7
Dec

ဆယ်နှစ်တာ ကာလအတွင်း အေ့ဒ်စ် ကူးစက်နှုန်း သိသာစွာ ကျဆင်းဟုဆို

မြန်မာနိုင်ငံ၌ HIV ကူးစက်ခံရမှုနှုန်းမှာ ၁ဝ နှစ်တာအတွင်း သိသာစွာ ကျဆင်းသွားခဲ့ကြောင်း UNAIDS ၏ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ထုတ်ပြန်သော ကမ္ဘာလုံး ဆိုင်ရာ HIV ကူးစက်ခံရမှု အခြေအနေ အစီရင်ခံစာအရ သိရသည်။

ထိုအစီရင်ခံစာကို UNAIDS အဖွဲ့အနေဖြင့် ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ HIV ပိုး ကူးစက်ခံရမှုများသော အသက် ၁၅ နှစ်မှ ၄၉ နှစ်အကြားရှိ ကမ္ဘာတစ်ဝန်းမှ ပြည်သူ များအား သုတေသနပြု စစ်တမ်း ကောက်ယူ ခဲ့ခြင်းဖြစ်ပြီး ထိုအစီရင်ခံစာ စစ်တမ်းအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ဆယ်နှစ်တာအတွင်း HIV ပိုး ကူးစက်ခံရမှုနှုန်း ၅ဝ ရာခိုင်နှုန်း ကျော်အထိ ကျဆင်းသွားသည်ကို တွေ့ရှိရသည်ဟု UNAIDS မှ ဒေါက်တာစိုးနိုင်က ပြောသည်။

”အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရမှုနှုန်းက ဆယ်နှစ်အတွင်း မှာ ၇၄ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်။ အခုလို ရောဂါကူးစက်ခံရမှုနှုန်း တွေ ကျသွားရတာက ပြည်သူတွေအကြားမှာ HIV နဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ တိုးလာလို့ပဲ။ အရင်က HIV ကူးစက်ခံရမှုနှုန်း မြင့်မားတဲ့ Drug user တွေကြားမှာ ကူးစက်ခံရမှုနှုန်းက ၄၄ ရာခိုင်နှုန်းရှိပေမယ့် အခုဆိုရင် ၂ဝ ရာခိုင် နှုန်းပဲ ရှိတော့တယ်” ဟု ၄င်းကဆိုသည်။

UNAIDS အဖွဲ့၏ အစီရင်ခံစာအရ လက်ရှိ၌ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံနေရသူ နှစ်သိန်းလေးသောင်းကျော် ရှိနေပြီး ၄င်းတို့အနက် ARV ဆေးသောက်ရန် လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသော်လည်း ဝေဒနာရှင် လေးသောင်းခန့်ကိုသာ ARV ဆေးအကူအညီ ပေးနိုင်သေးကြောင်း၊ မြန်မာနိုင်ငံ၌ HIVနှင့် AIDS ပပျောက်ရေးအတွက် ဆေးဝါးများဝယ်ယူရန် ငွေကြေးအခက်အခဲ အပါအဝင် ခွဲခြား ဆက်ဆံခံရမှု စသော စိန်ခေါ်မှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သော်လည်း ထိုအခက်အခဲများအား ကျော်လွှား နိုင်ရန် အစိုးရသာမက ကုလသမဂ္ဂနှင့် NGO အဖွဲ့အစည်းများမှ ပိုမိုပူးပေါင်းဆောင် ရွက်သွားရန် လိုအပ်နေသေးကြောင်း ဒေါက် တာစိုးနိုင်က ထပ်မံပြောသည်။

လက်ရှိ၌ ကမ္ဘာပေါ်တွင် HIV ပိုး ကူးစက်ခံထားရသူပေါင်း ၃၄ သန်းရှိသည့်အနက် ထပ်မံကူးစက် ခံရသူပေါင်း နှစ်သန်းခွဲနှင့် ထိုရောဂါပိုးမှတစ်ဆင့် ဖြစ်ပွားသော ခုခံအား ကျဆင်းမှုရောဂါကြောင့် သေဆုံးရသူ အရေ အတွက်မှာ တစ်သန်းခုနစ်သိန်းခန့် ရှိကြောင်း၊ မြန်မာနိုင်ငံ၌လည်း အဆိုပါ ရောဂါကြောင့် သေဆုံးသူဦးရေမှာ သေဆုံးမှု အများဆုံး ဖြစ်ပွားသောရောဂါများအနက် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး နှစ်စဉ် လူဦးရေ ခုနစ်ရာခိုင်နှုန်းမှာ ၄င်းရောဂါကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

Popular - ဆယ်နှစ်တာ ကာလအတွင်း အေ့ဒ်စ် ကူးစက်နှုန်း သိသာစွာ ကျဆင်းဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top