2
Dec

စစ်ဖိနပ်အောက်က အကာအကွယ်မဲ့ သေဆုံးမှုများ

(ဒီနေ့) ဒီဇင်ဘာလ
၁ ရက်နေ့ဟာ ၂၁ ကြိမ်မြောက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ပါ။ ကမ္ဘာတ၀န်းက ပြည်သူတွေဟာ
အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေကြပါလိမ့်မယ်။ UNAIDS ရဲ့ ခန့်မှန်းချက်အရ၊
ကမ္ဘာတ၀န်းမှာ ကလေးသူငယ် ၂.၅ သန်းအပါအ၀င် အိပ်ခ်ျအိုင်ဗွီပိုးရှိနေသူ ၃၃.၂ သန်း
ရှိပါတယ်။ ၂၀၀၇ ခုနှစ် အတွင်းမှာကို ရောဂါပိုးကူးစက်ခံရသူ ဝေဒရှင် အသစ် ၂.၅ သန်း
ရှိလာပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အိပ်ခ်ျအိုင်ဗွီ ပိုးရှိသူရဲ့ တ၀က်လောက်ဟာ
အသက်(၂၅)နှစ် မတိုင်ခင်မှာ ကူးစက်ခံလာရတာဖြစ်ပြီး၊ အသက် (၃၅)နှစ် မတိုင်ခင်မှာ
အေအိုင်ဒီအက်စ် ရောဂါနဲ့ သေဆုံးကြရပါတယ်။ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ဝေဒနာရှင်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်ကြသူတွေပါ။
ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ တိုက် ကြီးတိုင်းက အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် အားလုံးကို
ဒီနေ့ အိပ်ခ်ျအိုင်ဗွီပိုးက ခြိမ်းခြောက်နေပါပြီ။

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဆိုတာ
ကမ္ဘာပေါ်မှာ အိပ်ခ်ျအိုင်ဗွီပိုးလည်း ရှိနေဆဲ၊ ကူးစက်ခံရစရာ အကြောင်းတွေလည်း
အများကြီး ဖြစ်ထွန်းနေဆဲပဲဆိုတာ ကမ္ဘာ့ပြည်သူတွေကို သတိပေးဘို့ အရေးကြီးတဲ့
နေ့တစ်နေ့ပါ။ အေအိုင်ဒီအက်စ်နေ့ဟာ ကမ္ဘာတ၀န်း အဲသလို အဓိပ္ပါယ်တွေရှိနေပေမယ့်၊
ဗမာပြည်မှာတော့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် တွေအတွက်
ကူညီဆောင်ရွက်ပေးနေသူတွေဟာ စစ်အစိုးရ အာဏာပိုင်တွေရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုကို
နေ့စဉ်နဲ့အမျှ ခံနေကြရပါတယ်။

            အိပ်ခ်ျအိုင်ဗွီ
ဝေဒနာရှင်တွေကို စောင့်ရှောက်တဲ့ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်က
မဂ္ဂင်ကျောင်းတိုက်ဆိုရင် ၂၀၀၇ခုနှစ် စက်တင်ဘာလက စစ်အစိုးရအာဏာပိုင်တွေရဲ့
အကြမ်းဖက်စီးနင်း ၀င်ရောက်သိမ်းပိုက်မှုကို ခံခဲ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရ
စစ်သားတွေ၊ အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေ ဘုန်းကြီးကျောင်းကို
စီးနင်းဝင်ရောက်ပြီး၊ အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်လေးဦးနဲ့ ကျောင်းထိုင်ဆရာတော်အပါအ၀င်
သံဃာလေးပါးကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ပြီးတဲ့အခါ
မြန်မာစစ်အစိုးရအာဏာပိုင်တွေဟာ မဂ္ဂင် ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်ပြီး၊
အဲဒီကျောင်းတိုက်မှာ နေထိုင်ကြတဲ့ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဝေဒနာရှင်
တဒါဇင်နဲ့ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ထောက်ခံသူတွေလို့ သံသယရှိတဲ့ သံဃာအများအပြားကိုလည်း နှင်ထုတ်ပစ်လိုက်ပါတယ်။

            အိပ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ် လုပ်သားတွေကို ဖမ်းဆီးတယ်၊ ခြိမ်းခြောက်တယ်ဆိုတာဟာ လုပ်အားပေးနေသူအတွက်
အနှောင့်အယှက်ဖြစ်စေရုံသာမက၊ ဝေဒနာရှင်တွေကို လည်း အားငယ်ထိတ်လန့် သွားစေပါတယ်။
ကူညီဆောင်ရွက်နေသူတွေဟာ အန်ဂျီအိုတွေရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကနေ
ဆေးကုသမှုရဘို့၊ ဝေဒနာရှင်တွေအတွက် ယာယီ နေထိုင်စရာတွေရဘို့၊ အစားအသောက်နဲ့
ဆေးဝါးပစ္စည်းတွေ ၀ယ်ပေးဘို့စတဲ့ တာဝန်တွေအမြောက်အမြားကို လုပ်ဆောင်ပေးကြတာပါ။
သူတို့ဟာ ဝေဒနာရှင်မိဘတွေသေဆုံး သွားပြီး ကျန်နေခဲ့တဲ့ ကလေးတွေအတွက် တာဝန်တွေ၊
မိဘမဲ့ဂေဟာတွေ ပို့ဘို့ကိစ္စတွေကိုလည်း တာဝန်ယူလုပ်ကိုင်ပေးနေသူတွေပါ။

            နိုဝင်ဘာလ
၂၅ ရက်နေ့က ဘန်ကောက်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ နိုင်ငံတကာ
ဆေးဘက်ဆိုင်ရာ အထောက်အကူပေးရေးအုပ်စုဖြစ်တဲ့ နယ်စည်းမခြား ဆရာ ၀န်များအဖွဲ့(MFS)အဖွဲ့က
မြန်မာစစ်အစိုးရဟာ အာရှနိုင်ငံတွေမှာ အဆိုးဆုံးကူးစက်ရောဂါတွေထဲက တစ်ခုဖြစ်တဲ့
အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် သူတို့ အခုပဲဆောင်ရွက်ရမယ်လို့
ပြောပါတယ်။ MSF ရဲ့ နောက်ဆုံးအစီရင်ခံစာအရ အသက်ကယ်ကုသမှုတွေကို
တိုးမြှင့်မလုပ်ဆောင်ဘူးဆိုရင်  မြန်မာနိုင်ငံမှာ
ဒီနှစ် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါနဲ့ လူ ၂၅၀၀၀ လောက်သေလိမ့်မယ်လို့
ဆိုထားပါတယ်။

            အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုးတားဆီးဆေးအတွက်
လိုအပ်တဲ့ ငွေကြေးမရှိဘူးဆိုရင် လာမယ့်နှစ်မှာ အဲဒီရောဂါနဲ့ လူပေါင်း ၂၄၀၀၀
သေဆုံးနိုင်ပြီး၊ ၂၀၀၇ ခုနှစ် တစ်နှစ်တည်းမှာကို အေအိုင်ဒီအက်စ်နဲ့ဆက်စပ်တဲ့
ရောဂါတွေနဲ့ လူ ၂၅၀၀၀ သေဆုံးခဲ့ပါတယ်လို့ MSF က ဆိုထားပါတယ်။

နိုဝင်ဘာ ၂၅
ရက်နေ့က ဘန်ကောက်မှာ ထုတ်ပြန်ခဲ့တဲ့ MSF ရဲ့ အစီရင်ခံစာမှာ
စစ်အစိုးရအုပ်ချုပ်နေတဲ့ နိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်
ခန့်မှန်းခြေ ၂၄၀၀၀၀ လောက်ရှိမယ်လို့ ယူဆရကြောင်း ဖေါ်ပြထားပါတယ်။ အဲဒီသူတွေထဲက
၇၆၀၀၀ ဟာ လတ်တလောချက်ချင်းကို အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ပိုးတားဆီးဆေး
လိုအပ်နေပါတယ်။ ဒါပေမယ့် အဲဒီ လိုအပ်နေသူတွေထဲက ၂၀ ရာခိုင်နှုန်းအောက်သာ
အခုလက်ရှိမှာ အဲဒီဆေးရကြပါတယ်။

            A
Preventable Fate: The Failure of ART Scale-up in Myanmar
” လို့ နာမည် တပ်ထားတဲ့
အစီရင်ခံစာထဲမှာ စစ်အစိုးရ၊ ကုလသမဂ္ဂ နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေက လူနာ ၄၀၀၀ ကို
ကုသမှုပေးနေတဲ့အချိန်မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MFS)က လူနာ ၁၁၀၀၀ ကို ကုသဘို့
ထောက်ပံ့ကူညီနေတယ်လို့ ဆိုထားပါတယ်။

            “ဒီအရေးကြီးလှတဲ့
အခက်အခဲအကြပ်အတည်းထဲမှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် တအုံတမကြီးကို အန်ဂျီအို
တစ်ခုတည်းက ကုသမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ လုံးဝ လောက်လုံမှု မရှိ လို့ပါ။
လိုအပ်တာသမျှကို ကျနော်တို့ မဖြည့်ဆည်းနိုင်ပါဘူး။ ဒါကြောင့် တတ်နိုင်တဲ့သူတွေ
ဒီတာဝန်ကိုယူကြဘို့ ကျနော်တို့ဖိတ်ခေါ်ပါတယ်။” လို့ MSF ရဲ့ လုပ်ငန်းဖော်ဆောင်မှု
မန်နေဂျာ ဂျိုးဘီလစ်ဘူးက ပြောပါတယ်။

            အစိုးရနဲ့
နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ဒီအခက်အခဲအတွက် တကယ့်ကို နည်းနည်းလေးပဲ ထောက်ပံ့တာပါ
လို့လည်း ဘီလစ်ဘူးက ဆိုပါတယ်။

            ၂၀၀၈
ခုနှစ်မှာ စစ်အစိုးရဟာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ကုသဘို့
ပေးထားတဲ့ ဒေါ်လာ ၂၀၀၀၀၀ လောက်ထဲက ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူ တစ်ယောက်ကို
ဝ.၇ စင့်နဲ့ ညီမျှတဲ့ ထောက်ပံ့မှုပဲ ပေးပါတယ်။ လောင်စာဆီနဲ့ ဓါတ်ငွေ့ ရောင်းပြီး
တိုးပွားနေတဲ့ဝင်ငွေနဲ့အတူ၊ စစ်အစိုးရဟာ အားနည်းနေတဲ့ ကျန်းမာရေး လုပ်ငန်းထဲမှာ
ပိုမို သုံးစွဲရပါမယ်၊ အထူးသဖြင့် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကုသမှုနဲ့
စောင့်ရှောက်မှုအပိုင်းမှာ ပိုမိုသုံးစွဲဘို့လိုကြောင်း MSF အစီရင်ခံစာက
ဆိုထားပါတယ်။

            သူ့ရဲ့
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် အနောက်နိုင်ငံတွေက စီးပွားရေး အရေးယူမှုတွေ လုပ်ခံထားရတဲ့
ဗမာ(မြန်မာ)နိုင်ငံဟာ မနှစ်က ထိုင်းနိုင်ငံကို သဘာဝဓါတ်ငွေ့ တင်ပို့မှုကနေ ဒေါ်လာသန်း
၂၇၀၀  ၀င်ငွေရှိကြောင်း အစိုးရအရာရှိတွေဆီက
ရတဲ့အချက်အလက်တွေနဲ့၊ အပတ်စဉ်ထုတ် မြန်မာတိုင်းစ် ဂျာနယ် ၂၀၀၈ နိုဝင်ဘာမှာ
ဖေါ်ပြထားပါတယ်။

            အကူအညီပေးတဲ့
အဖွဲ့အစည်းတွေက မပေးနိုင်တဲ့ဆေးတွေအတွက်၊ လူနာတစ်ယောက်အတွက် မြန်မာစစ်အစိုးရရဲ့
ကုန်ကျစာရိတ်ဟာ တစ်လကို ၂၉ ဒေါ်လာရှိပါတယ်။ တစ်နေ့ဝင် ငွေ ၁.၂၀ ဒေါ်လာပျမ်းမျှရှိကြတဲ့
မြန်မာပြည်သူအများစုဟာ ဆင်းရဲကြတာမို့ ဆေးဘိုးကုန်ကျစာရိတ်ဟာ လူနာတွေအတွက် အလွန်ဈေးမြင့်မားပါတယ်။
စစ်အစိုးရဟာ ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဘိုးရဲ့ ခန့်မှန်းခြေ ၀.၃
ရာခိုင်နှုန်းသာ ကျန်းမာရေးအတွက် သုံးစွဲပါတယ်။ ကမ္ဘာပေါ်မှာတော့ အနည်းဆုံး သုံးစွဲတဲ့
နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

            အကူအညီပေးတဲ့
အဖွဲ့အစည်းကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဒီအခက်အခဲကို ဖြေရှင်းတဲ့နေရာမှာ
ထိထိရောက်ရောက် ပါဝင်ကြဘို့ မေတ္တာရပ်ခံထားပါတယ်။ လက်ရှိ မှာ မြန်မာနိုင်ငံဟာ
အကူအညီနဲ့ပတ်သက်လို့ ဝေဒနာရှင်တစ်ဦးကို ၃ ဒေါ်လာပတ်ဝန်းကျင်နှုန်း လက်ခံရရှိထားပါတယ်။
ဒေသတွင်းက တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးနှုန်း ထားတစ်ခု ဖြစ်နိုင်ပါတယ်။
အဲသလို ဖြစ်ရတဲ့ အကြောင်းတစ်ခုကတော့ နိုင်ငံတကာအလှူရှင်အဖွဲ့တွေဟာ
စိတ်ပျက်စရာကောင်းလှတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းတွေကြောင့် အကြီးအကျယ်
ဝေဖန်ခံနေရတဲ့ တစ်ယူသန် စစ်အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံကို ပေးကမ်းကူညီဘို့
စိတ်မပါ လက်မပါ ဖြစ်နေကြတာ ဖြစ်နိုင်ပါတယ်။

            ထိန်းသိမ်းခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်နေတဲ့
အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် လုပ်ငန်းတစ်ခုကိုလည်း စစ်အစိုးရ အာဏာပိုင်တွေဟာ
အချိန်တိုင်းမှာ အနှောင့်အယှက်အဟန့်အတားတွေ လုပ်နေပါတယ်။ အာဏာပိုင်တွေဟာ ကပ်ရောဂါဝေဒနာကြီးကို
ခံစားနေကြရတဲ့ လူနာတွေကို မဖြစ်မ နေ လိုအပ်တဲ့ အကူအညီတွေ
လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားတွေ၊ လုပ်အားပေးနေသူတွေကို တားဆီးဟန့်တားနေတဲ့အတွက်
အိပ်ခ်ျအိုင်ဗွီ ကူးစက်ရောဂါ အန္တရာယ် တိုးမြှင့်နေပြီး၊ အသက်အန္တရာယ်တွေရှိအောင် လုပ်နေတာမျိုး
ဖြစ်နေပါတယ်။

            လွန်ခဲ့တဲ့
နှစ်နှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင်၊ ပြည်သူ့ကျန်းမာရေး ဂျွန်ဟော့ကင်းစ်
ဘလွန်းဘဂ့်ကျောင်းက ဒေါက်တာခရစ်ဘေရာရဲ့ သုတေသနအဖွဲ့ဟာ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆
ခုနှစ်တွေမှာ မြန်မာပြည်ထဲကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ
အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားနဲ့ ကြက်ငှက်တုပ်ကွေး ရောဂါတွေနဲ့ပတ်သက်တဲ့ ဆေးဘက်
ဆိုင်ရာ၊ ပေါ်လဆီဆိုင်ရာ စာအုပ်စာပေတွေကိုလည်း ရှာဖွေခဲ့ပါတယ်။     

            သုတေသနပြုသူတွေက
စစ်အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆိုင်တဲ့ ရင်းနှီးမြုပ်နှံမှုဟာ
ကမ္ဘာပေါ်မှာရင်းနှီးမြုပ်နှံမှု အနည်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ကြောင်း၊
ကျန်းမာရေးကဏ္ဍဟာလည်း အကျင့်ပျက်လာဒ်စားမှုတွေနဲ့ အားနည်းချိနဲ့နေတဲ့
ကဏ္ဍတစ်ခုဖြစ်နေကြောင်းတို့ကို တွေ့ရှိခဲ့ပါတယ်။ စစ်အစိုးရ ဒါမှမဟုတ်
နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးတိုး တက်ရေးကောင်စီ (SPDC) ဟာ ကျန်းမာရေး
ကျွမ်းကျင်သူတွေကို မမွေးထုတ်ဘဲ၊ ရင်းနှီးမြုပ်နှံမှုတွေ နည်းပါးလွန်းတာကြောင့်
ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာ အခြေခံလိုအပ်ချက် တွေ အားနည်းနေကြောင်းလည်း ဘီရာနဲ့
သူ့သုတေသနအဖွဲ့က ဆိုထားပါတယ်။

            မြန်မာအာဏာပိုင်စစ်အစိုးရဟာ
သူ့ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် တော်တော်လေး ရှုံ့ချခံခဲ့ရပါတယ်။ ၂၀၀၅
ခုနှစ် သြဂုတ်လမှာ ဒီအကြောင်းကြောင့်ပဲ အိပ်ခ်ျအိုင် ဗွီ၊ တီဗွီ၊
ငှက်ဖျားရောဂါတွေကို တိုက်ဖျက်နေတဲ့ ဂလိုဘယ်လ်ဖန်းအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအတွက်
သုံးစွဲဘို့ရှိတဲ့ ဒေါ်လာသန်းပေါင်း ၉၈.၄ သန်းကို မပေးဘဲ ရုတ်သိမ်းသွားခဲ့ပါ တယ်။
စစ်အစိုးရ ဟာ နွေးထွေးမှုပေးနိုင်တဲ့ ကူညီသူတွေကို ရှာဖွေနေတဲ့ အိပ်ခ်ျအိုင်ဗွီ
ဝေဒနာရှင်တွေယာယီနေထိုင်တဲ့ နေရာတွေဆီကိုသွားကြမယ့် အကူအညီပေးလုပ်သားတွေ၊
စာနယ်ဇင်းသမားတွေ၊ သံတမန်တွေကို သွားလို့မရအောင် တားဆီးလေ့ရှိပါတယ်။

            လူသားချင်းစာနာမှုကိစ္စတွေနဲ့
မြန်မာနိုင်ငံကို ၀င်ရောက်မယ့် နိုင်ငံခြားသားတွေဆိုရင် ဗီဇာနဲ့ပတ်သက်တဲ့
အခက်အခဲတွေ ကြုံရပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ
ဘေးဒုက္ခတွေကို အာရုံထားဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြီးအကဲ
မစ္စတာ ချားလ်စ် ပက်ထရီကို တိုင်းပြည်က နှင်ထုတ် ပစ်လိုက်တာဟာ ဥပမာ တစ်ခုပါပဲ။

            နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့
နောက်ဆုံးအစီရင်ခံစာထဲမှာ စစ်အစိုးရအုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ ကုသမှုအတွက်လိုအပ်တဲ့
အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် အသက်ကယ် ဆေးတွေ ဆိုးဆိုးရွားရွား ပြတ်လတ်မှုကြောင့်
လူထောင်ပေါင်းများစွာဟာ မလိုအပ်ဘဲ သေဆုံးနေရပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အစိုးရ
ကြီးစိုးနေတဲ့နိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီဝေဒနာ ရှင်တွေရဲ့ ကံကြမ္မာဟာ ကုလသမဂ္ဂနဲ့
အာဆီယံ ဘယ်လိုစဉ်းစား ပေးမလဲဆိုတဲ့အပေါ်မှာ မူတည်နေတော့ကြောင်း၊
နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ “A Preventable Fate: The Failure of ART Scale-up
in Myanmar” အစီရင်ခံစာမှာလည်း ဖေါ်ပြထားပါတယ်။

 (အာရှ ထရွိုင်ဗျူးမှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁
ရက်နေ့က ဖေါ်ပြထားတဲ့ ဆောင်းပါးရှင် ဇင်လင်းရဲ့ Unpreventable death under military
boots ဆောင်းပါးကို မြန်မာလို ဘာသာပြန် ထားပါတယ်။)       

                                                                                                                                    တင်အေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top