။ ကျမကလည်း ကိုယ့်လိုင်းကြောင်းနဲ့ ကိုယ်ဆိုတော့ သုံးယောက်သား ကွဲသွားကြတော့တာပေါ့။

မိတ်ကပ်ဆံပင်
လောကထဲကို ရောက်သွားတော့ ဂျီမ မာမီကြီးတွေ၊ ဂျီမ မမတွေ၊ ဂျီမ သူငယ်ချင်းတွေ အများကြီးကို
ရလာတယ်။ ကျောင်းနေစဉ်က မရောက်ဘူးတဲ့ နေရာတွေ မကဲခဲ့ဘူးတဲ့ နေရာတွေမှာ ကဲတတ် နွှဲတတ်လာတယ်။
မန္တလေးတိုင်း အတွင်းမှာရှိတဲ့ ရှိရှိသမျှ နတ်ပွဲတွေ၊ ဘုရားပွဲတွေရောက်။ ကိုယ်လည်း တနေ့တခြား
ပိုပိုပြီးတော့ ပွင့်လာတယ်။ ကိုယ့်ကိုယ်ကို အပွင့်မအဖြစ် ခံယူပြီး ကတည်းကကို ပတ်ဝန်းကျင်ကိုလည်း
အရေး မစိုက်တော့ဘူး။ အိမ်ကတော့ နည်းနည်းလေး ၀ုန်းနေသေးတယ်လေ။ နင် အခုတလော လျှပ်ယားလျှပ်ယားနဲ့
မျက်စိနောက် တယ်ပေါ့။ “နင့်သူငယ်ချင်း စိုး တောင် ယောက်ျားလေးပုံလေးနဲ့ ယောက်ျား ဖြစ်သွားပြီ”
တဲ့။ ဒီကလည်း ပြန်ပြော တော့တာလေ။ “မွေးကတဲက ခြောက်တာ ဘယ်အခြောက်မှ ယောက်ျား ပြန်မဖြစ်ဘူး”
လို့လေ။ တခါတလေ စိုးနဲ့ လမ်းမှာတွေ့ရင် သူ့ဘေးမှာ သူ့အလုပ်က လူတွေနဲ့ဆိုရင် သူလည်း
မသိချင် ယောင်ဆောင် ကိုယ်လည်း မသိချင်ယောင်ဆောင် မသိသလို နေရတာ။ ကြာလာတော့ ကိုယ်လည်းသူ့ကို
ခေါ်ကို မခေါ်တော့တာ။ သူနဲ့ကိုယ်နဲ့ လိုင်းမတူဘူးလို့ ခံယူလိုက်တယ်။ မျိုးနဲ့ကတော့ ဖုန်းအဆက်အသွယ်
ရတယ်။ ရန်ကုန်နဲ့ မန္တလေး အတင်း ပြောကြတာ ပေါ့ရှင်။ ဒီလိုနဲ့ ကျမတို့ တစ်ဆယ်ကျော် ငါးနှစ်ပတ်လည်ကနေ
နှစ်ဆယ်ငါးနှစ် ပတ်လည်ဆိုတဲ့ အချိန်ကိုတောင် ရောက်လာပြီလေ။ ဂျီမတတွေ ကဲရင်း၊ နွှဲရင်း၊
လျှမ်းရင်း အရာရာကို အပူအပင်မရှိ ပျော်ပျော်ပါးပါးနဲ့ ဖြတ်သန်း လိုက်ကြတာ ပတ်ဝန်းကျင်ကို
သတိမထားမိကြဘူး။ အဲဒီအချိန်မှာပဲ ကျမတို့ရဲ့ ကမ္ဘာမြေကြီးဆီကို အချက်ပေးသံလည်းမကြား
တံခါးလည်းမခေါက်ဘဲနဲ့ ၀င်ရောက်လာတဲ့ ဂြိုလ်ဆိုး နတ်ကြီးတစ်ပါးက ကမ္ဘာမြေကြီးဆီက လူတွေဆီကို
တိတ်တဆိတ် ၀င်ရောက်ပူးကပ် လာခဲ့ပါပြီ။

နတ်ဆိုးကြီးရဲ့နာမည်ကတော့
AIDS တဲ့။ သူ့ရဲ့ကိုယ်ပွား ရှေ့တော်ပြေးလေးကတော့ HIV တဲ့။ နတ်ဆိုးကြီးကတော့ ကောင်းကောင်းမွှေနှောက်
နိုင်လိုက်ပါပြီ။ စစချင်း ကိုယ့်ရဲ့ဂျီမ မာမီကြီးတွေ ဟိုတစ ဒီတစ သေဆုံးခဲ့ကြတယ်။ ဒါပေမယ့်
ကျမတို့ သိပ်ပြီး သတိမထား မိသေးဘူး။ နောက်ပိုင်း ဂျီမအမေတွေနဲ့ ကိုယ်နဲ့ သက်တူရွယ်တူ
ဂျီမတန်း တစ်ခုလုံးပါ သေဆုံးသူတွေ များလာတော့တာ။ လူတွေ အထူးသဖြင့် သူငယ်တွေက ကိုယ်တွေကို
လမ်းမှာတွေ့ပြီဆိုရင် “အခြောက်ဆီက ကူးတာ” “HIV ပိုး ဖြန့်ချီရေးကောင်တွေ” လို့ နာမည်ဆိုးတွေ
အတပ်ခံလိုက်ရတယ်။ တကယ်တမ်းကြတော့ ယောက်ျားအစစ် မိန်းမအစစ်တွေမှာလည်း ဖြစ်ကြတာပါပဲ။
မိန်းမလျာမတွေက ပိုပြီး ထင်သာမြင်သာ ရှိတဲ့ လူနည်းစုတွေ ဆိုတော့ နာမည်ဆိုးတွေ တွင်ကုန်တာပေါ့ရှင်။
ဒီလိုတွေ ဖြစ်နေရင်းကကို ရောဂါဖြစ်နေတဲ့ သူငယ်ချင်း ဆေးရုံတက်တော့လည်း လူနာသတင်းသွားမေးရင်
ကျမတို့ ကိုယ်တိုင်ကိုက သူ့ကိုနှစ်သိမ့်ပေးဖို့ မပြောနဲ့ လက်ကလေးတောင် မကိုင်ရဲတာလေ။
“ဒီရောဂါဖြစ်ရင် သေမှာပဲ ကုစရာဆေး မရှိလို့” လို့ ကြားဖူးထားကြတော့ ကြောက်ကြတာပေါ့။
အဲဒါ ကျမတို့ကိုယ်တိုင် ဒီရောဂါနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတ အသိပညာတွေ မရှိလို့ပေါ့ရှင်။
အခုနေ အချိန်အခါဆိုရင် ဒီလိုဖြစ်ချင်မှ ဖြစ်တော့မှာ။ သူတို့တတွေလည်း မြန်မြန်သေဆုံးချင်မှ
သေမှာ။ ဘာကြောင့်လဲဆိုတော့ ကျမတို့ဆီကို ကျန်းမာရေး အဖွဲ့အစည်းတွေ ရောက်ရှိလာပြီး ကျန်းမာရေး
အသိပညာ ဖြန့်ဝေခြင်း၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေ ပေးခြင်း၊ ကွန်ဒုံး ဝေငှခြင်းတွေကို
လက်ခံရယူနေပြီလေ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဆေးပေးခန်းတွေ၊ ဆေးရုံတွေ ဂျီမတို့
နားခိုရာ နေရာတွေကိုလည်း အားလုံး သိရှိနေကြပြီ။

ဂျီမသူငယ်ချင်း
အချင်းချင်း ဆေးရုံဆေးခန်းတွေနဲ့ ချိတ်စပ်ပေးတာ ARV ဆိုတဲ့ ဆေးရအောင် အဖွဲ့အစည်းတွေနဲ့
ချိတ်စပ်တာတွေကို ပြုလုပ်ပေး နေပြီလေ။ ARV ဆိုတဲ့ ဆေးကို အခမဲ့ ဖြန့်ဝေတဲ့ အဖွဲ့အစည်း
တွေလည်း ရှိတယ်။ ဒီလို အချိန်ကောင်းလေးနဲ့ ကြုံခဲ့ရင် အရင်ဂျီမတွေလည်း အသက် ဆုံးရှုံးချင်မှ
ဆုံးရှုံးမှာလေ။ သူတို့တွေ အသေစော လိုက်တာလို့လည်း နှမြောမိတယ်ရှင်။ ဒါတောင် ဒီလိုခေတ်ကောင်းမှာ
အသက်ဆုံးရှုံးတဲ့ ဂျီမတွေလည်း ရှိတယ်။ ဘယ်သူတွေလည်း ဆိုတော့ ကိုယ့်ကိုယ်ကို ဒီရောဂါ
ဖြစ်နေပါတယ်လို့ ၀န်မခံပဲ ကြိတ်ကုကြရာက အနာတခြား ဆေးတခြား ဖြစ်ပြီး သေဆုံး ကြတာလေ။
အဲဒီထဲမှာမှ ကျွန်မသူငယ်ချင်း စိုးလည်း တယောက် အပါအ၀င်ပေါ့။ သူနေမကောင်းဘူးလို့ ကြားတော့
သတင်းသွားမေး တာပေါ့။ ဘာဖြစ်တာလဲလို့ မေးတော့ သူက ငါအစာအိမ် ရောဂါ ဖြစ်နေတာ။ အစာမစားနိုင်လို့
ပိန်ကျ သွားတယ်လို့ ပြောတယ်။ ကိုယ်က သူ့ကိုကြည့်ပြီး ဒါဟာ အစာအိမ် မဖြစ်နိုင်ဘူးလို့
ငါရောဂါဖြစ်တဲ့ ဂျီမတွေကို မြင်ဘူးတယ်။ ဒီလိုပုံစံပဲ ဖြစ်တာ။ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်
ဒါမှမဟုတ် နားလည်တဲ့ ကျန်းမာရေးဝန်ထမ်း ဂျီမတွေနဲ့ အခြေအနေ မဆိုးခင် တိုင်ပင်ဖွင့်ဟ
သင့်တယ်လို့ ပြောတော့ သူက စိတ်ဆိုးပြီး မခေါ်တော့ဘူး။ ဒါနဲ့ ကျမလည်း ပြစ်ထား လိုက်တာပေါ့။
လေးလလောက် အကြာမှာတော့ သူဆုံးသွားတယ်။ ကျမလေ ၀မ်းနည်း နောင်တ ရမိတယ်။ သူ ဘယ်လိုပြောပြော
ငါက ဇွတ်တရွက် စီစဉ်ရမှာလို့ သူက သူအိမ်က သိမှာစိုးလို့ ဖြစ်မှာ။ ငါက ကူညီမယ့် အဖွဲ့အစည်းတွေနဲ့
ချိတ်စပ်ပေးမိရင် သူမသေဆုံး နိုင်ဘူးလို့။ မျိုးကလည်း ၀မ်းနည်းတာပေါ့။ နှစ်ယောက်သား
ဖက်ပြီး ငိုကြရတာ။ မျိုးကတော့ ကျမကို အပြစ် မမြင်ပါဘူး။ ကံကြမ္မာအတိုင်းပဲလို့ နှစ်သိမ့်ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင်
ကျန်းမာရေး အဖွဲ့အစည်းကြီးတွေမှာ ဂျီမ ၀န်ထမ်းတွေကို မြင်တွေ့နေရပြီလေ။ ဂျီမအချင်းချင်း
စုစည်းပြီး ဖွဲ့ထားတဲ့ MSM (S.H.G) တွေလည်း ပေါ်ပေါက်လာကာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ
ပေးနေပြီလေ။ ဒါဟာ ဒီရောဂါကြီးကို ဂျီမတွေကလည်း တထောင့်တနေရာကနေ တွန်းလှန်ကာကွယ် တိုက်ဖျက်နေကြတယ်
ဆိုတာကို ပြသ လိုက်တာပါပဲ။ အခုဆိုရင် ဒီအန္တရာယ်ဆိုးကြီးကို ကာကွယ် တိုက်ဖျက်တဲ့ အဖွဲ့အစည်း
တွေတိုင်းမှာ ဂျီမတွေက နေရာရပြီး ချီးကျူး ဂုဏ်ပြုခြင်းတွေကို ရရှိကာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း
အလယ်မှာ ခေါင်းမော့နိုင်ပြီရှင်။ နှစ်တနှစ်ရဲ့ နောက်ဆုံးလ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီကျော်တိုင်း
လူတွေကတော့ “Happy New Year” လို့ ပျော်ရွှင်စွာ အော်ဟစ်ကြတယ်။ ကျမလည်း ပါဝင်ကခုန် အော်ဟစ်တာပေါ့။
ဒါပေမယ့် Happy New Year လို့ အော်ပြီးတိုင်း ကျမက ဆုတောင်းလေး တစ်ခုကို အမြဲတမ်းပဲ
ဆုတောင်းတယ်။ “ပန်းကလေးတိုင်းလည်း ဖူးပွင့်နိုင်ကြပါစေ၊ စမ်းရေတိုင်းလည်း အေးမြကြည်လင်ကြပါစေ၊
ဂျီမတိုင်းလည်း လှပအသက်ရှည် ကြပါစေ”လို့လေ။ ကျွန်မရဲ့ ဆုတောင်းလေးလဲ ပြည့်မယ် ထင်ပါတယ်ရှင်။

ရွှေမန်းသူလေး

August
3, 2010

Coloursrainbow - စက္ကူပန်းလေး
တစ်ပွင့်ရဲ့ ဒိုင်ယာရီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top