သူနှင့်သာဆို၊
မတွေ့လိုပါကွေ့ပတ်လှည့်သွား၊
ဝင်္ကပါများလို
ကမ္ဘာကြီးပင် ခြားပစ်ချင်၏။
အဲဒီနေ့က
ကိုကောင်းထက် သေတယ်။ နံနက် ခုနစ်နာရီ တိတိ။ အသက်က သုံးဆယ့်တစ်၊ ဘာရောဂါလဲလို့တော့ မမေးနဲ့။
အသုဘ လိုက်ပို့သူတွေ အားလုံးက တစ်ပြိုက်နက်တည်း ဖြေကြ လိမ့်မယ်။
“ခေတ်ရောဂါ”
တိုင်ကပ်နာရီဆီက
ဒေါင်ဒင်မြည်သံ ဆယ့်တစ်ချက် တီးလို့မှ မကြာသေးဘူး။ လမ်းထိပ်မှာ ကြေးစည်သံ တညံညံက ထွက်လာပြီ။
ဆယ်ယောက် သာသာလောက်ပဲ ရှိမယ့် လူတစ်စု။ လွမ်းသူမပါ။ ငိုသူကင်းမဲ့။ တကယ့်ကို တိတ်တိတ်
ဆိတ်ဆိတ်။
“ကိုတိုး
ဘယ်လဲ”
အိမ်ရှေ့ကို
ခြေတစ်လှမ်း လောက လှမ်းလိုက်တယ် ဆိုရင်ပဲ ဘယ်အချိန်ကတည်းက ရောက်နေကြမှန်း မသိတဲ့ ကိုလင်းတို့
စုံတွဲက ကမန်းကတန်း လှမ်းမေးကြတယ်။
“ငါ
ကိုကောင်းထက်ကို လိုက်ပို့မလို့” ပြောပြောဆိုဆိုပဲ လမ်းထဲကို ကျွန်တော်ဆင်း ထွက်လာ
လိုက်တယ်။ ရပ်နေရင် သူတို့အတွဲက
သေချာပေါက်
တားနေကြဦးမှာ။
မြနန္ဒာ
သုသာန်ကို ရောက်တော့ ဆယ့်နှစ်နာရီတောင် ထိုးလုနေပြီ။ သုသာန်ဇရပ်ထဲမှာ ဘုန်းကြီးက တစ်ပါးတည်း။
တကယ်တော့ လူဆယ်ယောက်နဲ့ ဘုန်းကြီးတစ်ပါးဆိုတာ သေဆုံးသူရဲ့ နောက်ဆုံး ခရီးအတွက် လုံလောက်
နေပါပြီ။ စစ်မြေပြင်မှာ အတုန်းအရုံး ကျရှုံးခဲ့ကြတဲ့ တောတောင်တွေထဲက အပုပ်ကောင်တွေ၊
သဘာဝဘေးကြောင့် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြတဲ့ သေဆုံးသူတို့ ခန္ဓာကိုယ်တွေ နဲ့စာရင်
ကိုကောင်းထက် အများကြီး အပြန်လမ်း ဖြောင့်ပါတယ်လို့ ကိုကောင်းထက် အစား စိတ်ဖြေ လိုက်တယ်။
“ဘတင့်တို့အဖွဲ့
မင်းတို့က ခြေရင်းကမ”
အလောင်းကို
မြေချဖို့ ဝိုင်းဝန်းသူတွေ တရုံးရုံး လှုပ်ရှားနေတာ မြင်တော့မှ အသိဝင် လာတယ်။ ကျွန်တော်
ကိုကောင်းထက်ကို နောက်ဆုံး နှုတ်ဆက်ဦးမှ။
လူတစ်စုရှိရာကို
အသာလှမ်းသွားပြီး ခြောက်ပေကျင်းထဲကို အသေအချာ ငုံ့ကြည့်လိုက် မိတော့-
“ဟင်”
ခြောက်ပေကျင်းထဲမှာ
အိတ်ဖြူတစ်ထုပ်။ အိတ်စွပ်ပြီး အလုံပိတ်ထားတဲ့ အထုပ်တစ်ထုပ်က ကိုကောင်းထက် တဲ့လား။ ရုတ်တရက်တော့
ကျွန်တော့် ခန္ဓာကိုယ်ကြီးဟာ သက်မဲ့တစ်ယောက်လို အေးစက်စက် တောင့်တင်းတင်းကြီး ဖြစ်သွားတာတော့
အမှန်။
“ကိုတိုး
မင်း မလာသင့်ဘူး”
ဘယ်အချိန်က
ရောက်လာသလဲမသိတဲ့ ကိုလင်းက ကျွန်တော့် ပခုံးကို ဖွဖွပုတ်ရင်း နှစ်သိမ့်စကား ဆိုတယ်။
ကျွန်တော်တို့ အနီး တစ်ဝိုက်မှာတော့ အလွှာစုံ၊ အသက်စုံတို့ရဲ့ မြေပုံမို့မို့၊ အုတ်ဂူ
ဖွေးဖွေးတွေက ကွင်းလုံးပြည့်။
“တကယ်တော့
သေဆုံးတယ်ဆိုတာ ပိုးတောင့်တဲလေး။ သစ်ကိုင်း ကူးသွား သလိုပါပဲ။ ဟိုဘက်အကိုင်းမှာ တွယ်စရာ
ရှိလာလို့ သည်ဘက်ကိုင်းကို လွှတ်သွားခြင်းပဲ။ ဘာမှ မထူးဆန်းဘူး။ ခရီးမဆုံးသေးသရွေ့ သံသရာ
ကြီးထဲမှာ လည်နေသရွေ့ သေဆုံးခြင်း၊ မွေးဖွား ခြင်းဆိုတာ အဖန်တလဲလဲ ဖြစ်ပျက်နေဦးမှာပဲ။
လူသားတစ်ယောက်
သေဆုံးသွားခြင်းကို ပိုးတောင့်တဲ သစ်ကိုင်းကူးသွားခြင်းလို့ သူငယ်ချင်းက ဆိုတယ်။ ဒီလိုဆို
မြနန္ဒာသုသာန်က အုတ်ဂူ ဖွေးဖွေးတွေကရော ပိုးတောင့်တဲ ကျန်ရစ်ခဲ့တဲ့ ခြေရာတွေ မဖြစ်နိုင်ဘူးလား။
ဘာတစ်ခုမှ အသုံးမကျတော့တဲ့ အဲဒီခြေရာတွေကို ကျွန်တော်တို့က တွယ်တာနေစရာ လိုမယ် မထင်တော့ပါဘူး။
“ကိုကောင်းထက်နဲ့
ငါ့အကြားမှာ ကတိတစ်ခု ရှိဖူးတယ်။ ငါအရင်သေရင် မင်းလိုက်ပို့ ရမယ်။ မင်းအရင် သေသွားရင်လည်း
ငါလိုက်ပို့ မယ်တဲ့။ အခုသူ အရင်သေသွားပြီလေ။ ငါ့မှာ လိုက်ပို့ရမယ့် တာဝန် ရှိတာပေါ့”
ကိုကောင်းထက်ရဲ့
ခြောက်ပေကျင်းပြည့်လို့ မြေပုံမိုမို့ ပေါ်လာသည်အထိ ကျွန်တော် ကိုလင်း နှင့်အတူ ကုသိုလ်
ယူခဲ့ကြတယ်။
အပြန်လမ်း
တစ်လျှောက် ကိုကောင်းထက်ရဲ့ အပြုံးချိုချို၊ အေးစက်စက် ရုပ်ပုံတွေက ကျွန်တော့်အာရုံမှာ
တစ်လွှာချင်း၊ တစ်လွှာချင်း တိုးဝင်ကြီးစိုးလို့။
မုံရွာနဲ့
ရန်ကုန် ကုန်ကူးရင်း အမေအိုကြီး တစ်ယောက်ကို လုပ်ကိုင် ကျွေးမွေးခဲ့တဲ့သူ။ ပိုလျှံနေတဲ့
လုပ်အားခကို ပညာဒါန ပြုခဲ့တဲ့သူ။ အထူးသဖြင့် ကျွန်တော့်ကို “ညီလေး” လို့ ခေါ်ပြီး အစစ
ထောက်ပံ့ ခဲ့တဲ့သူ။ အဲဒီလူဟာ ပလတ်စတစ်အိတ်ဖြူ တစ်လုံးနဲ့ ဘဝကို အဆုံးသတ် သွားပြီတဲ့လား။
ကျွန်တော် မယုံကြည်နိုင်ပါ။
သူ့သတင်းဆို၊
မကြားလိုပါ
လေမှာလွင့်တက်၊
သစ်ခြောက်ရွက်လို
အိပ်မက်မှပင်၊ နှင်ထုတ်ချင်၏။
ညက
တော်တော်နဲ့ အိပ်မပျော်ဘူး။ ကိုလင်း လာပေးတဲ့ အိပ်ဆေးပြားကိုလည်း မသောက်ချင်တာနဲ့ ဒီအတိုင်း
ပုလင်းထဲ ပြန်ထည့် လိုက်တယ်။ အညာနွေည တစ်ညရဲ့ အိုက်စပ်စပ် ဒုက္ခတွေက မြို့လေး တစ်မြို့လုံးကို
ကြီးစိုးလို့။ အခန်း တစ်ဖက်ကို ကူးကြည့်လိုက်တော့ ပြတင်းက ဝင် လာတဲ့ လရောင် ရေးရေးအောက်မှာ
အမေအိုကြီး အိပ်မောကျနေလေရဲ့။
“တိုး၊
လူလေး။ ငကောင်းထက်ကော” တဲ့။ မနေ့က ကိုကောင်းထက် ကိစ္စပြီးလို့ သူအိမ်ပြန် ရောက်တော့
အသိ၊ သတိတွေ ချို့ယွင်းနေရှာတဲ့ အမေအိုကြီးက သူ့သားကို မေးတယ်။ ကိုကောင်းထက် အလောင်းကို
အိတ်စွပ်တာ မြင်တော့ အမေကြီးက ထရံနောက် ပြေးကွယ်နေ သတဲ့။ ဆယ့်တစ်နာရီ ထိုးမှာ အခေါင်းထဲ
ထည့်ဖို့လည်း ပြင်ကြရော ထရံကြားက ဝါးခနဲ ပေါ်လာပြီး “သားရေ တူပြီ” လို့ ပြောသတဲ့။ တကယ်တော့
ကျွန်တော်တို့ အားလုံးလည်း သံသရာဆိုတဲ့ စက်ကွင်းကြီးထဲမှာ တွေ့လိုက်၊ ဆုံလိုက်၊ ပုန်းလိုက်၊
ပြေးလိုက်နဲ့ တူတူပုန်းတမ်း ကစားနေကြတာပဲ မဟုတ်ပါလား။
“အမေကြီး
တစ်ယောက်တည်း သနားပါတယ်။ ငါ ဒီအိမ်ကို ပြောင်းနေတော့မယ် ကိုလင်း”
ထင်မှတ်မထားတဲ့
စကားကို ကြားလိုက်ရလို့ အံ့သြသွားတဲ့ မျက်လုံးတစ်စုံနဲ့ ကိုလင်းက ကျွန်တော့်ကို လှမ်းကြည့်တယ်။
“တကယ်တော့
လမ်းဘေး ဈေးဆိုင်တန်း တွေဘက်မှာ လျှောက်သွားနေတဲ့ အမေအိုကြီးကို ငါနဲ့ ကိုကောင်းထက်
အတူတူ သွားခေါ်ပြီး အိမ်ပေါ်တင်ခဲ့ကြတာ။ အမေကြီးကို ဆက်ပြီး စောင့်ရှောက်ဖို့ ငါ့မှာ
တာဝန်ရှိတယ်လို့ ခံစားရတယ်”
“ငါ
သာဓုခေါ်ပါတယ် ကိုတိုး”
“မင်းကိုလည်း
ငါ အားနာနာနဲ့ပဲ အကူအညီ တစ်ခု ထပ်တောင်းရဦးမယ်”
“အေး
ကူညီမယ်။ ပြော ဘာလဲ”
“ငါ့ကို
အလုပ်ရှာပေး”
ကိုလင်းက
ကျွန်တော့် လက်နှစ်ဖက်ကို ဖျစ်ညှစ် ဖမ်းဆုပ် ထားလိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး
အနွေးဓာတ်တွေ ကူးစက်လာ သလိုလို။
နွံထဲက
လူတစ်ယောက် အတွက်တော့ နွယ်တစ်ပင် ဆိုတာဟာလည်း ဘဝကပေးတဲ့ ဆုလာဘ်ကြီး တစ်ခုရယ်ပါ။ နွယ်ပင်နဲ့
လက်တစ်ကမ်း အကွာမှာ သေဆုံးသွားရမယ် ဆိုရင်တောင် ကျွန်တော်လို လူမျိုးကတော့ ရလိုရငြား
အရောက်သွား နေမိဦးမှာပါပဲ။ လောကကြီးမှာ နွယ်ပင်တွေ ဘယ်ရောက် နေပါလိမ့်။
သူ့အကြောင်းဆို၊
မပြောလိုပါ
မျောလာပျက်သွား၊
ရေပွက်များလို
စိတ်ထားနှင်နှင်၊ မောင်းပစ်ချင်၏။
သို့သော်.....
ချစ်သူငယ်ချင်းတို့
စုံတွဲက အလုပ်ရှာပေးတယ်။ ကွန်ပျူတာစာစီ၊ မိတ္တူကူးတဲ့ မြို့လယ်က PEACE (ငြိမ်းချမ်းရေး)
ဆိုတဲ့ မိတ္တူဆိုင်ကို နှစ်ယောက်သား အတူတူ လိုက်ပို့ ကြတယ်။ အဲယားကွန်းတွေ အေးစိမ့်နေအောင်
လွှတ်ထားပြီး ကွန်ပျူတာ၊ မိတ္တူကူးစက်တွေ တစ်လုံးမက လည်ပတ်နေတဲ့ အခန်းတွင်းကို ရောက်တော့
ကျွန်တော့် နောက်ကျော တွေတောင် အေးစက် ချမ်းတုန် လာသလိုလို။ အဲဒီနေ့က ဆိုင်တာဝန်ခံ
ကောင်မလေး ပြောခဲ့တဲ့ စကားလုံး တွေကတော့ အခုချိန်ထိ ကျွန်တော့် နားထဲမှာ တရစ်ဝဲဝဲ။
“စာစီမိတ္တူကူး
အလုပ်လာလျှောက်တဲ့ လူပဲဟာ၊ နောက်ကြောင်း ရာဇဝင်တွေ၊ ကျန်းမာရေး ထောက်ခံချက်တွေ မလိုပါဘူး”
တဲ့။
ဘဝမှာ
ပထမဆုံး သော နေခြည် ကိုယ့်ဘဝအပေါ် ဖြာဆင်းလာခြင်းပါ။ ဝမ်းသာလွန်းလို့ ကောင်မလေးရဲ့ လက်တစ်ဖက်ကို
ဟန်မဆောင် နိုင်စွာ ဖမ်းဆုပ် ဆွဲကိုင် လိုက်မိတယ်။ နောက်တော့မှာ “သြော် သူ ငါ့ကို ရွံများ
သွားလေမလား” ဆိုတဲ့ စိုးစိတ်တွေနဲ့ ဖမ်းထားတဲ့ လက်တစ်ဖက်ကို ပြန်လွှတ် လိုက်တော့...
“ရှင့်လက်ချောင်း
လေးတွေက အရမ်းလှတာပဲနော်” တဲ့။ ကောင်မလေးက ပြောခဲ့တယ်။
ဟိုးလွန်ခဲ့တဲ့
လပေါင်းများစွာ တုန်းကတော့ အိမ်အိုလေးရဲ့ အခန်းထောင့်မှာ စားပွဲပု တစ်လုံးရယ်၊ အရက်တစ်ပုလင်းရယ်၊
လူတစ်ယောက်ရယ် ကူကယ်သူ မဲ့စွာ ဘဝတစ်ခုကို ဖြတ်သန်း ခဲ့ရဖူးတယ်။ သူ့နာမည်က ကိုကောင်းထက်တဲ့။
“ကိုတိုး။
ညီလေး မင်းမမိုက်နဲ့နော်။ လောကမှာ ပြန်ပြင်ခွင့် မပေးတဲ့ ဒဏ်ခတ်ခြင်းဆိုတာ ရှိတယ်။
မယုံမရှိနဲ့ ငါ့ညီ။ အစ်ကိုက မင်းကို ချစ်လွန်းလို့ ပြောပြနေတာ”
ကိုကောင်းထက်
ဘယ်လိုမိုက်ခဲ့သလဲ။ ကျွန်တော် မသိပါ။ တကယ်တော့ “အပြစ်ဒဏ်ဆိုတာ လိမ္မာတဲ့ လူဆီလည်း အတောင်ပေါက်ပြီး
ရောက်လာ တတ်တယ်ဗျ” လို့တော့ ကိုကောင်းထက်ကို ကျွန်တော် ပြန်မပြောဖြစ်ခဲ့။ သူရော ကျွန်တော်ပါ
နောက်ကျခဲ့ပြီ မဟုတ်ပါလား။
“မုန်တိုင်းစဲရင်
လေပြည်လာတယ်။ အပူငြိမ်းရင် အအေးလာတယ် ဆိုပေမယ့် ငါ့ဘဝကတော့ ဒယ်အိုးထဲက ကဏန်းပါကွာ။
အဲ့ဒီအပူတွေ ငြိမ်းတဲ့အချိန်မှာ ငါ့အသက် ရှိနေ နိုင်ပါဦးမလား”
အိမ်အိုလေးတစ်ခုရဲ့
အထီးကျန်ညတွေမှာ ကျွန်တော်ဟာ ကိုကောင်းထက်ရဲ့ ရင်ဖွင့်ဖော် တစ်ယောက် အလိုလို ဖြစ်ခဲ့ရတယ်။
“ဆင်သေကောင်နဲ့
ပါသွားတဲ့ ကျီးကမှ မျှော်လင့်ချက် ရှိပါသေးတယ် ငါ့ညီ” တဲ့။
တကယ်တော့
မျှော်လင့်တယ်ဆိုတာ ငါလိုချင်တဲ့ တစ်စုံတစ်ရာဟာ ငါ့ဆီ မလွဲမသွေ ရောက်လာ ရမယ်ဆိုတဲ့
အတ္တစိတ်မျိုးနဲ့သာ မမျှော်လင့် ကောင်းတာပါ။ နွေခေါင်ခေါင် နေပူပူမှာ ခရီးပြင်း နှင်လာတဲ့
လူတစ်ယောက်၊ ရေအိုးစင်လေး တွေ့ပါရစေ ဆိုတဲ့ မျှော်လင့်ခြင်း မျိုးကိုတော့ လူတိုင်း
မျှော်လင့်ခွင့် ရှိပါတယ်။
“ကိုကောင်းထက်ကို
သတိရလိုက်တာကွာ”
ကိုလင်းက
ကျွန်တော့်ခံစားချက်ကို နားလည်သူပီပီ ပခုံးကိုဖက်ပြီး နှစ်သိမ့် အားပေးတယ်။
“မင်း
သတိရနေတာကို မရနဲ့လို့တော့ ငါမတားပါဘူး။ ဒါပေမယ့် တစ်ခုတော့ အကြံပေးချင်တယ် ကိုတိုး။
မင်း ကိုကောင်းထက်ကို သတိရရင် အမေအိုကြီးကို ပိုဂရုစိုက် လိုက်စမ်းပါကွာ။ သူ့ခမျာ မေတ္တာငတ်
နေရှာတာကွ။ ဒီမှာသူငယ်ချင်း အေ့ဒ်စ် ဝေဒနာရှင် လူသား နှစ်ယောက်က အမေအိုကြီး တစ်ယောက်ကို
ရှေ့ဆင့်၊ နောက်ဆင့် စောင့်ရှောက် သွားကြပါတယ်ဆိုတဲ့ ဂုဏ်ယူစကားမျိုး ငါ့မိတ်ဆွေတွေကို
ကြွားရတာ အရသာ ရှိလွန်းလို့ ပါကွာ”
ဒီလိုနဲ့ပဲ
အမေအိုကြီးနဲ့ ကျွန်တော့်ရဲ့ နှစ်ယောက် တစ်ကမ္ဘာဟာ တစ်နေ့တခြား အသက်ဝင်လာ ခဲ့တော့တယ်။
အမေကြီးက ကျွန်တော့်ကို ခေါ်တယ်။
“သားငတိုး”
တဲ့။
“ငကောင်းထက်
မလာလည်းနေ၊ သား ငတိုးလာပြီးရော” တဲ့။ ညနေ လေးနာရီထိုး ကျွန်တော် ဆိုင်က ပြန်လာရင် အမေကြီးက
ဆီးကြိုတယ်။ စားပွဲပေါ်မှာတော့ ဟိုလူလာပေး၊ ဒီလူလာပို့ မုန့်တွေ၊ အသီးတွေက အပြည့်အမောက်။
“စားနော်
သားငတိုး။ စားပြီးရင်တော့ ငကောင်းထက်လို ငါ့ကို ပစ်မသွားရဘူး”
တစ်နေ့တစ်နေ့
အမေကြီးမျက်နှာ ပြုံးပြုံးလေး မြင်နေရတာ ကျွန်တော့်အတွက် အားဆေးတွေ တစ်ခွက်ပြီး တစ်ခွက်
သောက်နေရ သလိုပါပဲ။ တကယ်တော့ ချမ်းမြေ့ခြင်းသာလျှင် ဘဝတစ်ခုရဲ့ အဓိပ္ပာယ်ပါ။
“အခုမှပဲ
စုံတော့တော်”
တစ်ရက်။
အမေကြီးက ဂျွန်စော၊ အွန်စော၊ ထယ်စောက်တို့ သုံးယောက်တွဲ ရိုက်ထားတဲ့ ကတ်ထူ စက္ကူပုံလေး
ကောက်လာပြီး ကျွန်တော့်ကို ပြောတယ်။
“ဒါက
ငကောင်းထက်။ ဒါက ငါ၊ ဒါက သားငတိုး”
သားငတိုးနဲ့
ငကောင်းထက် ဘယ်သူ့ ပိုချစ်လဲလို့ ကျွန်တော်က အတည်ပေါက်နဲ့ မေးတော့ အမေကြီးမျက်နှာ ပြုံးစိစိကြီး
ဖြစ်လို့။ “ငကောင်း ထက်”တဲ့။ မျက်စိ တစ်ဖက်မှိတ်ပြီး ဖြေတာ။ ကျွန်တော်က နှုတ်ခမ်းစူပြီး
စိတ်ကောက် ပြလိုက်တော့ တဟားဟား အော်ရယ်တယ်။
“အတူတူ
ချစ်တာပေါ့ဟဲ့။ ငါ့သားတွေပဲဟာ”
ပြောပြောဆိုဆို
အမေကြီးဟာ ကျွန်တော့် ခေါင်းကို “ခေါက်” ခနဲ တစ်ချက် ခေါက်လိုက်တယ်။
လောကမှာ
အသက်တိုခြင်းဟာ အပြစ် မဟုတ်သလို၊ ရောဂါထူခြင်း ဟာလည်း အပြစ်တစ်ခု မဟုတ်ပါဘူး။ မွေးဖွားပြီး
ချိန်ကနေ သေဆုံးချိန်အထိ ခဏလေးသော နှစ်အကန့် အသတ်လေးမှာ အဓိပ္ပာယ်ရှိရှိ မေတ္တာပြည့်ပြည့်
နေသွားနိုင်ဖို့သာ အဓိကပါ။ တစ်နေ့ သေမင်းက လာခေါ်ခဲ့ပြီဆိုရင် ဘယ်လောက်ပဲ အကြောက်ကန်
ငြင်းငြင်း နောက်ဆုံး ပါသွားရမှာချင်း အတူတူ လူတွေက ဘာ့ကြောင့် ကျွန်တော်တို့ကို ရွံ့ရှာရပါသနည်း။
တကယ်တော့ သေမင်းက ကျွန်တော်တို့ အားလုံးကို စည်းဝိုင်း ထားခဲ့ပြီးသားပါ။ သေမင်းခတ်ထားတဲ့
စည်းဝိုင်းထဲက အလွတ်ရုန်း မထွက်နိုင်မချင်း ခန္ဓာဆိုတဲ့ အဝတ်စုတ်ကြီးတွေ တစ်ထည်ပြီး
တစ်ထည် ပြောင်းဝတ် နေရဦးမှာ မဟုတ်ပါလား။
သူနှင့်သာဆို၊
မတွေ့လို၍
သူ့သတင်းဆို၊
မကြားလို၍
သူ့အကြောင်းဆို၊
မပြောလို၍
ငိုကာဇွတ်ရုန်း၊
ငါရှောင်ပုန်းလည်း
အပြုံးမပျက်၊
ထက်မြက်လှစွာ
ဇရာဗျာဓိ၊
ပေါင်းဖော်ညှိ၍
အမိရဖမ်း၊
သူ့ပိုင်လမ်း၌
ကြမ်းတမ်းထိုးနှက်၊
သူကွပ်မျက်မည်
ရက်စက်လေခြင်း၊
ရှင်သေမင်း။
နံနက်ခင်း
နေရောင်ခြည်လေးက အခါတိုင်း ရက်တွေလိုပဲ သာယာပါတယ်။ ထပ်ခိုးပေါ်က ခိုလေးတွေလည်း အရင်နေ့တွေကလို
ပျော်ရွှင်ပါတယ်။ အိမ်ရှေ့က ခွေးမိသားစုကလည်း တဝုန်းဝုန်း။ ဒါနဲ့များ ဘာကြောင့် ကျွန်တော့်
စိတ်တွေက ညစ်ညူးနေရပါလိမ့်။
မျက်နှာပြင်တစ်ခုလုံး
လန်းဆန်းသွားအောင် ရေအေးတွေ တစ်ဖလားပြီး တစ်ဖလား ခပ်သစ် လိုက်တယ်။ မီးပူတိုက်ထားတဲ့
အင်္ကျီဖြူကိုလည်း စမတ်ကျကျ ဝတ်ပစ်လိုက်တယ်။ မျက်နှာမှာ ရွှေပြည်နန်း သနပ်ခါးလူး၊ ချိုင်းမှာ
တော့ပ်ကန်းထရီး ပေါင်ဒါကို လှိုင်နေအောင်သိပ်ပြီး လမ်းမပေါ် ကျော့ကျော့မော့မော့ ထွက်လာခဲ့တော့-
“ဘယ်သွားမလို့လဲ
ကိုတိုး”တဲ့။
လမ်းပေါ်က
လူတစ်ယောက်က လှမ်းမေး တယ်။
ကျွန်တော်
ပြန်မဖြေခဲ့ပါ။ ကျွန်တော် လမ်းထိပ်ကို သွားချင် သွားပါလိမ့်မည်။ မိတ္တူဆိုင်ကို အလုပ်
သွားလုပ်ချင် သွားပါလိမ့်မည်။ သို့မဟုတ် လမ်းတစ်ဝက်မှာတင် ရပ်ချင်ရပ်သွား ပါလိမ့်မည်။
သို့တည်းမဟုတ် လမ်းတစ်ဖက် အကွေ့၌ ရှင်သေမင်းက ဗြုန်းခနဲ ထခေါ်ချင် ခေါ်သွား ပါလိမ့်မည်။
ထိုမေးခွန်းမျိုး
ကျွန်တော်တို့ ပြန်ဖြေစရာ မလိုပေ။
(ဖော်ပြပါ
ကဗျာသည် မောင်မြတ်သိ (မန်းမြေ)၏ “သူ့ပိုင်နက်”ကဗျာ ဖြစ်ပါသည်)
(ဖော်ပြပါ
ကဗျာသည် မောင်မြတ်သိ (မန်းမြေ)၏ “သူ့ပိုင်နက်”ကဗျာ ဖြစ်ပါသည်)
မိုးထက်စံ(IR)
03
July 2009 08:22
ရွှေအမြုတေ - စည်းဝိုင်းထဲကလူ




