မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး ဒုက္ခအခြေအနေအတွက် စစ်အစိုးရ အာဏာပိုင်တွေဘက်က အချိန်မီ အကူအညီ တောင်းခံလာဖို့ မျှော်လင့်ထားတယ်လို့ Global
Fund ရောဂါ ၃ မျိုး တိုက်ဖျက်ရေး ရန်ပုံငွေအဖွဲ့က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ဖော်ပြောကြားပါတယ်။
ဂလိုဘယ်ဖန်းအဖွဲ့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာအခြေစိုက်ပြီး၊ HIV/
AIDS၊ အဆုတ်နဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေ ထောက်ပံ့ရေး လုပ်ငန်းတွေကို ကမ္ဘႝာ့နိုင်ငံပေါင်း ၁၃၀ကျော်မှာ လုပ်ကိုင်နေပါတယ်။
ဂလိုဘယ်ဖန်းအဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ရောဂါ ၃ မျိုး တိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ဖူးပေမယ့် စစ်အစိုးရအာဏာပိုင်တွေရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိတော့ပဲ ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံကနေ အပြီးအပိုင် ရုပ်သိမ်းသွားခဲ့ပါတယ်။ ဂလိုဘယ်ဖန်းအဖွဲ့ ရုပ်သိမ်းသွားခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်အတွင်းမှာ ဥရောပနိုင်ငံတချို့ပါဝင်တဲ့ Three D Fund အဖွဲ့ အစားထိုး ဝင်ရောက်လာခဲ့ပေမဲ့ ရန်ပုံငွေ လိုအပ်ချက်ကို အပြည့်အဝ
ဖြည့်ဆည်း ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Global Fund ရဲ့ အဆင့်မြင့်အရာရှိ ၄ ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို အကူအညီ ပေးနိုင်ရေးအတွက် အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ရည်ရွယ် သွားရောက်ခဲ့တာ ဖြစ်တယ်လို့ Global Fund အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခ မီရှဲ ခါဇတ်ရှ်ခင်း Michel Kazatchkine က RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေအပါအဝင် ပုဂ္ဂလိက အဖွဲ့အစည်းတွေဘက်ကပါ Global Fund ထံက ရန်ပုံငွေကို ဘယ်လိုလျှောက်ထားရမယ်ဆိုတာ ရှင်းပြနိုင်အောင် သွားရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်၊ လျှောက်လွှာတင်တဲ့အဆင့် အားလုံး ချောချောမောမော ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပါမောက္ခ ခါဇတ်ရှ်ခင်း ပြောပါတယ်။
မြန်မာအာဏာပိုင်တွေဟာ Global
Fund အဖွဲ့အတွက် ရန်ပုံငွေထည့်ဝင်နေတဲ့ နိုင်ငံကြီးတချို့အပေါ် စိုးရိမ်မှုကြောင့် လွန်ခဲ့တဲ့ နှစ်တွေအတွင်း Global
Fund အဖွဲ့ထံကနေ အကူအညီတောင်းခံဖို့ နောက်တွန့်နေတာ ဖြစ်တယ်လို့လည်း ပါမောက္ခ မီရှဲ ခါဇတ်ရှ်ခင်း က ပြောပါတယ်။ ဒါပေမဲ့ အခုနှစ်အတွင်းမှာတော့ Global Fund ထံက ရန်ပုံငွေ အကူအညီရရှိရေးကို အချိန်မီ တောင်းခံလာမဲ့ အလားအလာတွေ မြင်တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။
အခုနှစ်အတွက် လျှောက်လွှာတင်ရမဲ့ နောက်ဆုံးရက်က ဇွန်လ ၁ ရက်နေ့ပါ၊ မြန်မာအာဏာပိုင်တွေဘက်က အချိန်မီ လျှောက်ထားလိမ့်မယ်လို့ မျှော်လင့်ကြောင်း Global
Fund အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပြောသွားပါတယ်။
ဂလိုဘယ်ဖန်းအဖွဲ့ကြီးရဲ့ လုပ်ငန်းရန်ပုံငွေအတွက် အမေရိကန်ပြည်ထောင်စုက ၃၀ရာခိုင်နှုန်းနှစ်စဉ် အများဆုံးထည့်ဝင်နေပါတယ်။ အခုနှစ်အတွင်း ကမ္ဘႝာ့ငွေကြေး အကျပ်အတည်း ပြဿနာကြောင့် လာမဲ့နှစ်အတွက် Global
Fund ရဲ့ ရန်ပုံငွေ ဒေါ်လာ ၄ဘီလျံလောက် လျော့ကျသွားနိုင်တယ်လို့ Global
Fund အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခ မီရှဲ ခါဇတ်ရှ်ခင်း Michel
Kazatchkine က ပြောပါတယ်။
ပါမောက္ခ ခါဇတ်ရှ်ခင်းကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဗန်ကောက်မြို့မှာ တွေ့ဆုံ မေးမြန်းထားပါတယ်။
သောတရှင်များခင်ဗျာ ဂလိုဘယ်ဖန်းလို့ခေါ်တဲ့
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ အဆုရောင်နဲ့၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး
ရန်ပုံငွေအဖွဲ့ကြီးဟာ မြန်မာစစ်အစိုးရရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့်
မြန်မာနိုင်ငံထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့တာ ၂၀၀၅ခုနှစ် သြဂုတ်လ ကတည်းကဆိုတော့
ခုဆိုရင် သုံးနှစ်လောက်ရှိသွားခဲ့ပါပြီ ဒီအတောအတွင်း ဂလိုဘယ်ဖန်းရဲ့ အဆင့်မြင့်
ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းက မြန်မာပြည်ကို
သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာပြည်ကို ကျန်းမာရေး အကူအညီတွေ
ပြန်လည်ပေးအပ်နိုင်ဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်လို့ ဂလိုဘယ်ဖန်းအဖွဲ့ရဲ့ အမှုဆောင်
ညွှန်ကြားရေးမှူး ပါမောက္ခ “မီရှယ်ကာဆယ်ကင်း” ကပြောပါတယ်။ ဒီလိုဆိုရင် မြန်မာပြည်မှာ
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် မြင်တွေ့နေရတဲ့
အခြေအနေတွေ တွေ့ရလို့လား မြန်မာပြည်သူတွေအတွက် အကူအညီတွေပေးဖို့ ဂလိုဘယ်ဖန်း
အဖွဲ့ကြီးက ခုလိုစိတ်ထက်ထက်သန်သန်နဲ့ ဘာ့ကြောင့် ကြိုးပမ်းဆောင်ရွက် နေသလဲဆိုတာ
မေးကြည့်တဲ့အခါ ပါမောက္ခ “မီရှယ်ကာဆယ်ကင်း” ပြောပြတာက
“မြန်မာပြည်မှာ ဂလိုဘယ်ဖန်းအတွက် အလုပ်ဆက်လုပ်လို့
မရနိုင်လောက်အောင် များတဲ့အတွက် ၂၀၀၅ခုနှစ်က လုပ်ငန်းတွေ ရုပ်သိမ်းခဲ့တာ မှန်ပါတယ်။
ခုလက်ရှိအခြေအနေ တွေမှာ လုပ်ရကိုင်ရတာတွေ ပိုလွယ်မလား ပိုခက်လာမလား ဆိုတာကတော့
မသိပါဘူး ကျတော် သိတာကတော့ မြန်မာပြည်ဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့
အခြေအနေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်ဆိုတာပါဘဲ။ မြန်မာပြည်သူ ပြည်သားတွေဟာ
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ အဆုတ်ရောဂါ နဲ့ ငှက်ဖျားရေဂါ တွေအတွက်
အကူအညီလိုအပ်ချက်ဟာ အင်မတန်ကြီးမားနေပါတယ်။ ဒါ့ကြောင်ဘဲ ဂလိုဘယ်ဖန်း အပါအဝင်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကုလသမဂ္ဂ အေအိုင်ဒီအက်ရောဂါတိုက်ဖျက်ရေး စတဲ့ ကုလသမဂ္ဂ
လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ဥရောပ ကော်မရှင်စတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက
မြန်မာအာဏာပိုင် တွေကို ဒီအခြေအနေတွေကို နားလည်သဘောပေါက်လာအောင် ဝိုင်းပြီးတော့
ရှင်းပြနေကြရတာပါ။ ဂလိုဘယ်ဖန်းအဖွဲ့ဆီက ရန်ပုံငွေရရှိရေး လျောက်လွှာ တင်လာအောင်လဲ
ဝိုင်းပြီးတော့ တိုက်တွန်းနေကြရတာပါလို့ ပါမောက္ခ “မီရှယ်ကာဆယ်ကင်း” ပြောသွားတာပါ။
ဒီလိုဆိုရင် ဂလိုဘယ်ဖန်း အပါအဝင် နိုင်ငံတကာ
အဖွဲ့အစည်းတွေကနေ မြန်မာအာဏာပိုင်တွေကို ဝိုင်းပြီးတော့ တိုက်တွန်းနေကြတာတော့
ဟုတ်ပါပြီ မြန်မာစစ်အစိုးရ ဘက်ကကော စိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိပါသလဲခင်ဗျ။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်တုန်းက ကျတော်တို့
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး အဖွဲ့နဲ့ သိရိလင်္ကကာ နိုင်ငံမှာ
လူချင်းတွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ဂလိုဘယ်ဖန်း အဖွဲ့ဆီကနေ ရန်ပုံငွေတွေ ရအောင်
လျောက်လွှာတင်ဖို့ ကျတော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေ ဘက်က
အကူအညီတောင်းဖို့ အင်မတန်မှ တွန့်ဆုတ်နေပြီးတော့ စဉ်းစားတွေဝေနေတယ်လို့ ကျတော်
အကဲခတ်လို့ ရခဲ့ပါတယ်။ ဒီအတွင်းမှာ အချိန်သုံးနှစ်လောက် ကြာသွားခဲ့ပါတယ် ခုတော့
မြန်မာအာဏာပိုင်တွေ ကူညီရအောင်ဆိုပြီးတော့ ဂလိုဘယ်ဖန်းအဖွဲ့ ထံကနေ လျောက်လွှာ
တင်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လျောက်ထားချက်လဲ အောင်မြင်လိမ့်မယ်လို့
ကျတော်ယုံကြည်ပါတယ်။အောင်မြင်မယ် ဆိုလို့ရှိရင် ငွေကြေးထောက်ပံ့မှုတွေကို
ထင်သာမြင်သာရှိရှိ လုပ်ဆောင် နိုင်အောင် သင့်တော်တဲ့ အခြေအနေတစ်ခု ရှာဖွေပြီးတော့
ဖန်တီးရမှာပါ။ ထင်သာမြင်သာ ရှိရေးကတော့ ဂလိုဘယ်ဖန်းအဖွဲ့ရဲ့ ရန်ပုံငွေ
ထောက်ပံ့ရေးတွေအတွက် အခြေခံစည်းမျဉ်း တစ်ခုဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေ ဘက်ကပေါ့လေ လျောက်လွှာတင်ဖို့
ဘာကြောင့်များ တွန့်ဆုတ်နေသလဲလို့ ထင်ပါသလဲခင်ဗျာ။ မြောက်ကိုရီးယား တို့လိုပေါ့လေ
တခြားမြန်မာလို ခေါင်းမာတဲ့ ကမ္ဘာနိုင်ငံတစ်ချို့က အစိုးရတွေနဲ့
ဂလိုဘယ်ဖန်းအဖွဲ့ရဲ့ ဆက်ဆံရေးမှာကော ဘယ်လိုတွေ ရှိပါသလဲခင်ဗျာ။
ဂလိုဘယ်ဖန်း အဖွဲ့ကြီးဟာ အီရန်၊ ဆူရန် ၊
မြောက်ကိုရီးယား စတဲ့နိုင်ငံတွေကို ရန်ပုံငွေ ရနိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။
မြန်မာနိုင်ငံ ဆိုရင်လဲ ရန်ပုံငွေရဖို့ သင့်တော်တဲ့ နိုင်ငံတစ်ခုပါဘဲ။
မြောက်ကိုရီးယား ဆိုရင် လျောက်လွှာ တင်ထားပြီးပါပြီ။ အီရန်နိုင်ငံမှာ ဆိုရင်လဲ လုပ်ငန်းတွေကို
တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေပါတယ်။ မြန်မာစစ်အစိုးရ ကတော့ ဂလိုဘယ်ဖန်းအတွက်
အလှူငွေထည့်ဝင်တဲ့ အလှူရှင်နိုင်ငံတွေက နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးပမ်းတယ်
ဆိုတဲ့အမြင်နဲ့ ကြည့်နေတာပါ။ ဂလိုဘယ်ဖန်းကတော့ ရောဂါရှိသူတွေကို ကူညီဖို့လောက်ပဲ
အာရုံစိုက်ပြီး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပါ။ အစိုးရတွေကို အာရုံမထားပါဘူး။
ဟုတ်ကဲ့ခင်ဗျာ ဂလိုဘယ်ဖန်းအဖွဲ့ မြန်မာပြည်ကနေ
ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဥရေပနိုင်ငံတွေ ပါဝင်တဲ့ 3D Fund ရန်ပုံငွေ
အဖွဲ့ကနေပြီးတော့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 3D Fund လုပ်ဆောင်နေတဲ့
အခြေအနေ အပေါ်မှာပေါ့လေ အားနည်းချက် အားသာချက်တွေ ဘာတွေတွေ့ရသလဲဆိုတာ
နောက်ဆုံးအနေနဲ့ သုံးသပ်ပေးစေချင်ပါတယ် ခင်ဗျ။
ဒီ ဥရောပအဖွဲ့ကတော့ ရန်ပုံငွေတွေကို စဉ်ဆက်မပြတ်
ရရှိနိုင်အောင် အကောင်းဆုံးထားပြီးတော့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့
အကြောင်းမလှတော့ ရန်ပုံငွေရရှိမှု အနေအထားဟာ တကယ့်လိုအပ်ချက်နဲ့
နှိုင်းယှဉ်မယ်ဆိုရင် အများကြီးနည်းနေတာ တွေ့ရပါတယ်။ တစ်ကယ်လို့
မြန်မာအာဏာပိုင်တွေဘက်က အကူအညီရရှိရေး ဆက်သွယ် လျောက်ထားလာမယ်ဆိုရင် ရန်ပုံငွေ
လိုအပ်ချက်တွေကို အလုံးအရင်းနဲ့ ဖြည့်ဆည်းဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မြန်မာအာဏာပိုင်တွေလဲ လျောက်လွှာပိတ်ရက် မတိုင်ခင်လျောက်ထား လာလိမ့်မယ်လို့
ယုံကြည်ပါတယ်လို့လဲ ဂလိုဘယ်ဖန်း လို့ခေါ်တဲ့ ရောဂါသုံးမျိုးတိုက်ဖျက်ရေး
ရဲ့အမှုဆောင် ညွှန်ကြားရေးမှူး ပါမောက္ခ “မီရှယ်ကာဆယ်ကင်း” ကပြောသွားပါတယ်ခင်ဗျာ။
RFA: 20/4/09
“စစ်အစိုးရ အချိန်မီ အကူအညီ တောင်းဖို့ Global
Fund မျှော်လင့်”
အသံဖိုင် အောက်တွင်ရယူပါ။




