17
Feb

စားတော့စားပါ.. ဒါပေမယ့် သတိလေးတော့ရှိပါ

ကျွန်တော်တို့တတွေဟာ လူ့ဘ၀ဇာတ်ခုံပေါ်မှာ လူ့ဘ၀ ဇာတ်ဆရာအလိုကျ ကိုယ်ကျရာ ဇာတ်ကို ပီပြင်စွာ ကကြနိုင်ဖို့အရေး ကြိုးစားရင်းနဲ့ ကျွန်တော်တို့ရဲ့ လူ့ဘ၀ကို လျှောက်လှမ်းနေကြရတာပါ။ ဒီလို လျှောက်လှမ်းနေရတဲ့ အချိန်မှာ လူ့သဘာဝအတိုင်း ကာမဆက်ဆံခြင်းဆိုတဲ့ ဇာတ်ကွက်လေးကိုလည်း မကမဖြစ် စိတ်အားထက်သန်စွာနဲ့ ကပြအသုံးတော်ခံကြရတာပါပဲ။ ဒါပေမဲ့ အဲလို ကာမဆက်ဆံခြင်းဆိုတဲ့ ဇာတ်ကွက်လေးကို ကပြကြတဲ့အခါမှာ ခေါင်းဆောင်မင်းသား မင်းသမီးနဲ့တင် မတင်းတိမ်ပဲ ဇာတ်ပို့ဇာတ်ရံများစွာနဲ့ ထည်လဲ ကပြအသုံးတော်ခံခဲ့ရင်ဖြင့် အစားမတော် တစ်လုပ်… အသွားမတော် တစ်လှမ်းမဖြစ်ဖို့အရေး သတိရှိဖို့ အသိဉာဏ် ဆင်ခြင်တုံတရားရှိဖို့နဲ့ ကျန်းမာရေးဗဟုသုတတွေ ပြည့်စုံနေဖို့တော့ လိုပါလိမ့်မယ်။

တစ်ခါတစ်လေ မိမိတစ်ဦးရဲ့ မှားယွင်းမှုကြောင့် မိမိနဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေမှာ ဒုက္ခရောက်သွားကြတာ၊ ဇာတ်သိမ်းမကောင်းခြင်းတွေ ဖြစ်သွားကြတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါသာ ခံစားပျော်ပါးံရမယ့်အရေးကို ဘ၀ပေါင်းများစွာနဲ့ လဲလှယ်ခဲ့ရတာတွေလည်း ရှိခဲ့ကြပါတယ်။ ဒီနေ့အချိန်မှာတော့ ပညာတတ် အသိုင်းအ၀ိုင်းတွေ များလာတာ၊ ကျမ်းမာရေး ဗဟုသုတတွေ ရှိလာကြတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အသိခေါက်ခက် အ၀င်နက်တဲ့ လူတွေရှိသလို… ပညာရှိ သတိဖြစ်ခဲလည်း ရှိတတ်ကြပါတယ်။ သတိဆိုတဲ့အရာမှာလည်း လူတစ်ဦးအနေနဲ့ သာမန်အချိန်မှာ သတိရှိကောင်းရှိနိုင်ပေမယ့် စိတ်ကို ကြွစေတဲ့အရာတစ်ခုခုကို မှီဝဲထားတဲ့အချိန်မျိုးမှာတော့ စိတ်ကြွနေတာနဲ့ တဏှာရာဂနဲ့ပေါင်းဖက်ပြီးတော့ စိတ်ရဲ့နောက်ကို ပျော်ပျော်ပါးပါးကြီး လိုက်တတ်တာ အားလုံး သိတဲ့အတိုင်းပါပဲ။ အဲလို လိုက်ခဲ့လို့ သတိလက်လွတ်ဖြစ်သွားခဲ့ရင် ဘာဆိုးကျိုးမှ မဖြစ်ခဲ့ရင်တော့ ကောင်းပေမယ့် တစ်ခုခု ဆိုးကျိုးဖြစ်ခဲ့မယ်ဆိုရင်ဖြင့် ကိုယ်တစ်ဦးတည်း အဲဒီဆိုးကျိုးကို ခံစားရမလား၊ ဒါမှမဟုတ် ကိုယ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေကိုပါ အဲဒီဆိုးကျိုးတွေ ခံစားစေသွားမှာလားဆိုတာကတော့ ကိုယ်ရေးတဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါလိမ့်မယ်။

အဲလိုဖြစ်သွားခဲ့လို့ ဆိုးကျိုးတွေဖြစ်ပြီး မိသားစုဘ၀ ပျက်ခဲ့ကြတာတွေ ဒုနဲ့ဒေးပါ။ ဒီအထဲကမှ ၀မ်းနည်းစရာ မိသားစုဘ၀ ပျက်စီးသွားခဲ့တဲ့ မိသားစုတစ်စုအကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီမိသားစုမှာ သားသမီး (၄) ယောက် ရှိပါတယ်။ အဖေလုပ်တဲ့သူက ၀န်ထမ်းဖြစ်သလို ခရီးလည်း မကြာခဏ ထွက်ရတယ်ဆိုပါတော့။ သူ့မှာ မကောင်းတဲ့ အချက်တစ်ခုက အရက်ဝင်ရင် မိန်းမလိုက်စားချင်တာပါပဲ။ ဒါပေမယ့် မိသားစုအပေါ်မှာတော့ ဘယ်တော့မှ တာဝန်ပျက်တဲ့ အိမ်ထောင်ဦးစီး မဖြစ်ခဲ့ဘူး။ သားသမီးတွေ အရွယ်ရလာတဲ့ နောက်ပိုင်း… သူ အသက်အရွယ် ရင့်ကျက်လာတဲ့ နောက်ပိုင်းမှာ မိန်းမလိုက်စားမှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။ သူတို့မိသားစုကို ကြည့်လိုက်ရင် အမြဲပျော်ရွှင်တဲ့ မိသားစုပါပဲ။ ဒါပေမယ့် အဲဒီပျော်ရွှင်နေတဲ့မိသားစုရဲ့ ပျော်ရွှင်မှုက တစ်ရက်သောအခါမှာ အဆုံးသတ်ခဲ့ပါတယ်။

မိန်းမဖြစ်တဲ့သူက နေမကောင်းရာကစပြီး ချောင်းတွေ မပြတ်ဆိုးလာတယ်။ ခန္ဓာကိုယ်က ပိန်ကျလာတယ်။ ဆေးရုံသွားစစ်တဲ့အခါမှာ မိန်းမဖြစ်သူမှာ တီဘီရောဂါဖြစ်နေပြီ။ ဒါနဲ့ တီဘီဆေးကို သောက်ရတယ် ဆိုပါတော့။ တီဘီရောဂါကို ကုနေတုန်း အချိန်မှာပဲ မိန်းမဖြစ်သူရဲ့ ခန္ဓာကိုယ်မှာ ရေယုံတွေ စထွက်လာတယ်။ အနာတွေ ပေါက်လာတဲ့အခါမှာ ဆရာဝန်က မသင်္ကာလို့ သွေးလည်း စစ်လိုက်ကော သွေးထဲမှာ HIV ရှိနေပြီ။ AIDS ဝေဒနာကို စတင်ခံစားနေရပြီပေါ့။ ဒါကို သိလိုက်ရတဲ့ အချိန်မှာ မိသားစုအတွင်း ပျော်ရွှင်မှုဆိုတာ မရှိတော့ဘူး။ လူပျိုအပျိုဝင်နေပြီဖြစ်တဲ့ သားသမီးတွေ ရှက်ကုန်ကြပြီ။ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရပြီ။ အရှက်ရပြီပေါ့။ ပတ်ဝန်းကျင်က ပြောလာပြီ။ သူ့အမေက AIDS ဖြစ်နေတာ သူ့အဖေဆီက ကူးတာနေမယ်ပေါ့။ အဲဒီလူက အရင်က မိန်းမ အရမ်းလိုက်စားတာ။ ဒါတွေ ဖြစ်ကုန်ကြပြီပေါ့။ အဖေလုပ်သူကလည်း သူ့အမှားကြောင့် သူ့မိန်းမ ဒီလိုဝေဒနာတွေ ခံစားနေရတာကို ယူကြုံးမရ ဖြစ်နေတဲ့အပြင် သားသမီးတွေရဲ့ ရွံရှာပစ်ပယ်မှုကိုလည်း ခံစားနေရပြီလေ။ အမေလုပ်သူက အိပ်ယာထဲ လဲနေပေမယ့် တယုတယ ပြုစုကုသပေးမယ့်သူ မရှိဘူး။ ယောက်ျားဖြစ်သူက ပြုစုပေးပေမယ့် ချစ်မြတ်နိုးလှတဲ့ ကိုးလလွယ် ဆယ်လဖွား ရင်နှစ်သည်းချာ သားသမီးတွေက အရှက်တရားတွေမွှန်ပြီး မပြုစုကြဘူးဆိုတော့ နောက်ဆုံး သူ့မိဘတွေရှိတဲ့ နယ်မြို့လေးကိုပြန်ပြီး အဲဒီနေရာမှာပဲ AIDS ဝေဒနာကို ခံစားပြီး လူမသိ သူမသိ ဘ၀ဆုံးခဲ့ရတယ်....

အမေလုပ်သူဆုံးပြီး မကြာဘူး။ အဖေဖြစ်သူရဲ့ အချစ်ဆုံး သမီးထွေးလေးကလည်း ပတ်ဝန်းကျင်ရဲ့ ပြောဆိုကဲ့ရဲ့မှုတွေကို အရှုံးပေးပြီး သူ့အခန်းထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီး ဘ၀ဇာတ်သိမ်း သွားခဲ့ရှာပါတယ်။ အဖေဖြစ်သူမှာ သူ့ချစ်ဇနီးကို ဆုံးရှုံးလိုက်ရတာအပြင် သူ အရမ်းချစ်တဲ့ သူ့သမီးထွေးကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရလို့ ယူကြုံးမရ ဖြစ်နေဆဲမှာပဲ သမီးလတ်က အားလုံးကို အရှုံးပေး လက်မြောက်ပြီးတော့ မျက်လုံးစုံမှိတ်ပြီး ယောက်ျားနောက် ခိုးရာလိုက်သွားပါတော့တယ်။ ပျော်ရွှင်နေတဲ့ မိသားစုလေးဟာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အချိန်တစ်ခုအတွင်းမှာပဲ ပျက်စီးသွားခဲ့ပါပြီ။ အဖေလုပ်သူလည်း အဲဒီစိတ်တွေနဲ့ပဲ အိပ်ယာထဲ လဲခဲ့သလို သူလည်း AIDS ဝေဒနာကို စတင်ပြီး ခံစားခဲ့ရပါပြီ။ ကျန်တဲ့ သမီးတစ်ယောက်နဲ့ သားအကြီး တစ်ယောက်မှာလည်း နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက်ပါပဲ။ နောက်ဆုံးမှာတော့ အဖေဖြစ်သူလည်း AIDS ဝေဒနာနဲ့ပဲ ဘ၀အဆုံးသတ်ခဲ့ရတော့တာပါပဲ။ သူ ဆုံးပါးသွားတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ကို ပြောင်းရွှေ့တော့ ခေါင်းအုံးအောက်မှာ စာလေးတစ်စောင် တွေ့ရပါတယ်။

စာထဲမှာ သူအခင်ဆုံး သူငယ်ချင်းတွေ နာမည်နဲ့ သူငယ်ချင်းတွေအားလုံးကို ငါ့ကိုတော့ ခွင့်လွှတ်ကြပါကွာ။ ငါကတော့ ငါ့မိုက်ပြစ်နဲ့ ငါ သွားရပါတော့မယ်။ ငါ့ကြောင့် ငါ့မိသားစု ဘ၀ပျက်ခဲ့ရတဲ့အတွက် ယူကြုံးမရ ဖြစ်ရသလို နောင်တတွေလည်း ရပါတယ်။ ငါ မရှိတော့တဲ့ အချိန်မှာ ငါ့သားသမီးတွေကို တတ်နိုင်သမျှ စောင့်ရှောက်ကြပေးပါလို့ တောင်းပန်ပါတယ်ဆိုတဲ့  ကြိုးစားပြီး ရေးထားတဲ့ လက်ရေးတွေနဲ့ စာကို တွေ့လိုက်ရတာပါပဲ။ သူ့အသုဘကို လာတဲ့ သူ့မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးဟာ မိသားစု ဘ၀ပျက်ခဲ့ရတဲ့ အကြောင်းတွေအပြင် အဲဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ မျက်ရည်မဆည်နိုင်အောင်ကို ၀မ်းနည်းခဲ့ကြရပါတယ်။

တကယ်တော့ ကိုယ် ပျော်ပါးခဲ့ရတဲ့ ခဏတာအချိန်လေးကို မိသားစုဘ၀နဲ့ လဲခဲ့ရသလို ကိုယ်တစ်ယောက်ရဲ့ မှားယွင်းမှုကို အားလုံးက ပေးဆပ်ခဲ့ရတာပါ။ AIDS ရောဂါကို ကြောက်ရွံ့စရာ ရောဂါကြီးတစ်ခု၊ ရွံရှာဖွယ် ရောဂါကြီးတစ်ခုအဖြစ် ရှုမြင်နေဆဲဖြစ်တဲ့ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကြောင့်လည်း ဒီလို မိသားစုပျက်ခဲ့ရတဲ့ ဘ၀တွေ အများကြီးပါ။ တကယ့် တကယ်တော့ အစာအိမ်ရောဂါလည်း ရောဂါပါပဲ။ အဲလိုပဲ အသည်းရောင်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ (၉၆) ပါးသော ရောဂါတွေကလည်း ရောဂါပါပဲ။ AIDS ကကော ရောဂါပါပဲ။ ဂျိုပေါက်နေတဲ့ ရောဂါမဟုတ်ပါဘူး။ ရောဂါ တစ်ခုကို ရောဂါလို့ပဲ မြင်တတ်မယ်ဆိုရင် အထင်သေးတာတွေ၊ ရွံရှာတာတွေ ရှိမှာမဟုတ်ပါဘူး။ ဒီရောဂါကို လိင်လိုက်စားလို့ ဖြစ်တဲ့ ရောဂါတစ်ခု… ကုရာဆေး မရှိသေးတဲ့ ရောဂါတစ်ခုအဖြစ် ရွံရှာမုန်းတီးနေဖို့ မသင့်တော့ပါဘူး။

အဓိကကတော့ လိင်ဆက်ဆံလို့ လိင်လိုက်စားလို့ဆိုတဲ့ အကြောင်းအရာကြောင့် ရွံရှာမုန်းတီးမှုတွေ ဖြစ်လာသလို AIDS ရောဂါရဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့်လည်း ရွံရှာကြောက်ရွံနေကြတာပါ။ ဒီနေ့ခေတ်အခါမှာတော့ မျိုးကွဲများပြားလှတဲ့ HIV ပိုးကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးတွေ မပေါ်သေးပေမယ့် HIV ပိုးတွေကို ခန္ဓာကိုယ်ထဲမှာ ဆက်လက်မပွားအောင် တားဆီးနိုင်တဲ့ ဆေးဝါးတွေ ပေါ်ပေါက်နေပြီဆိုတာလည်း အားလုံး အသိပါပဲ။ ဒီဆေးဝါးတွေနဲ့ပဲ လူပေါင်းများစွာဟာ အသက်ရှင် နေထိုင်နေကြတယ်ဆိုတာလည်း သိနေကြမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲ အသက်ရှင် အသက်ရှင် ရောဂါပိုးတစ်ခုက ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိနေတာ… သာမန် လူကောင်းတစ်ယောက်လို နေချင်သလိုနေပြီး ကိုယ်ခန္ဓာ ကျမ်းမာရေးကို ဂရုမစိုက်ပဲ နေလို့မရတာ၊ ဆေးပုံမှန်သောက်နေရမှာ၊ ဆေးမသောက်ရသေးခင်စပ်ကြား ကိုယ်ခံအားတွေ ကျလာမှာ၊ အနာအချို့ ပေါက်လာမှာ စတာတွေကတော့ ဒီရောဂါပိုးကို ယူဆောင်ခဲ့မိလို့ ကိုယ်က ပြန်ပြီးပေးဆပ်ရမယ့် ဒုက္ခတွေပါပဲ။ ပြီးတော့ ART လို့ခေါ်တဲ့ HIV ပိုးကို ထိန်းပေးတဲ့ ဆေးကလည်း HIV ပိုးရှိတဲ့သူတိုင်း ပေးနိုင်လောက်အောင် ကျွန်တော်တို့နိုင်ငံမှာ မလောက်ငှသေးတာ၊ ကိုယ့်မှာ ပိုက်ဆံရှိရင်တောင် ရေရှည်ဖြစ်တဲ့အတွက် အကုန်အကျများမှာ၊ ဒါတွေကိုလည်း မေ့ထားလို့ မရပါဘူး။

ဒါကြောင့် ဒီရောဂါပိုးကို ကိုယ့်ခန္ဓာကိုယ်ထဲ မရောက်စေဖို့က ကိုယ့်ရဲ့တာဝန်ပါပဲ။ အဲလို မရောက်မိစေဖို့ဆိုတာလည်း ဒီရောဂါပိုးရဲ့ အဓိကကူးစက်မှုတွေကို သိထားရမှာဖြစ်သလို ဒီအဓိက ကူးစက်မှုကို ကိုယ်က မရှောင်နိုင်ခဲ့ရင် မကူးစက်အောင် ကာကွယ်ပြီး လုပ်ရမှာပါ။ အကာအကွယ် သုံးရမှာပါ။ အာသဝေါ မကုန်ခမ်းကြသေးတဲ့ ပုထုဇဉ်လူသားတွေအနေနဲ့ ကာမတဏှာရာဂကို ဘယ်သူမှ မပစ်ပယ်နိုင်ကြပါဘူး။ တစ်လင်တစ်မယား စနစ်ကို ဘယ်လိုပဲ လက်ခံကျင့်သုံးပါသည် ပြောပြော… ကြက်သားဟင်းကို နေ့တိုင်း မစားချင်ကြတာ ထုံးစံပါ။ ဒါကြောင့် ကန်စွန်းရွက်ကြော်ကလေး၊ ချဉ်ပေါင်ဟင်းလေး တစ်ခါလောက် ပြောင်းစားချင်ပါတယ် ဆိုသောသူများ ကြက်သားဟင်းကို စားခွင့်မရလို့ ကန်စွန်းရွက်ကြော်ကလေး၊ ချဉ်ပေါင်ဟင်းလေးကိုပဲ မြည်းစမ်းချင်သူများ၊ တစ်ခါတစ်လေ စားချင်ရင်ဖြင့် သတိလေး… အသိတရားလေးနဲ့သာ စားကြဖို့တော့ လိုမှာပါ။ ဘယ်လိုပဲ ကျမ်းမာရေးဗဟုသုတတွေ ရှိပါတယ်ပြောပြော ပညာရှိ သတိဖြစ်ခဲဆိုသလို ကိုယ့်ရှေ့မှာ ပျက်စီးသွားခဲ့တဲ့ လူ့ဘ၀တွေကို သင်ခန်းစာယူသင့်ပါတယ်။ ကိုယ့် အမှားကြောင့် ကိုယ်ချစ်တဲ့ မိသားစုတွေ စိတ်ဆင်းရဲရမှာ ပျက်စီးသွားရမှာကို ဘယ်သူမှ လိုလားကြမှာ မဟုတ်ပါဘူး။ အဓိကကတော့ ကွန်ဒုံးသုံးတဲ့ အလေ့အထကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သုံးစွဲကြဖို့ပါပဲ။ ဒါကြောင့် စားတော့စားပါ… ဒါပေမယ့် သတိလေးတော့ ရှိကြပါလို့….

ပါဝါ

Rianbow - စားတော့စားပါ.. ဒါပေမယ့် သတိလေးတော့ရှိပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top