မေး။ ။ ကျွန်တော် အသက် ၂၄ ပါ အတွေ့အကြုံ မရှိပါဘူး။ ပထမဆုံး အကြိမ် ဆက်ဆံတာ ကွန်ဒုံး ကျွတ်သွားတယ်.. အရမ်းကြောက်နေတယ်။ သံသယလည်း ၀င်နေတယ် ရောဂါများ ရနေပြီလားလို့. အဲဒီအချိန်မှာ မူးနေတယ်။ အခုချိန်မှာ ဘာတွေ လုပ်သင့်သလဲ၊၊ ပြောပြပေးပါ။
အဖြေ။ ။ ကွန်ဒုံး ကျွတ်သွားတဲ့ အတွက် သံသယ ၀င်နေတာကို ကုစားနိုင်တာကတော့ သွေးစစ်ပြီးတော့ ရောဂါပိုးတွေ ကူးသွား သလားဆိုတာ စမ်းသပ် ကြည့်ဖို့ရန်ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းလင်းတာတစ်ခုက အခု ကွန်ဒုံး ကျွတ်သွားတာ ဘယ်သူနဲ့ အတူနေရင်း ကျွတ်တာလဲ၊ ဥပမာ ချစ်သူနဲ့လား၊ အပြင်က ကြေးငွေပေးပြီး ခေါ်ထားတဲ့ မိန်းကလေးလား ဆိုတာ သိရရင် ပိုကောင်းပါတယ်။ ပြီးတော့ ကွန်ဒုံး ကျွတ်သွားတာ ဘယ်လောက်နေမှ သိတာလဲ၊ လိင်ကိစ္စပြီးမှ သိတာလား၊ ကျွတ်ကျွတ်ပြီးချင်း တန်းသိတာလား၊
နောက်မေးခွန်းက ကွန်ဒုံးကျွတ်တာ သိတာနဲ့တစ်ပြိုင်နက် ဘယ်လိုနေလိုက်သလဲ၊ ဆိုလိုတာက ကွန်ဒုံးကျွတ်တာ သိရက်နဲ့ လိင်ကိစ္စ ဆက်ဖြစ်နေလား၊ ရပ်လိုက်တာလား၊ နောက်ထပ် ကွန်ဒုံးတစ်ခု ထပ်သုံးပြီး လိင်ကိစ္စ
စခန်းသွားနေခဲ့ပါသလား။
နောက်ဆုံးမေးခွန်းက အဲဒီ လိင်ကိစ္စဖြစ်တာ အခု ကာလ ဘယ်လောက်ကြာပြီလဲ ဥပမာ - ဘယ်နှစ်ရက် ရှိပြီလဲ၊ ဒီမေးခွန်းတွေကို ဖြေပေးနိုင်ရင်တော့ ကျနော်တို့ ဘက်က ဖြေပေးရတာ ပိုပြီး အဆင်ပြေပါတယ်။ အခုတော့ ကွန်ဒုံး ကျွတ်လို့ စိတ်ဓာတ်ကျနေတာကို ဖြေဖျောက်ဖို့ အတွက် ဘယ်လို သွေးစစ် မလဲဆိုတာ ဆွေးနွေးပေးပါ့မယ်။
ကွန်ဒုံး ကျွတ်သွားတယ်ဆိုတာ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း တစ်မျိုးဖြစ်သွား ပါတယ်။ ဒီတော့ ရောဂါပိုးတွေ ကူးစက်ဖို့ အခွင့်အလမ်း များပါတယ်။ ဘာရောဂါတွေ အများအားဖြင့် ကူးစက်တက်သလဲ ဆိုတော့
- ကာလသားရောဂါ (ဆစ်ဖလစ်၊ ဂနို၊ ကလမိုက်ဒီးယား စသည့်ရောဂါများ)
- အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး
- အိတ်ခ်ျအိုင်ဗီ စတာတွေ ကူးစက်တတ်ပါတယ်။
ဒီတော့ သွေးစစ်ဖို့ လိုပါမယ်။ အထူးသဖြင့် ကာလသားရောဂါတွေကတော့ လိင်ကိစ္စပြီး နောက်ပိုင်းမှာ ချက်ချင်း သွေးစစ်ရင် သွေးထဲမှာ သိနိုင် မြင်နိုင်ပါတယ်။ အသည်းရောင် အသားဝါ ဘီပိုး၊စီပိုးတွေ ကလည်း သွေး စစ်ရင် သိနိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗီ HIV ကတော့ လိင်ကိစ္စပြီး နောက် ၃ လနဲ့ ၆ လအတွင်းမှာ သွေးစစ်မှ ရှိ/မရှိကို သိနိုင်ပါတယ်။
ဒီတော့ မိတ်ဆွေ အနေနဲ့ စိတ်အေးအေးနေချင်ရင် နီးစပ်ရာ ဆရာဝန်နဲ့ပြပြီး အရင်ဆုံး ကာသလားရောဂါပိုးနဲ့ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးကို ဓာတ်ခွဲခန်းတွေမှာ စစ်လို့ရပါတယ်။ ရန်ကုန်မှာ နေတယ် ဆိုရင်တော့ အန်ဂျီအို အဖွဲ့အစည်းတွေ မှာလည်း ပြသပြီး စစ်လို့ရပါတယ်။
အိတ်ခ်ျအိုင်ဗီပိုး အတွက်ကတော့ လိင်ကိစ္စအပြီး ၃ လမပြည့်သေးဘူးဆိုရင် အလားတူ လိင်ကိစ္စတွေ မပြုလုပ်ပဲ ရှောင်နေပြီး ၃ လကျော်မှ သွေးစစ် သင့်ပါတယ်။ ၃ လမှာ စစ်လို့ မတွေ့သေးဘူးဆိုရင် နောက်ထပ် ၃ လ ထပ်စောင့် (စုစုပေါင်း ၆ လ) ပြီး သွေးထပ်စစ်ပါ။ အဲဒီမှာ မတွေ့ရင်တော့ စိတ်အေးရပါပြီ။ ရန်ကုန်မှာ နေတယ်ဆိုရင်တော့ အန်ဂျီအို အဖွဲ့စည်းတွေမှ နှစ်သိမ့်ဆွေးနွေး ပညာပေးတဲ့ သူတွေနဲ့ ဆွေးနွေး သင့်ပါတယ်။
လိင်ကိစ္စ ပြုလုပ်ခဲ့တာကို အပြစ်ကြီး တစ်ခုအနေနဲ့ မိမိကိုယ်မိမိ အပြစ်မတင်စေချင်ပါဘူး။ လိင်ကိစ္စဟာ လူသားတိုင်းအတွက် သာမန် လိုအပ်ချက် တစ်ခုသာ ဖြစ်ပါတယ်။ နောက် တစ်ခါတွေမှာ လိင်ကိစ္စဖြစ်တိုင်း စနစ်တကျ ကွန်ဒုံး သုံးဖို့နဲ့ အရက်စတဲ့ မူးယစ်စေတဲ့ အရာတွေကို မသုံးမိဖို့ ဆင်ခြင်သင့် ပါတယ်။
လမင်းကို




