14
Sep

ဆက်လက်ရှင်သန်ခွင့် ရကြပါစေ



“ဟိုနေ့က
ဆေးရုံရက်ချိန်းသွားတာ ရဲက ဖမ်းသွားတယ်” “ကျွန်တော်တို့မှာ သွားရလာရခက်ခဲတယ်။ ကျွန်တော်
ဆေးအလွယ်တကူ မရရင် မသောက် တော့ဘူး” “အသက် ဆက်ရှင်ချင်စိတ်တောင် မရှိတော့ဘူး။ အဲဒီလတွေ
ကျွန်တော်ဆေးတောင် မသောက်ဘူး” “တော်ပြီဗျာ….။ သေချင် သေပစေတော့ ဆေးသွားမယူတော့ဘူး။
ဒီနေ့တောင် ဆေးမသောက်ဘူး”

လူနာတစ်ဦးနှင့်
စကားကောင်းနေသော ကျနော့် အာရုံက ထိုအသံများလာရာ စကားဝိုင်းဆီသို့ ရောက်သွားသည်။ လူငါး
ယောက် သစ်ပင် တစ်ပင်အောက်က ၀ါးကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ထိုစကားများကို စိတ်ပျက်လက်ပျက်ဖြင့်
ပြောနေကြသည်။ သူတို့တွေ မည်သူတွေနည်း။ ကျနော်နှင့် စကားပြောနေသော တီဘီဝေဒနာရှင်တစ်ဦးက
“သူတို့က HIV/AIDS ဝေဒနာသည်တွေလေ။ Grassroots HRE က ဆောက်ပေးထားတဲ့ အခန်း (၂၀) (ရွှေ့ပြောင်းအလုပ်သမား
ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေးဂေဟာ)မှာ နေနေတာပေါ့”ဟု ပြောသည်။ အဆိုပါ တီဘီ ဝေဒနာသည်၏
ပြောပြချက်အရ အခန်း (၂၀) တွင် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရပြီး၊ မသန်မစွမ်းဖြစ်ကာ
လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် မူလအခြေအနေအတိုင်း ပုံမှန်ပြန်မဖြစ်သေးသော ရွှေ့ပြောင်းအလုပ်သမား
ဒုက္ခသည်များ၊ အိမ်တွင်း အကြမ်းဖက်မှုခံခဲ့ရ သော အမျိုးသမီးများနှင့် တီဘီ၊ HIV/AIDS
ဝေဒနာရှင်များ စုစုပေါင်း (၂၄) ယောက်နေသည် ဟုလည်း သိရသည်။

၎င်းတို့၏
ပြောပြချက်အရ တီဘီ၊ HIV/AIDs ဝေဒနာရှင်များကို ဆေးဝါးထောက်ပံ့နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့
(Medicines Sans Frontiers) ဖန်ငခရိုင်မှ ပြောင်းရွှေ့သွားကြောင်းနှင့် အသက်ဆက် ရှင်သန်ခွင့်ရရန်အတွက်
MSF ကိုသာ မှီခိုအားထားနေရသော အဆိုပါလူနာများသည် ဆေးဝါးပုံမှန်ရရှိနိုင်ရန် အခက်အခဲဖြစ်နေကြောင်း
သိရသည်။ ထို့ကြောင့်လည်း သူတို့အနေနှင့် ယခုကဲ့သို့ စိတ်ပျက်လက်ပျက်ဖြင့် အထက်ပါစကားများကို
တစ်ယောက်တစ်ခွန်းကျ ပြောဆိုနေကြခြင်း ဖြစ်သည်။

နယ်စည်းမထား
ဆရာဝန်များအဖွဲ့ (MSF) သည် ထိုင်းနိုင်ငံ၌ ၁၉၇၆ ခုနှစ်ကတည်းက စတင်အခြေချခဲ့ပြီး၊ ထိုင်းနိုင်ငံအတွင်းရှိ
ခရိုင်မြို့ကြီးများဖြစ်သည့် ဘန်ကောက်၊ ချင်းရိုင်၊ ချင်းမိုင်၊ ဖန်င၊ ပါတာနီ၊ ကန်ချနဘူနီနှင့်
ဆန်ခလဘူရီ စသည့် မြို့များတွင်သာမက အဆိုပါခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင်
ရုံးခွဲများဖွင့်လှစ်၍ ဆေးဝါးကုသမှုလုပ်ငန်းများ ပြုလုပ် ပေးခဲ့သည်။ ထိုင်းနိုင်ငံအတွင်း၌
စတင်အခြေချစဉ် ကတည်းကပင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်၊ ဆာကယောက် ခရိုင်ရှိ ဆေးဝါးကုသမှု
လိုအပ်နေသော ဒုက္ခသည်များအား လည်းကောင်း၊ ထို့နောက် ထိုင်း-လာအို နယ်စပ်ဒေသများရှိ ဆေးဝါးကု
သမှုလိုအပ်နေသော လူနာများအား လည်းကောင်း ဆေးဝါးအကူအညီ၊ အထောက်အပံ့များပေးခဲ့သည်။ ၁၉၉၄
ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံသား HIV/AIDS လူနာများအတွက် ဆေးဝါးထောက်ပံ့မှု အစီအစဉ်ကို
စတင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ခူရတ်ဘူရီ ရွာရှိ HIV/AIDS ဝေဒနာရှင်များအတွက် ARV ဆေးဝါးထောက်ပံ့မှု
အစီအစဉ်ကို ဒေသခံဝန်ထမ်းများ၊ NGO များ၊ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းကာ စတင်ခဲ့သည်။

ထိုအချိန်က
MSF သည် HIV/AIDS နှင့် ပက်သက်၍ ဆူရင်၊ ဖက်ဘူရီ၊ ကရစင်၊ ဘန်ကောက်၊ ချင်းရိုင် ဒေသများရှိလူနာ
များအား ARV ဆေးဝါး ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေး ပညာပေးခြင်းတို့ကို ဆူနာမီမဖြစ်မီ
ကာလအထိ ပြုလုပ်ပေးခဲ့သည်။

ဆူနာမီ
ဖြစ်ပြီးနောက်ပိုင်း ၂၀၀၅ ခုနှစ်ဇန်န၀ါရီလတွင် ဆူနာမီ ဒုက္ခသည်များ ကယ်ဆယ်ရေး အဖွဲ့များနှင့်အတူ
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငဒေသတွင် စတင်အခြေချခဲ့သည်။ ထိုအချိန်က ဖန်ငခရိုင်ရှိ
မြို့နယ်နှင့် ကျေးရွာများဖြစ်သည့် တကွာပါ၊ ကော့ကလွိုင်၊ ထပ်လမု စသည့်နေရာများတွင်
ကျန်းမာရေးပညာပေးခြင်း၊ HIV နှင့် TB ကူးစက်ခံရသော လူနာများအား ဆေးဝါးထောက်ပံ့ပေးခြင်း
စသည့် အစီအစဉ်များကို အကောင်ထည်ဖော်ခဲ့သည်။ ထိုအချိန်က ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ
လုပ်ကိုင်သော ရွှေ့ပြောင်း အလုပ်သမားများ၏ ပတ်ဝန်းကျင်၌ AIDS ရောဂါ၊ TB ရောဂါနှင့် ပက်သက်၍
လေ့လာမှုများ ပြုလုပ်ပြီး၊ ဆေးဝါးထောက်ပံ့ရန်လိုအပ်သော လူနာများအား TB ဆေးနှင့် ARV
ဆေးများ ထောက်ပံ့ပေးခဲ့သည်။

နယ်စည်းမထား
ဆရာဝန်များအဖွဲ့ (MSF) မှ TB နှင့် HIV/AIDS ဝေဒနာရှင်များအား ဆေးဝါးထောက်ပံ့ပေးသည့်
ရည်ရွယ်ချက်နှင့် ပက်သက်၍ MSF ရုံး (ဖန်ငခရိုင်ရုံးခွဲ) တွင် ကျန်းမာရေးဝန်ထမ်းအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သော ကိုမင်းဦးမှ အခုလို ပြောပြပါသည်။

“MSF
က တခြား NGO တွေလိုပါပဲ။ နေရာဒေသ တခုထဲမှာရှိတဲ့ community တွေထဲမှာ ဘာတွေလိုနေလဲ ဆိုတာတွေကို
သိရှိပြီး၊ တရားဝင်ဆက်ပြီး ဆေးဝါးကုသမှုတွေ လုပ်နိုင်အောင်လို့ ထိုင်းအစိုးရနဲ့ ပူးပေါင်းပြီး
လုပ်တာပါ” ထို့နောက် MSF ဖန်ငဒေသမှ ရွှေ့ပြောင်းသွားရခြင်းနှင့် ပက်သက်ပြီး သူက အခုလို
ပြောပါသည်။

“နောက်ဆုံးကတော့
ပြီးခဲ့တဲ့ ၂၀၀၉ ဇွန်လမှာ MSF အနေနဲ့ ဖန်ငဒေသမှာရှိတဲ့ သူ့ရဲ့  ကျန်းမာရေးစီမံကိန်းကို ရပ်လိုက်တယ်။ ဒီ ဖန်ငမှာရှိတဲ့
သူ့ရဲ့ စီမံကိန်းကို ရပ်လိုက်ရတဲ့ အကြောင်းကတော့ ဘယ်လ်ဂျီယမ်မှာရှိတဲ့ MSF ရုံးချုပ်က
ပုဂ္ဂိုလ်တွေ ဖန်င ဒေသကိုလာပြီး ကွင်းဆင်းကြည့်ရှုတယ်။ သူတို့ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တဲ့
နေရာမှာ ဘယ်လောက်ထိ လုပ်ထားပေးပြီးပြီလဲ။ လူထုအနေနဲ့ ဘာတွေ လိုနေသေးလဲဆိုတာကို ကြည့်တယ်။
တစ်ချိန်ထဲမှာပဲ အာဖရိကနဲ့ တခြားနိုင်ငံ တွေမှာရှိတဲ့ လူနာတွေရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်တယ်။
အခု ဒီဒေသမှာက ဟိုဖက် အာဖရိကမှာရှိတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေး အခြေအနေတွေက
သာတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အခြေအနေဆိုးတဲ့ ဟိုဖက်က အခြေအနေတွေကို ပိုပြီးဦးစားပေးသင့်တယ်ဆိုတဲ့
အနေမျိုးနဲ့ ဒီဖန်ငမှာရှိတဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်လိုက်တာပါ”

 

MSF ဖန်ငဒေသမှ
ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်းကို MSF ရုံး (ဖန်ငခရိုင်ရုံးခွဲ) က ၂၀၀၉ ခုနှစ် မေလတွင်
တရားဝင်ထုတ် ပြန်ကြေငြာခဲ့သည်။ MSF အပေါ် မှီခိုအားထားနေရသော၊ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှုအောက်တွင်
ရှိနေသော TB နှင့် HIV/ADS ဝေဒနာရှင်များမှာ ထိုသတင်းကို ကြားရသောအခါ ဆောက်တည်ရာမရ
ဖြစ်ကုန်ကြသည်။ ဖန်ငဒေသရှိ TB နှင့် HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါးရရှိနိုင်သည့်
အရင်းမြစ်မှာ MSF မှ တပါး အခြားမရှိခဲ့ပေ။ အဆိုပါ ဝေဒနာရှင်များ အတွက် MSFသည် သူတို့၏
မျှော်လင့်ချက်အလင်းရောင်၊ MSF သည်သာ သူတို့၏ အနာဂါတ်ဖြစ်ခဲ့သည်။ MSF ဖန်ငဒေသမှ ပြောင်းရွှေ့သွားခြင်းကြောင့်
ဝေဒနာရှင်များ၏ မျှော်လင့်ချက်အလင်းရောင် မှေးမှိန်ရတော့မည်လော၊ သို့တည်းမဟုတ် သူတို့၏
အနာဂါတ်တွေ ပြိုလဲသွားရတော့မည်လော ဟူသော အတွေးများက လူနာများ၏ MSF အပေါ်ထားရှိသော ယုံကြည်
ချက်တို့အား လှဲဖြိုပစ်နေသည်။

“အလကားပါဗျာ။
ကျုပ်တို့ကို အသက်ရှည်အောင် ဆွဲဆန့်ပြီး ဒုက္ခပေးသွားတာ” ဟူသော HIV ကူးစက်ခံရသော ဝေဒနာသည်တစ်ဦး၏
အသံက ၀မ်းနည်းခြင်း၊ ခံပြင်းဒေါသထွက်ခြင်းတို့ ရောပြွန်းလျှက် စိတ်မကောင်းစွာ ကြားလိုက်ရသည်။

ဖန်ငဒေသတွင်
အခြေချနေထိုင်ကြသော MSF မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ၀န်ထမ်းများ၊ MSF ၏ ကျန်းမာရေး စောင့်ရှောက်မှု
ခံခဲ့ရသော HIV/AIDS နှင့် TB ဝေဒနာရှင်များ စုပေါင်းကာ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် MSFမှ HIV/AIDS နှင့် TB ဝေဒနာရှင်များအား MSF ပြောင်းရွှေ့သွားပြီးနောက်
ကျန်းမာရေးနှင့် ပက်သက်လာလျှင် မည်သည့် ကျန်းမာရေး၊ လူမှုရေး အဖွဲ့အစည်းများကို ဆက်သွယ်ရမည်ကို
လူနာများအား မှာကြားခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နယ်စည်းမထား ဆရာဝန်များအဖွဲ့
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှ ထွက်ခွာချိန်တွင် လူနာများအား အောက်ပါအတိုင်း
စီစဉ်ပေးခဲ့သည်ဟု လူနာများထံမှ တဆင့်သိခဲ့ရသည်။

 

၁)
ARV ဆေးဝါးအား တစ်သက်စာအတွက် ထိုင်းဆေးရုံများနှင့် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်။

၂)
World Vision က လူနာများ ထိုင်းဆေးပေးခန်းနှင့် ဆေးရုံများတွင် ဆေးဝါးထုတ်ယူရန်အတွက်
လမ်းစရိတ်နှင့် နောက်ဆက်တွဲ ရောဂါများအတွက် တာဝန်ယူ ဆောင်ရွက်ပေးမည်။

သို့သော်
MSF ပြောင်းရွှေ့သွားပြီးနောက် လူနာများ ကြုံတွေ့ရသော အခက်အခဲမှာ ဆေးရုံသို့ သွားရေး လာရေးအတွက်
စရိတ်စက မတတ်နိုင်ခြင်း၊ လမ်းတွင် ရဲများက စစ်ဆေးမေးမြန်းပြီး ငွေတောင်းခြင်း စသည့်
အခြေအနေများနှင့် ကြုံတွေ့နေ ရကြောင်းလည်း သိရသည်။

ထိုအကြောင်းနှင့်
ပက်သက်ပြီး မကြာသေးမီက တကွာပါဆေးရုံသို့ ဆေးယူရန် သွားခဲ့သော “ရွှေ့ပြောင်းမြန်မာ အလုပ်သမား
ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေးဂေဟာ” မှ HIV /AIDS ဝေဒနာရှင်တစ်ဦးက အခုလို ပြောပြသည်။

“ဟိုနေ့က
ဆေးရုံကို ရက်ချိန်းစေ့လို့သွားတာ ရဲကဖမ်းသွားတယ်။ ရဲစခန်းမှာ အကြာကြီးပဲ ထိုင်နေရတယ်။
ဘယ်သူ့ခွင့်ပြု ချက်ရှိလဲ၊ ဆရာဝန်ထောက်ခံစာ ပါလားလို့လည်း မေးတယ်။ ဆေးရုံကခဏခဏ ချိန်းတာ လွယ်တယ်။
ဒါပေမယ့် ကျွန်တော် တို့မှာ သွားရ လာရတာ ခက်ခဲတယ်။ ကျွန်တော် ဆေးအလွယ်တကူ  မရရင် မသောက်တော့ဘူး”

“ကျနော်
ဒီနေ့ဆေးရုံမှာ ဆေးသွားထုတ်တယ်။ ထိုင်းဆရာဝန်က (၂)လစာပေးဖို့ပြောတာကို “ဒီယမ်” က တစ်လစာပဲ
ထုတ်ပေးလို့ ပြောတယ်။ ဆရာဝန်ကလည်း လက်မှတ်ထိုးလိုက်တယ်။ တကယ်တမ်းပေးတော့ ကျနော့်ကို
တပတ်စာပဲပေး လိုက်တယ်။ (၃)ရက်နေ့မှာ ပြန်လာဖို့ နောက်တစ်ကြိမ်ခေါ်တယ်။ ကျွန်တော် ထပ်မသွားနိုင်တော့ဘူး။
လမ်းခရီးမှာ ရဲဖမ်းခံရမှာလည်း စိုးရိမ်တယ်။ နောက်ပြီး လမ်းစရိတ်လည်း မရှိတော့ဘူး။ တော်ပြီဗျာ။
သေချင်သေပစေတော့၊ ဆေးသွားမယူတော့ဘူး။ ဒီနေ့တောင် ဆေးမသောက်ဘူး” ဟု အခြား ဝေဒနာရှင်တဦးက
ပြောပြပါသည်။

နယ်စည်းမထား
ဆရာဝန်များအဖွဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင်
ပထမအနေနှင့် ARV ဆေး၊ လူနာများအား ထောက်ပံ့ထားသော အစားအစာများနှင့် ခရီးစရိတ်များကို
ဖြတ်တောက်ခဲ့သည်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ မပြောင်းရွှေ့မီက လူနာတစ်ဦးအား တစ်လလျှင်
ဆန် (၁၀) ကီလို၊ ဆီ (၂) ဗူး၊ ခေါက်ဆွဲထုပ် (၁၀) ထုပ်နှင့် ငါးသေတ္တာ (၂) ဗူးတို့ကို
ထောက်ပံ့ပေးခဲ့သည်။ Grassroots HRE (FED)မှ ကျန်းမာရေးဌာန အနေနှင့် အခြား အသီးအနှံနှင့်
အသားများ ၀ယ်စားနိုင်ရန် တရက်လျှင်  လူနာတစ်ဦးစီအား
ဘတ်(၃၀) စီ ထောက်ပံ့ပေးခဲ့သည်။

သို့သော်
MSF ပြောင်းရွှေ့သွားပြီးနောက် “ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ ယာယီ စောင့်ရှောက်ရေးဂေဟာ”
မှ လူနာတစ်ဦးက သူ၏ခံစားချက်ကို ယခုလိုပြောပြသည်။

“လူနာတွေကို
ရိက္ခာ ဖြတ်မယ်လို့ ပြောသံကြားကတည်းက တော်တော်လေးကို စိတ်ညစ်နေတယ်။ ကျနော့်ဘက်ကလည်း
စားသောက်ရေးအတွက် အလုပ်ထွက်လုပ်ရအောင်လည်း နှလုံးရောဂါ ရှိနေသေးလို့ ဆရာဝန်က အလုပ်ကြမ်း
ပေးမလုပ်သေးဘူး၊ အဲဒီတော့ မခက်ဘူးလား။ တကယ်တမ်း ရိက္ခာပေးတော့ ကျုပ်ကို ချန်ထားတော့
စိတ်ထဲ ဘယ်လိုဖြစ် တယ်မသိဘူး။ ထမင်းမှ မစားရရင် သေမှာပဲ။ ဘာဖြစ်လို့ ARV ဆေးတွေ ဆက်သောက်မှာလဲ။
ဆေးသောက် နေလည်း မထူးပါဘူး။ ခင်ဗျား တွေးကြည့်ဗျာ။ ဆေးသောက်ပြီး ထမင်းမစားရရင် ကျုပ်ဘယ်လို
ဆက်ပြီး အသက်ရှင်မလဲ။ ဘာထူးမလဲ”

“အင်း…
အဲဒီအသံကြားတော့ ကျနော် အလုပ်ထွက်လုပ်တယ်။ ကိုယ့်စားသောက်စားရိတ် ကိုယ်ရှာဖို့ပေါ့။
ကျနော် ဒီတန်းလျားကို မရောက်ခင် ထန်းလမုမှာ လှေလိုက်တယ်။ ကျနော် ကျွမ်းကျင်တာလည်း အဲဒါပဲ။
အခုဆေးက ဆေးရုံမှာ ပုံမှန် ရက်ချိန်းနဲ့ သွားယူနေရတော့ လှေပြန်လိုက်လို့ကလည်း မရဘူး။
တန်းလျားနဲ့နီးတဲ့ ပန်းရံဆိုက်မှာ အလုပ်သွားလုပ်တာ နှစ်လရှိပြီ၊ ပိုက်ဆံမရဘူး။ အဲဒီတော့
ဘယ်လိုလုပ်မလဲ။ ကျနော် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတာဗျာ၊ သူဌေးက လုပ်ခရှင်းမပေးတော့
ဝမ်းနည်းလို့ ငိုမိတယ်။ အသက်ဆက်ရှင်ချင် စိတ်တောင်မရှိတော့ဘူး”

မိမိသာ
တီဘီ (သို့မဟုတ်) HIV ကူးစက်ခံထားရသည့် လူနာဆိုလျှင်လည်း အထက်ပါ ဝေဒနာရှင်များကဲ့သို့ပင်
ခံစားရမည်ဖြစ်သည်။ မည်သူတဦး တယောက်မဆို လူသားတစ်ဦး ဖြစ်လာလျှင် မျှော်လင့်ချက် တစုံတရာတော့
ရှိကြသည် ချည်းပင်ဖြစ်သည်။ လူတိုင်း မျှော်လင့်ချက် တစ်ခုနှင့် အသက်ရှင်နေကြသည်သာ ဖြစ်သည်။
ဘ၀ရှိလျှင် မျှော်လင့်ချက်ရှိသည်။ ထို့နည်း တူပင် မျှော်လင့်ချက် မရှိလျှင်လည်း ဘ၀သည်
အဓိပ္ပါယ်မရှိ။

လူနာများအား
ရေရှည်တွင် ဆေးဝါးရရှိနိုင်ရေးနှင့် ပက်သက်၍ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန
(Grassroots HRE)မှ ကျန်းမာရေးမှူး ကိုအောင်ကြည်က “ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ကတော့
နောက်ထပ် ကျနော်တို့ဆီကို ရောက်လာတဲ့ HIV/AIDS လူနာတွေ ရှိနေတယ်။ အဲဒီ လူနာတွေ အတွက်ကျတော့
ဘယ်ကနေ ဆေးဝါးအကူအညီ ရမလဲဆိုပြီး အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီ ရှာရတာတွေလည်း
ရှိတယ်။ ဒါပေမယ့် အခုထိ အကူအညီဆိုတာကတော့ မရသေးပါဘူး။ အခု ကျနော်တို့ အဖွဲ့အစည်းရဲ့
ရွှေ့ပြောင်းအလုပ်သမား ဒုက္ခသည်များ ယာယီစောင့်ရှောက်ရေး ဂေဟာ” က တီဘီ လူနာဟောင်းတွေဆိုရင်တောင်
လက်ရှိဆေးဝါး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းက ဆေးဝါးအထောက်အပံ့ကို ဖြတ်တောက် ပစ်လိုက်တယ်။
ဒါကြောင့် ကျနော်တို့မှာ လူနာဟောင်းတွေရော၊ နောက်ရောက်လာတဲ့ လူနာအသစ်တွေ အတွက်ပါ ဆေးဝါးရရှိဖို့
တော်တော်ကို လိုအပ်နေတယ်” ဟု ပြောသည်။

MSF ဖန်ငဒေသမှ
ထွက်ခွာသွားခြင်းအတွက် ထိုဒေသရှိ လူနာများ၏ မျှော်လင့်ချက်များ ပြိုလဲခဲ့ရသည်။ အားကိုးရာ
မဲ့ခဲ့ရသည်။ သူတို့၏ အနာဂါတ် ရေရှည် ဆက်လက်ရှင်သန်ခွင့်ရရန် ဆေးဝါးရရှိရေးက အဓိကကျလာသည်။
သို့သော် ဆေးဝါးထောက်ပံ့ ပေးနိုင်မည့် အဖွဲ့အစည်းအား ယခုတိုင် မတွေ့သေး။ ရေရှည်တွင်
လူနာများ မည်သို့ ဆက်လက်ရှင်သန် မည်နည်း။ လူနာများ သာမက အနီးကပ်ပြုစုကြရသူ ကျန်းမာရေးဝန်းထမ်းများကပါ
ဆေးဝါးရရှိရေးအတွက် ပူပန်နေကြရ သည်။ အားလုံး၏ စိတ်ထဲတွင်တော့ လူနာများ၏ မျှော်လင့်ချက်များ
“ဆက်လက်ရှင်သန်ခွင့် ရကြပါစေ….” ဟုသာ ဆုတောင်းနေမိသည်။

http://ghre.org/mm/

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top