28
Jul

စိတ်ဓာတ် ၅၀၊ ဆေး ၅၀

မြန်မာနိုင်ငံတွင်းက HIV/ AIDS ကူးစက်ရောဂါပိုး ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက် ပေးနေကြတဲ့ ဂေဟာတချို့ကို ရောက်လာကြတဲ့ ဝေဒနာရှင်တွေထဲမှာ ကလေးတွေ ပိုများလာပြီး အများစုဟာ မိဘမဲ့ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

“သုခရိပ်ငြိမ်မှာ ရှိတဲ့ ကလေး ၇၀ မှာ ၆၀ ကျော်က မိဘမဲ့ကလေးတွေပါ။ သူတို့အတွက် အဓိက လိုအပ်နေတာက မိဘရင်းတွေရဲ့မေတ္တာတရားမျိုးပါ” လို့ ဝေဒနာရှင် ကလေးတွေကို ကူညီစောင့်ရှောက်ပေးထားတဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ HIV/ AIDSကူးစက်ရောဂါကို အရင်တုန်းကဆိုရင် မြို့ပြဒေသတွေမှာသာ ပြောဆိုတာတွေ၊ ဖြစ်ပွားနေတာတွေ ရှိပေမယ့် အခုအခါမှာတော့ ကျေးလက်ဒေသတွေမှာပါ လူပြောများလာနေပြီလို့ ဆိုရမှာပါ။ ဒီရောဂါနဲ့ ပတ်သက်ပြီး မြို့ပြရော၊ ကျေးလက်ဒေတွေက လူတချို့မှာပါ တွေ့လာရပြီး အဆိုးဆုံးကတော့ အပြစ်မဲ့တဲ့ ကလေးတွေ ကူးစက် ခံလာ ရတာပါပဲ။

ဝေဒနာရှင်တွေထဲမှာ ကလေးရောလူကြီးပါ တိုးပွား လာရတာကတော့ HIV AIDS ရောဂါနဲ့ ပတ်သက်ပြီး အသိပိုလာတာ၊ အလေးထားလာပြီး ဆေးစစ်မှု ခံယူလာသူ များလာတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ဝေဒနာရှင် တွေကို ကူညီပေးနေကြတဲ့ အဖွဲ့တွေက ဆိုပါတယ်။

အသက်အရွယ်နုနယ်ပြီး အရွယ်မရောက်သေးတဲ့ ကလေးတွေဟာ သူတို့ရဲ့ မိဘတွေဆီက တဆင့် ကူးစက်ခံရတာ ဖြစ်ပြီး ဝေဒနာခံစားနေရချိန်မှာ မိဘတွေရဲ့ နွေးထွေးတဲ့ မေတ္တာကို လိုအပ်ပေမယ့် မိဘတွေ မရှိတော့ အခါမှာ ရောဂါ ပိုမို ဆိုးရွား သွားစေတယ်လို့ တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်က ဂေဟာမှာရှိတဲ့ ဝေဒနာရှင် အမျိုးသားတဦးက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှုအထောက်အကူပြု အဖွဲ့က တည်ထောင်ထားတဲ့ တောင်ဒဂုံ ၁၈ ရပ်ကွက်က ဂေဟာကို ရောက်လာပြီး ဆေးဝါးအကူအညီ တောင်းတဲ့ ဝေဒနာရှင်တွေထဲမှာလည်းကလေးအရေ အတွက်ဟာ အရင်က ဆိုရင် တလမှာ တယောက်စ၊ နှစ်ယောက်စသာ ရှိခဲ့ရာက ၂၀၁၁ နှစ်ဆန်းပိုင်းက စပြီး ဆယ်ဂဏန်းအထိ များလာတယ်လို့ သိရပါတယ်။

“ဆေးပေးနေရတဲ့ ကလေးအရေအတွက်က တလ တလကို ၁၂ ယောက်၊ ၁၃ ယောက်လောက်အထိ တိုးပွားလာနေတယ်” လို့ HIV/ AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD လူမှုအထောက်အကူပြု အဖွဲ့က မဖြူဖြူသင်းက ပြောပါတယ်။

ရောဂါပိုးရှိသူ ကလေးတွေဟာ အသက် ၁ နှစ်ခွဲကနေ ၁၅ နှစ်အထိအရွယ်တွေဖြစ်ပြီး အများစုဟာ မိဘမဲ့ကလေးတွေ၊ ငွေကြေးချို့တဲ့ကြတဲ့ကလေးတွေ ဖြစ်နေပါတယ်။ ဝေဒနာရှင်ကလေး အရေအတွက် တိုးပွားလာ ရခြင်းဟာ မိဘတွေရဲ့ ငွေကြေး ဆင်းရဲကျပ်တည်းမှုတွေ၊ ကျန်းမာရေးအသိပညာ နည်းပါးမှုတွေကြောင့်လည်း ဖြစ်တယ်လို့ သိရတယ်။

“ဥပမာ - HIV ပိုးရှိနေတဲ့ အမေက ကလေးကို နို့မတိုက်သင့်ပေမယ့် နိုးမှုန့်ဖိုး မတတ်နိုင်တော့ သိသိနဲ့ နို့တိုက်တယ်။ တချို့က ရောဂါရှိမှန်း မသိဘဲ နို့တိုက်တယ်။ ဒီတော့ အမေဆီက ကလေးကို ကူးစက်ခံရတွေ များလာ တယ်။ နောက်တခုက မွေးကတည်းက ပါလာကြတာပါ” လို့ မဖြူဖြူသင်းက ဆိုပါတယ်။

တောင်ဒဂုံ ၁၈ ရပ်ကွက်က ဂေဟာမှာရော၊ မြောက်ဒဂုံက သုခရိပ်ငြိမ် ဂေဟာမှာပါ ရောက်နေကြတဲ့ HIV/ AIDS ဝေဒနာရှင် ကလေး အများစုဟာ နယ်ဒေသတွေက ဖြစ်ပြီး ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ မော်လမြိုင်၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ရန်ကုန် စတဲ့ ဒေသအစုံက ဖြစ်ပါတယ်။

အဲဒီကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ကိစ္စတွေကို သာမန်ကလေးတွေနဲ့ တန်းတူဖြစ်ရေး၊ စိတ်ဓာတ် မကျရေးအတွက် ဦးစားပေးလုပ်ဆောင်နေပြီး မိဘရင်းနဲ့ မခြားတဲ့ မေတ္တာတွေနဲ့ စောင့်ရှောက် ပေးထားတယ်လို့ ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။

“ကလေးတွေက သူတို့ကိုယ်သူတို့ HIV/ AIDS ဝေဒနာရှင်ဆိုတဲ့ စိတ်မျိုး၊ မိဘမဲ့ဆိုပြီး အားငယ်နေတာမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်ပါတယ်။ ကျောင်းတက်ရင်လည်း အဲဒီကလေးတွေကို နားလည်ပေးနိုင်တဲ့ကျောင်းတွေ ကို ရွေးပြီးတော့မှ ကျောင်းထား ပေးပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒေါ်သန်းမြင့်အောင် ကိုယ်တိုင် ဦးစီး ကူညီစောင့်ရှောက်ပေးနေတဲ့ မြောက်ဒဂုံ သုခရိပ်ငြိမ် ဂေဟာက ၅ နှစ်အောက် ကလေးတွေ အတွက် မူကြိုကျောင်း တကျောင်းကို ဂေဟာအနီးမှာပဲ ဖွင့်ထားပြီး ဆရာမ ၅ ဦးလောက် ခန့်ထားတယ်လို့ သိရတယ်။ သုခရိပ်ငြိမ်ဂေဟာကို ၂၀၀၅ ခုနှစ်မှာ တည်ထောင်ပြီး ဝေဒနာရှင် ၁၃ ဦး  ရှိခဲ့က အခုအချိန်မှာတော့ ၇၀ ရှိနေပါပြီ။

သုခရိပ်ငြိမ်ဂေဟာမှာ ရှိတဲ့ကလေးတွေဟာ ကူညီထောက်ပံ့မှု အများစု ရကြပေမယ့် တောင်ဒဂုံက NLD လူမှု အထောက် အကူပြု အဖွဲ့က ဦးဆောင်ဖွဲ့ထားတဲ့ ဂေဟာက ဝေဒနာရှင်တွေအတွက်တော့ အကူအညီတွေ လိုအပ်နေဆဲလို့ သိရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ NLD ပါတီနဲ့ ပတ်သက်တာတွေကို အာဏာပိုင်တွေက အမျိုးမျိုး နှောင့်ယှက်နေတာ၊ ခြိမ်းခြောက် နေတာ၊ တားဆီးနေတာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် စေတနာရှင် တချို့ဟာ အလှူဒါန မပြုရဲကြပါဘူး။

အစိုးရရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ နှောင့်ယှက်တာတွေ လုပ်တဲ့အပြင် ရောဂါဝေဒနာ ခံစားနေကြတဲ့ ဝေဒနာရှင် တွေကိုပါ ခြိမ်းခြောက်ခဲ့တဲ့ ကိစ္စကို ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့ပါတယ်။ ဝေဒနာရှင်တွေကို အဲဒီမှာ မနေထိုင်ဖို့၊ နီးစပ်ရာ ဆေးရုံတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ ဖိအားပေးပြီး ဧည့်စာရင်းမပေးတဲ့ အထိ လုပ်ဆောင်ခဲ့ကြ ပါတယ်။

အာဏာပိုင်တွေရဲ့ အဲဒီလို အနိုင်ကျင့်မှု ခံနေရတဲ့အပြင် HIV/ AIDS ဝေဒနာ ရှိပြီလို့ သိရတာနဲ့ မိသားစုဝင်တွေ၊ လူမှု ပတ်ဝန်းကျင် အသိုင်းအ၀န်းတွေရဲ့အထင်သေးတာ၊ ခွဲခြား ဆက်ဆံခံရတာ တွေနဲ့ ကြုံတွေ့နေပြီး တချို့ စာသင်ကျောင်းတွေ ဆိုရင် ရောဂါပိုး ကူးစက်ခံထားရတဲ့ ကလေးကို လက်မခံတာတွေ ရှိနေဆဲပါ။

မြန်မာနိုင်ငံမှာ HIV/ AIDS ဝေဒနာရှိသူ အရေအတွက် ၂ သိန်းခွဲ ၀န်းကျင်ရှိနေပြီး ARV လို့ခေါ်တဲ့ ခုခံအား ကျဆင်းမှု ကာကွယ်ဆေးဝါး ရရှိနိုင်မှုဟာ လူနာ ၅ ဦးမှာ ၁ ဦးနှုန်းသာ ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ AIDS ရောဂါ တိုက်ဖျက်ရေး အစီအစဉ် (UNAIDS) ရဲ့ ၂၀၁၀ အစီရင်ခံစာက ဆိုထားပြီး အဲဒီတဦးဟာလည်းပဲ အပြည့်အ၀ ကုသမှု မရရှိသေးဘူးလို့ ဆိုပါတယ်။

UNAIDS အဖွဲ့ကြီးအနေနဲ့ ARV ဆေးထောက်ပံ့မှုကို ၂၀၁၅ အထိ ကူညီပေးသွားမှာဖြစ်ပြီး ၂၀၁၁-၂၀၁၅ အတွင်းမှာ ဝေဒနာရှင် ၇၀၀၀၀ အတွက် ဆေးဝါးထောက်ပံ့မှု ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ကြီးက ၂၀၀၆ -၂၀၁၀ စီမံကိန်းမှာ ဝေဒနာရှင် ၄၀၀၀၀ ကျော်အတွက် ဆေးဝါး ထောက်ပံ့မှုပေးမယ်လို့ ဆိုခဲ့ပေမယ့် ဆေးဝါး အမှန်တကယ် ရရှိသူအရေအတွက်ဟာ ၂ သောင်းကျော်ပဲ ရှိတယ်လို့ Myanmar Positive Group အဖွဲ့က ဝေဒနာရှင်တဦးဖြစ်သူ ကိုသီဟကြိုင်က ဆိုပါတယ်။

“ကိန်းဂဏန်းတွေက တိုးလာပေမယ့် လက်တွေမှာ ထက်ဝက်လောက်ပဲ ရပါသေးတယ်။ အဲဒါတောင် ခုခံအား ၂၀၀ နဲ့ တွက်ပြီး ပြောတာပါ။ အခု UN ရဲ့နောက်ဆုံး တွက်ချက်မှုတွေမှာ ၃၅၀ အောက်နဲ့ တွက်ရင်ဆေးလို အပ်သူ အရေအတွက်က ၁ သိန်း ၂ သောင်းကျော် ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ HIV ဗိုင်းရပ်စ် ပိုးကို ၁၉၈၈ ခုနှစ်က မူးယစ်ဆေး သုံးစွဲသူတဦးကနေ စတင်တွေ့ရှိခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ AIDS ဝေဒနာရှင်တွေကို စတင်တွေ့ခဲ့ပါတယ်။

“ဝေဒနာရှင် ပိုများလာတာက လူတွေ အသိပိုလာကြတာရယ်၊ ဆေးစစ်မှု ခံယူလာတာရယ်ကြောင့်ပါ။ မိသားစု အတော်များများမှာ တယောက်မဟုတ် တယောက်ကတော့ HIV ပိုးရှိတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဂရု စိုက်ဖို့နဲ့ စိတ်ပိုင်း ဆိုင်ရာ ကြံ့ကြံ့ခံနိုင်မယ့် နည်းလမ်းတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အများကြီး လိုအပ်ပါတယ်” လို့ ကိုသီဟကြိုင်က ဆိုပါတယ်။

မြို့ပြ ဒေသတွေက ဝေဒနာရှင်တွေဟာ ကျန်းမာရေး အသိရှိကြသလို ဆေးဝါးကုသမှုလည်း အတန်အသင့် ရကြပါတယ်။ ဒါပေမယ့် ကျေးလက်ဒေသမှာ ရှိတဲ့ဝေဒနာရှင် အများစုကတော့ မိမိမှာ ရောဂါရှိတာ မသိတာ ရယ်၊ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှု မခံလိုတာရယ် စတဲ့အကြောင်းတွေ အပြင် ဆေးဝါးမကုသ နိုင်တဲ့အတွက် သေဆုံးသွားရသူတွေ ရှိတယ်လို့ သိရပါတယ်။

ဆေးကုသမှု မခံယူနိုင်တဲ့အတွက် ဝေဒနာရှင် ဇနီးသည်နဲ့ သားတဦး သေဆုံးခဲ့ရတဲ့ အကြောင်းကို တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် ဂေဟာက အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းကြည်က ပြောပြပါတယ်။

“ကျနော့်သားလေးက ၂၀၀၉ မှာ ဆုံးသွားပြီးတော့ မိန်းမကတော့ ၂၀၁၀ မှာဆုံးသွားပါတယ်။ ကျနော့်မှာ HIV ပိုး တွေ့ပြီး နောက်နှစ်တွေမှာပဲ သူတို့တွေ ရှေ့ဆင့် နောက်ဆင့် သေဆုံးသွားကြတာပါ” လို့ သူကဆိုပါတယ်။

ဦးဝင်းကြည်ဟာ တောင်တွင်းကြီးမြို့နယ် ဇာတိဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ်မှာ HIV ပိုးတွေ့တယ်လို့ ပြောပါတယ်။ သူ့ဇနီးနဲ့ သူ့သားဟာ သူ့ဆီက တဆင့် ရောဂါ ကူးစက်တာဖြစ်ပြီး ဆေးဝါးကုသမှု မခံယူနိုင်လို့ သေဆုံးခဲ့ ရတဲ့အတွက် သူ့ဘ၀မှာ ဖော်မပြနိုင်လောက်အောင် ၀မ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

“ကျနော့်မှာ HIV ပိုးရှိတယ်လို့ ကြားလိုက်တာနဲ့ ဘ၀တော့ ဆုံးပြီလို့ စိတ်ဓာတ်ချက်ချင်း ကျသွားတယ်၊ မကြာခင်မှာပဲ သားလေးရော၊ မိန်းမပါ ထပ်ပြီးဆုံးရှုံးလိုက်ရတော့ ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ” လို့ ဦးဝင်းကြည်က ၀မ်းနည်းကြေကွဲတဲ့ လေသံနဲ့ တလုံးချင်း ပြောဆိုပါတယ်။

သတိမထားမိဘဲ အပျော်အပါး တခါတရံ လိုက်စားမိရာကနေ အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရတာပါလို့လည်း သူက ဆက်ပြောပါတယ်။ ဝေဒနာခံစား နေရရင်လည်း စိတ်ဓာတ်မကျဖို့၊ အစားအသောက်၊ အနေအထိုင်တွေ၊ ကျန်းမာရေး ကိစ္စတွေကို အလေးထားကြဖို့ အရေးကြီးတယ်လို့ ဦးဝင်းကြည်က ရှင်းပြပါတယ်။

“စိတ်ဓာတ်ကြံ့ခိုင်တာက ၅၀ ရာခိုင်နှုန်း၊ ဆေးဝါးကုသမှုက ၅၀ ရာခိုင်နှုန်းပါ။ ဒီနှစ်ခု ရှိရင် သာမန် လူကောင်းတယောက်လို သွားလာလှုပ်ရှားနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဦးဝင်းကြည်ပြောသလိုပဲ ဆေးဝါးနဲ့ စိတ်ဓာတ် အရေးကြီးတဲ့ အရာ ၂ ခုအနက် စိတ်ဓာတ်ခွန်အားကို မိမိဘာသာ တည်ဆောက်ရင် ရနိုင်ပေမယ့်၊ ဆေးဝါး မလုံလောက်မှု ပြဿနာကတော့ မြန်မာနိုင်ငံက HIV/ AIDS ဝေဒနာရှင်တွေ အတွက်စိန်ခေါ်မှု တရပ် ဖြစ်နေပါတော့တယ်။

ခင်ဦးသာ (28 July 2011)

ဧရာဝတီ - စိတ်ဓာတ် ၅၀၊ ဆေး ၅၀

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top