26
Nov

စရိတ် သက်သာသော ရောဂါ ရှာဖွေရေး နည်းသစ်

မိုးအကုန် ဆောင်းအကူး ဖြစ်၍ မြောက်ပြန်လေ စတင်ရိုက် ခတ်မှုကို ခံစားကြရ၏။ ညနေစောင်းဖြစ်၍ ရွှေ ဘုံသာလမ်းတစ်လျှောက် လူစည် ကားနေ၏။ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ မီးပွိုင်နှင့် များစွာမဝေးကွာလှသော အရပ် တွင် လေညိုကုန်းလက်ဖက်ရည် ဆိုင်ကလေးတည်ရှိ၏။ ထိုဆိုင်တွင် စာပလော ကသားများကို မကြာခဏ တွေ့နိုင်၏။ စားပွဲထိုးကလေး မောင် ကြွက်နီ၏ အဆိုအရ ယခုတလော တွင် စာပေလောကသများသာမ က သာမန်အရပ်သားများလည်း မကြာခဏ လာရောက်ကြောင်း သိရှိရ၏။ ကဗျာဆရာ မောင်ဒေါန သည် စပ်စုလိုသောဝါသနာ ရှိ၏။ ထိုသို့ သာမန်အရပ်သားများ လာရောက် စုဝေးခြင်း အကြောင်းကို သိရှိလို၏။

''မောင်ကြွက်နီရေ၊ လာပါဦးကွာ''
''ဟုတ်ကဲ့ ဦးလေး၊ လာပါပြီ၊ ချိုစိမ့်ပဲလား''
''အေး-လက်ဖက်ရည်က နောက်မှလုပ်ပါ။ မသောက်သေး ဘူးကွာ။ ခုတလော သာမန်အရပ် သားတွေ အလာများတယ် သတင်း ကြားလို့၊ ဘာထူးလဲကွ''
''သြော်- ဒါလား၊ ဒီလိုပါ ဦးလေး။ အရင်လက ရာဟုမောင်မောင် လာသွားတယ်''
''ဟေ- ရာဟုမောင်မောင် ဟုတ်လား၊ သူက ဘယ်သူလဲ''
''လူထူး လူဆန်း တစ်ယောက်ပေါ့ ဦးလေး၊ သူက အရပ် ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကလည်း အရှည်ကြီးဗျ။ အထက်အောက် ယောဂီ ဝတ်စုံနဲ့ ခေါင်းမှာလည်း ယောဂီ တဘက် တစ်ထည် ပေါင်းထားသေးတယ်။ ထူးခြားတာက ပုတီးကြီးဗျ။ တစ်လုံးတစ်လုံးကို ဆီးသီးအကြီးစားလောက် ရှိတယ်။ ပုတီးကြီးကို လည်ပင်းမှာ အမြဲဆွဲ ထားတယ်''
''အေး- ဟုတ်ပြီ၊ စိတ်ဝင် စားစရာပဲ။ ဆက်ပါဦး''
''သူက လာချင်တဲ့အချိန် လာတယ်။ တစ်ခါတစ်လေ မနက်အစောကြီး ရောက်လာတယ်။ ဆိုင်တောင် မဖွင့်ရသေးဘူး။ တစ်ခါတစ်လေ ဆိုင်ပိတ်မှ ရောက်လာတယ်။ ညရှစ်နာရီ လောက်ရှိပြီ။ သူ ဘယ်မှာနေမှန်း လည်း မသိဘူး။ တချို့က ဘိုးတော်လို့ ပြောကြတယ်။ တချို့က တိုင်းရင်းဆေးဆရာလို့ ပြောကြတယ်။ တချို့က ဂမ္ဘီရ စာရေးဆရာလို့ ပြောကြတယ်။ ဒါပေမယ့် ဘယ်သူမှလည်း သေသေချာချာ မသိပါဘူး''
''သူ့ကို ဘာဖြစ်လို့ သာမန် အရပ်သားတွေက လာလာ စောင့်နေတာလဲ''
''ဒီလိုပါ ဦးလေး၊ သူ့မှာ AIDS ပျောက်တဲ့ ပြဒါးပြာ ရှိတယ် ဆိုပြီး သတင်းထွက်လာတယ်။ ဘယ်က ထွက်လာမှန်းလည်း မသိဘူး။ ဟုတ်၊ မဟုတ်လည်း သေသေချာချာ မသိဘူး။ ဒါပေမယ့် လူတွေက ပြဒါးပြာလိုချင်လို့ လာလာ ရှာကြတယ်''
''ရသွားရောလား''
''သတင်းထွက်လာကတည်းက ပေါ်မလာတော့ဘူး''
''ဟေ- ဒါဆို ဘယ်သူမှ ပြဒါးပြာ မရသေးဘူးပေါ့''
''ဟုတ်တယ် ဦးလေး၊ ဦးလေးက လိုချင်လို့လား''
''ရမယ်ဆိုရင်တော့ လိုချင်တာပေါ့ကွာ''
''လိုချင်ရင် ဒေါက်တာ ရန်မျိုးအောင်ကို မေးပါလား''
''သူသိလို့လား''
''ရာဟုမောင်မောင် လာစဉ်တုန်း အချိန်ကြာကြာ စကား ပြောဖူးတာ အဲဒီဒေါက်တာပဲ ရှိတယ်''
''အေးလေ မေးကြည့် တာပေါ့''
မကြာမီ ဒေါက်တာရန်မျိုးအောင် ရောက်ရှိလာ၏။
''ဟဲ ဟဲ ကိုဒေါန၊ မောင်ကြွက်နီကို မေးမြန်းနေပုံထောက်တော့ ဧကန္တ ပြဒါးပြာလိုချင်ပြီ ထင်တယ်''
''ဟာ- ဆရာက အကြား အမြင်များ ရနေပြီလား ဆရာရယ်''
''မရပါဘူးဗျာ၊ ကျိုးကြောင်း ဆက်စပ်ပြီး စဉ်းစားကြည့် တာပေါ့။ တကယ်တော့ ရာဟု မောင်မောင်မှာ ဘာပြဒါးပြာမှ မရှိပါဘူး။ ဘယ်သူက ကောလာဟလတွေ လွှင့်နေမှန်း မသိပါဘူးဗျ။ လူတွေ ဝိုင်းဝိုင်းလိုက်ကြလို့ ရာဟု မောင်မောင်ခမျာ မလာရဲရှာဘူး။ အထက်အညာဘက်ကို သွားရှောင်နေရတယ်''
''သြော်- ဒီလိုလား၊ လက်စသတ်တော့ ကောလာဟလကိုး''
''ကောလာဟလမဟုတ် တာရော နားထောင်ချင်လား၊ AIDS နဲ့ ပတ်သက်နေတယ်''
''AIDS ဆိုရင် စိတ်ဝင် စားတယ် ဆရာ၊ ပြောပါဦး''
''ခုကာလက ဆေးကုသ စရိတ်တွေ သိပ်ကြီးတယ်။ ကိုဒေါနလည်း သိမှာပါ။ ဥပမာ- AIDS ရောဂါ ရှိ၊ မရှိ သိချင်လို့ ဆေးစစ်ရင် မနည်းကုန်တယ်ဗျ''
''ဟုတ်တယ် ဆရာ၊ အလုပ်ရဖို့အတွက် ဆေးစစ်ရတယ် ဆရာ၊ အလုပ်မရခင် ငွေက အတော်ကုန်နေပြီ ဆရာ''
''ဒါကို အဆင်ပြေအောင် ယူကေက သုတေသီတွေက ထီထွင်နေတယ်။ လူနာခန္ဓာ ကိုယ်ထဲမှာ ပိုးကောင်ရေ နည်းနေ ရင်တောင် စစ်လို့ရတဲ့ နည်းသစ် ပေါ့ဗျာ။ ဒီနည်းက ငွေကုန်ကြေးကျ သက်သာတယ်တဲ့''
''လူနာတွေ အတွက် ဝမ်းသာစရာပဲ၊ ရှင်းပြပါဦး ဆရာ''
''ဒီနည်းမှာ ရောဂါ ရှိ၊ မရှိကို အရောင်နဲ့ ပြတယ်။ အပြာ ရောင်ဆိုရင် ရောဂါရှိတယ်။ အနီ ရောင်ဆိုရင် ရောဂါမရှိဘူး''
''ဘယ်က ထွင်တာလဲ ဆရာ''
''Imperial College London ကဗျ။ ထွင်တဲ့ ပါရဂူတွေက ပြောတယ်။ ဒီနည်းသစ်ကြောင့် ရောဂါရှာရာမှာ ပိုပြီးကျယ်ကျယ် ပြန့်ပြန့် ရှာနိုင်မှာ ဖြစ်ပါတယ်တဲ့။ အထူးသဖြင့် ငွေကြေးမတတ် နိုင်တဲ့ ဒေသတွေအတွက် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်တဲ့''
''ဝေးလံခေါင်းပါးတဲ့ ဒေသတွေအတွက် အဆင်ပြေမယ် ဆရာ''
''ဟုတ်တယ်ဗျ၊ ဒီသုတေသန အကြောင်းကို Nature Na-notechnology ဆိုတဲ့ ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားတယ်''
''ဟုတ်ကဲ့ ဆရာ''
''ဒီနည်းစနစ်မှာ HIV ပိုး ကိုယ်ပေါ်မှာရှိတဲ့ ပရိုတိန်းဒြပ် ပေါင်းတစ်မျိုးကို ရှာဖွေတဲ့ အချက်ကို အခြေခံထားတယ်။ ဒီပရိုတိန်း လူနာကိုယ်ထဲမှာရှိရင် စမ်းသပ်ချက်က အပြာရောင်ပေါ်လာတယ်။
ရောဂါ ရှိတယ်ပေါ့။ ဒီပရိုတိန်း လူနာကိုယ်ထဲမှာ မရှိရင် စမ်းသပ်ချက် အနီရောင် ပေါ်လာတယ်။ ရောဂါ မရှိဘူးပေါ့''
''ဒီနည်းစနစ်တွေက လွယ်သားပဲ ဆရာ''
''လွယ်တယ်ဗျ။ အရောင် ပြောင်းတာကို သာမန်မျက်စိနဲ့ ကြည့်လို့ ရတယ်လေ''
''ဟုတ်ကဲ့ ဆရာ''
''Professor Molly Stevensဆိုတဲ့ ပါရဂူက ပြော တယ်။ ဒီနည်းစနစ်က ပရိုတိန်း ပမာဏ နည်းနည်းလေးရှိရင် တောင် ရှာဖွေနိုင်စွမ်း ရှိပါတယ် တဲ့။ စာထဲကလိုပြောရင် Ultra-Low Concentration ပေါ့ဗျာ။ ဒါကြောင့် ဒီနည်းစနစ်ရဲ့ ရောဂါ ရှာဖွေရေးစွမ်းရည်က သိပ်ကောင်း တယ်လို့ ပြောနိုင်တယ်ဗျ''
''ဟုတ်ကဲ့ ဆရာ''
''ပါရဂူကြီးက ဆက် ပြောပြတယ်။ ခုလက်ရှိ နည်းစနစ်တွေက ဒြပ်ပေါင်းပမာဏ သိပ်နည်းနေရင် မရှာနိုင်ဘူးတဲ့။ ခုနည်းသစ်က စမ်းနိုင်တယ်တဲ့။ ဒါက အားသာချက်ပေါ့ဗျာ''
''ဟုတ်ကဲ့ ဆရာ''
''တစ်ခုတော့ရှိတယ်။ ခုနည်းစနစ်က ခုမှ တီထွင်ကာစ ရှိသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထပ်စမ်းရဦးမယ်။ ဆေးလက်တွေ့ နည်းစနစ်တစ်ရပ် အဆင့်ရောက်ဖို့ ဆက်ကြိုးစားရဦးမယ်တဲ့''
''ဟုတ်ကဲ့ ဆရာ''
''ပါရဂူတွေက ခန့်မှန်း တာက တကယ်လို့ ကျယ်ကျယ် ပြန့်ပြန့် သုံးနိုင်တဲ့ အဆင့်ကို ရောက်တဲ့အချိန်ကျရင် ကုန်ကျစ ရိတ်က လက်ရှိနည်းတွေထက် ဆယ်ဆနည်းမယ်တဲ့။ ဒါက အရေးကြီးတယ်။ ဆင်းရဲတဲ့ တိုင်းပြည် တွေမှာ သိပ်ကို အသုံးဝင်လိမ့်မယ်''
''ဟုတ်ကဲ့ ဆရာ''
''ပါရဂူ တစ်ဦးဖြစ်တဲ့ Dr. Roberto La Rica ကလည်း ပြောတယ်။နည်းသစ်က ဈေးသက် သာတဲ့အကြောင်း ဈေးသက်သာလို့ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင် မှာဖြစ်တဲ့ အကြောင်း ပြောသွားတယ်''
''AIDS ကာကွယ်ဆေး ရော မအောင်မြင်သေးဘူးလား ဆရာ''
''လောလောဆယ် မအောင်မြင်သေးဘူး။ နောက်ထပ် ငါးနှစ်ကနေ ဆယ်နှစ်ကာလလောက် စောင့်ရဦးမယ်ဗျ''
''ဒါဆို ရောဂါရှာဖွေရေး နည်းသစ်ကို အားကိုးနေရဦးမှာပဲ''
''ဟုတ်တယ်ဗျ၊ University College Londonက ပါရဂူ တစ်ဦးဖြစ်တဲ့ Dr. Ravindra Gupta က ပြောတယ်။ သူက Timothy Ray Brown ဆိုတဲ့ လူနာနဲ့ စမ်းသပ်နေတယ်။ ဒီလူနာက ကမ္ဘာပေါ်မှာ ဒီရောဂါ ကနေ ပထမဦးဆုံး ပျောက်ကင်းတယ်လို့ သတ်မှတ်ထားတဲ့ လူနာလို့ ဆိုတယ်။ ပါရဂူတွေက ဒီလူနာကို အကြောင်းပြုပြီး ကာကွယ်ဆေးဟာ ဖြစ်နိုင်တယ်လို့ မျှော်လင့်နေကြတယ်။ တစ်ခုပဲရှိတယ်။ ငါးနှစ် ကနေ ဆယ်နှစ်လောက်တော့ စောင့်ရမယ်''' ဆယ်နှစ်ဆိုလည်း သိပ်မကြာတော့ ပါဘူး ဆရာ၊ နီးပါပြီ''
''ဟုတ်ကဲ့ ဆရာ၊ ဒါနဲ့ ဓာတ်ခွဲမှူး ဦးဥာဏ်အုန်းရော ဆရာ''
''သွေးဖောက်စစ်တဲ့ အလုပ်နဲ့ မအားရရှာပါဘူး။ သူ့ဆေးခန်းမှာလည်း ပိုးတွေ့တဲ့ လူနာတွေ များတယ်ဆိုပဲ''
''ဒါဆို ကာကွယ်ဆေး မပေါ်ခင်စပ်ကြား ကာကွယ်ရေးကိုပဲ အားကိုး ရမယ်ထင်တယ်''
''ဒါပေါ့ဗျာ၊ အပျော် အပါးရှောင်ရမယ်။ တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးရမယ်။ လင်နဲ့မယား အပြန်အလှန် သစ္စာ ရှိရမယ်။ ရိုးရာ ယဉ်ကျေးမှုတွေကို လိုက်နာကြရမယ်''
''အပျော်အပါး မရှောင် နိုင်ရင် ကွန်ဒုံး သုံးရမှာပေါ့နော်''
''ဟုတ်တယ်ဗျ။ ဒီ အချက်တွေကို အများပြည်သူနားထဲ စွဲနေအောင် ထပ်တလဲလဲ ပညာပေးရမယ်။ မီဒီယာကို ကောင်းကောင်း အသုံးချရမယ်''
''လေညိုကုန်းကို လာလာနေတဲ့ စာပေလောကသားတွေကို အကူအညီတောင်းမယ် ဆရာ''
''ဟာ- တောင်းသင့်တယ်၊ တောင်းစမ်းပါဗျာ။ မီဒီယာက သြဇာကြီးတယ်။ မီဒီယာဝိုင်းကူရင် အောင်မြင်နိုင်တယ်ဗျ''
''ဟုတ်ကဲ့ပါ ဆရာ''

အောင် (ဆေး-၁)

ရည်ညွှန်းချက် -
(၁) BBC News rS "Cheap Colour Test Picks Up Hin" ဆေးပညာဆောင်းပါးနှင့်
(၂) BBC News rS "HIV Vaccine Five to Ten Years Away" ဆေးပညာဆောင်းပါးများ ကို မှီငြမ်းကိုးကားပါသည်။

ဈေးကွက် ဂျာနယ် - စရိတ် သက်သာသော ရောဂါ ရှာဖွေရေး နည်းသစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top