ART ဆေးဝါး အလုံအလောက် မရရှိသည့်အတွက် HIV ရောဂါ ပိုးရှိသူများမှာ ၄င်းတို့၏ ကိုယ်ခံစွမ်းအားများ ကျဆင်းအောင် ပြုလုပ်၍ ဆေးရရှိရန် ကြိုးပမ်း လာကြကြောင်း NGO တစ်ခု၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
”ဘာကြောင့်လဲ ဆိုတော့ ကိုယ်ခံစွမ်းအားကို တိုင်းတာတဲ့ CD4 အရေအတွက် ၂ဝဝ နဲ့ ၁၅ဝ လောက်ရှိမှ ART ဆေးရမှာဆိုတော့ ဆေးမရရအောင် အိပ်ရေးပျက်ခံ၊ အစာ မစားတော့ဘဲ ကိုယ်ခံစွမ်းအားတွေကို လျှော့ ချပြီး ဆေးရအောင် ယူလာကြတာတွေ များလာတယ်” ဟု ၄င်းက ထပ်မံပြောသည်။
ယခုအခါ မြန်မာနိုင်ငံရှိ HIV ရောဂါ ဝေဒနာရှင်များအား ART ဆေးဝါးပေးနိုင်မှုမှာ ယခင် ကထက် ပိုမိုလျော့နည်းလာသည့် အတွက် ကိုယ်ခံစွမ်းအား အဆင့် CD4 အဆင့်ရှိသော ရောဂါ ဝေဒနာရှင်များ ကိုသာ ART ဆေးဝါးများကို စိစစ်၍ ပေးနိုင် တော့ကြောင်း ၄င်းက ပြောသည်။
ထိုသို့ လုပ်ဆောင်မှုများမှာ HIV ဝေဒနာရှင်များအတွက် အသက်အန္တရာယ် အလွန်စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း၊ ၄င်းကဲ့သို့ ပြုမူဆောင်ရွက်လာ သူအများစုမှာ HIV ဆေးကိုပြင်ပမှ ဝယ်ယူ မသုံးစွဲနိုင်သည့် ဆင်းရဲ နွမ်းပါးသူ HIV ဝေဒနာရှင်များ ဖြစ်ကြောင်း၊ အဆိုပါ လွဲမှားသော အယူအဆများဖြင့် ART ဆေးဝါးရရှိအောင် ကိုယ်ခံစွမ်းအား ကျဆင်းအောင်၊ ပြုလုပ်ခြင်းကြောင့် ရောဂါပိုး ပေါင်းစုံ အလွယ်တကူ ဝင်ရောက် လာနိုင်ပြီး စောစီးစွာ အသက်သေဆုံးနိုင်ကြောင်း၊ ထို့ အပြင် ART ဆေးဝါး လိုအပ်သော HIV ဝေဒနာရှင်များအား ART ဆေးဝါး လုံလောက်စွာ မပေးနိုင်ခြင်းကြောင့် ယခုအခါ ART ဆေးယဉ်ပါးမှု ပြဿနာ များကို ပူးတွဲ ကြုံတွေ့လာ ရပြီး ရောဂါ ထိန်းချုပ်ရန် ခက်ခဲသည့် အခြေအနေများ ရင်ဆိုင်လာရကြောင်း ၄င်းက ဆက်လက်ပြောသည်။
HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ၂ဝ၁ဝ ခုနှစ်တွင် ART ဆေးဝါးကုသမှု ခံယူရန် လိုအပ်သော HIV/AIDS လူနာဦးရေ ၇၄ဝဝဝ ရှိသည့်အနက် ဆေးဝါးလုံလောက်စွာ မရရှိမှုကြောင့် လူနာဦးရေ ၃ဝဝဝဝ ကိုသာ ကုသမှုပေးနိုင် ခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင်မူ HIV/AIDS တိုက်ဖျက်ရေးကို အဓိက ကူညီပံ့ပိုးပေးနေသော Global Fund နှင့် 3D Fund အဖွဲ့များ၏ ကူညီမှုရပ်ဆိုင်း လိုက်ပြီးနောက် ART ဆေးရရှိမှု မှာ အခက်အခဲများ ဖြစ်ပေါ်လာ ပြီး CD4 အရေအတွက် ၃၅ဝ နှင့်အောက် ရှိသည့် ART ဆေးဝါးကုသမှု ခံယူရန် လိုအပ်သော လူနာဦးရေ ၁၂ဝဝဝဝ ခန့် ရှိသည့်အနက် ၄ဝဝဝဝ ခန့်ကိုသာဆေး ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။
(ရန်ကုန်၊ မေ ၁၂)
Popular - ဆင်းရဲနွမ်းပါး HIV ပိုးရှိသူများ ကိုယ်ခံစွမ်းအား ကျအောင် ပြုလုပ်၍ ဆေးရရှိအောင် ကြိုးပမ်းလာ




