အသည်း ရောင်စီပိုးရောဂါရှိသူ ၃၀ ကို တန်ဖိုးမြင့်သော ဆေးဝါးများကူ ညီထောက်ပံ့ပေးရန် စီစဉ်နေကြောင်း HIV နှင့်အတူနေထိုင် သူများကွန်ရက်မှ သိရသည်။
မြန်မာနိုင်ငံတွင် အခြားသော ရောဂါများအတွက် နိုင်ငံ တကာအဖွဲ့အစည်းများမှ လှူဒါန်း မှုများရှိနေသော်လည်း အသည်း ရောင်စီပိုး ရောဂါအတွက် သုံးစွဲရသော ဆေးဝါးများမှာမူ နိုင်ငံတကာ လှူဒါန်းမှုများ မရှိသေးသည့် အတွက် မိမိတို့အဖွဲ့မှ တတ်နိုင် သည့်ဝန်ဖြင့် စတင်ခြင်းဖြစ်ကြောင်း HIV နှင့် အတူနေထိုင် သူများကွန်ရက် ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
''စီပိုးရောဂါရှိတဲ့သူ ၃၀ ကို လက်ရှိမြန်မာနိုင်ငံမှာ တစ်လုံး ကျပ် ၁၂၀၀၀၀ ပေါက်ဈေးရှိတဲ့ ဆေးလုံး ၅၄ ပတ်စာ ဆေးပတ်လည်တဲ့ အထိ ထောက်ပံ့ သွားမှာပါ'' ဟု HIV နှင့်အတူနေ ထိုင်သူများကွန်ရက် ဥက္ကဋ္ဌဦး မျိုးသန့်အောင်က ပြောသည်။
အဆိုပါဆေးကို ၅၄ ပတ် ဆေးပတ်လည်အောင် ထိုးရမည် ဖြစ်ပြီး ဆေးပတ်လည်သွားပါက ရောဂါပျောက်နိုင်မည် မဟုတ်သော်လည်း ပိုးကောင် အရေအတွက် လျှော့ကျကာ နောက်ဆက် တွဲရောဂါများဖြစ်ပွားမှုကို နည်း ပါးသွားစေမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆေးပေးရန်မှာမူ လူနာများကမိမိတွင် ပိုးရှိမရှိ စစ်ဆေးရန်လို အပ်ပြီး ရောဂါအဆင့် အလိုက် ကုသမှု ပေးရန်မှာမူ ဆရာဝန်ကြီးများ၏ အကူအညီ ပါမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်း ဦးမျိုးသန့်အောင်က ပြောသည်။
အသည်းရောင် စီပိုးရောဂါရှိကြောင်း ဆေးစစ်ပြီးနောက် ဆေးအတွက် ငွေကြေးချို့တဲ့သူ များကို ဆေးပေးနိုင်ရန်ကူညီပေး သွားမည်ဖြစ်သဖြင့် ဆေးလိုအပ် သူများသည် အမ်ပီဂျီကွန်ရက်၊ အခန်း-၈၄၂ (AB) ခုနစ်လွှာ အထက်ဗဟိုလမ်း ၂-ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့ ဖုန်း-၀၉-၃၁၀၆၅၅၁၀ သို့ဆက် သွယ်နိုင်ကြောင်း သိရသည်။
ငယ်ထွေး(ကလေး) (ရန်ကုန် ၊ ဒီဇင်ဘာ ၂၃)
Yangon Media Group - စီပိုးရောဂါဝေဒနာရှင် ၃၀ ကို တန်ဖိုးမြင့် ဆေးဝါးများ ကူညီထောက်ပံ့ရန် စီစဉ်




