17
Nov

ဆရာဝန်တဦး၏မှတ်တမ်း

ရောဂါဝေဒနာ ပျောက်ကင်းဖို့အတွက် ဆရာဝန်ကို ယုံယုံကြည်ကြည် ဖွင့်ဟပြောကြားကြတဲ့ လူနာရဲ့အတွင်းရေးကို ပြင်ပကို မပေါက်ကြားအောင် ထိန်းသိမ်းကာကွယ်ပေးဖို့ ဆရာဝန်တွေမှာ တာဝန်ရှိတဲ့ အကြောင်း တင်ပြထားပြီး ဦးဘအောင်က ဖတ်ကြားထားသော RFA အသံဖိုင်မှတဆင့် ရေးသားဖော်ပြထားပါတယ်...

ဆေးကုသ ခံယူမယ့်လူနာဟာ ရောဂါဝေဒနာ ပျောက်ကင်းသက်သာစေဖို့အတွက် သူ့ရဲ့ကိုယ်ခန္ဓာ တခုလုံးကို ဆရာဝန်ဆီမှာ ပုံအပ်ပြီး ဆေးစမ်းသပ်ခိုင်းကြလေ့ရှိပါတယ်။ မမြင်ဝင့် ဆေးဆရာဆိုတဲ့ စကားအတိုင်း ဆရာဝန်ရှေ့ကို ရောက်ရင် လူတိုင်း ရှက်စိတ်ကို ပယ်ဖျောက်ပြီး ကိုယ်ခန္ဓာမှာ ဖုံးအုပ်ထားတဲ့ အစိတ်အပိုင်းတွေကို ဆရာဝန်ကိုယ်တိုင် ကိုင်တွယ် ကြည့်ရှူ့စမ်းသပ်လို့ရအောင် ဖွင့်လင့် ပြသကြရတာတွေလည်းပဲ ရှိတတ်ပါတယ်။ ဆရာဝန်ကို ယုံယုံကြည်ကြည် ဖွင့်ဟပြောကြားလာတဲ့ လူနာရဲ့အတွင်းရေးကို ဆရာဝန်က ထိန်းသိမ်းကာကွယ်ပေးဖို့ တာဝန်ရှိခဲ့ပါတယ်။

ဒါအပြင် လူနာကို စမ်းသပ်ကြည့်ရှူ့လိုက်လို့ တွေ့မြင့်သိရှိလာတဲ့ အချက်အလက်တွေကို လည်းပဲ အများသူငါထံ မပေါက်ကြားရအောင်  ဆရာဝန်ကပဲ အသက်ထက်ဆုံး ထိန်းသိမ်း ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ လူနာရဲ့ လျှို့ဝှက်ချက်ကို ပြင်ပ မပေါက်ကြားစေဖို့ ဆရာဝန်ဘက်က ထိန်းသိမ်းလိုက်နာရတာ (ပရက်ဖတ်ရှင်နယ် စီကရက်စီ) လို့ခေါ်ဆို ကျပါတယ်။

ဆရာဝန်အများစုက ဒီကျင့်ဝတ်ကို လိုက်နာစောင့်ထိမ်းနေကြပေမဲ့ လူနာတချို့ရဲ့ လျှို့ဝှက်ချက်တွေဟာ နည်းအမျိုးမျိုးနဲ့ ပြင်ပကို ပေါက်ကြားနေတာတွေ ရှိနေတတ်ပါတယ်။ လူနာတချို့ အတွင်းရေးဟာ ရပ်ထဲ ရွာထဲမှာသာ မကပဲ သတင်း၊ ဂျာနယ်တွေထဲမှာပါ ဟိုလေးတကျော်ကျော်နဲ့ ပေါက်ကြား သွားခဲ့ရတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့ဘူးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ဆရာဝန်တွေ အစဉ်တဆက် ကျင့်သုံးလိုက်နာခဲ့ရတဲ့ (ဟစ်ပေါခရစ်တီးစ်)  သစ္စာတိုင်ချက်ထဲမှာ ဆရာဝန်တယောက်ဟာ လူနာ တယောက်ကို ဆေးကုသတဲ့ အချိန်မှာပဲ ဖြစ်စေ၊ ဒါမှမဟုတ် လူနာရဲ့ ဖြစ်စဉ်တလျောက်လုံးမှာပဲ ဖြစ်စေ သူကိုယ်တိုင် ကြားသိသမျှ မြင်သိသမျှ အလုံးစုံကို ပြင်ပကမ္ဘာကို မပေါက်ကြားရအောင် ထိန်းသိမ်းပေးပါ့မယ်လို့ ပါရှိပါတယ်။ မထိန်းသိမ်းနဲ့ ဆရာဝန်ကို အရှက်မရှိသူ အဖြစ်နဲ့ သတ်မှတ်ခဲ့ကြဘူးပါတယ်။

လူနာဘက်က အရှက်ကို မြိုသိပ်ပြီး ဆရာဝန်ကို ဖွင့်ဟပြီး တိုင်ပင်လိုက်ရပေမဲ့ ဆရာဝန်ဘက်က လူတိုင်းရဲ့ အတွင်းရေကို ထိန်းသိမ်းမပေးပဲ အများတကာကို ဖွင့်ဟလိုက်တယ် ဆိုရင် အဲဒီ ဆရာဝန်ကို အရှက်ကင်းမဲ့တဲ့ ဆရာဝန်လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒီနေ့ကာလမှာ ဆေးရုံးအချို့မှာ လူနာကို သီးသန့်ကာရံထားတဲ့ အခန်းမှာ စမ်းသပ်ရမဲ့ အစား ခန်းမကြီး တခုထဲမှာ ရောနှော စမ်းသပ်နေတဲ့အတွက် လူနာရဲ့ အတွင်းရေးဟာ အနီးအနားက လူတွေဆီကို ပေါက်ကြားသွားတတ်ပါတယ်။ ဒါအပြင် လူနာမှတ်တမ်းကို လူနာ ကုတင်ခြေရင်းမှာ ချိန်ဆွဲထားလေ့ရှိတဲ့ အတွက် ဆေးကျောင်းသားနဲ့ သူနာပြုတွေ သာမကပဲ အခြားလူနာနဲ့ ဧည့်သည်တွေကပါ လူနာရဲ့ လျှို့ဝှက်ချက်တွေကို အလွယ်တကူ ဖတ်ရှူ့ကြည့်လိုသိနိုင်ပါတယ်။

ဆေးရုံးပေါ်က လူနာတယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး တွေ့ရှိထားတယ်ဆိုရင် သန့်ရှင်းရေး အလုပ်သမားကတောင် သိရှိနေတတ်ပါတယ်။ ဝန်ထမ်းတွေကဆင့် ဆေးရုံတရုံလုံးကို ပေါက်ကြားသွားတာပဲ ဖြစ်ပါတယ်။ ပြင်ပ လူနာအများအပြား ကြည့်ရှူ့နေရတဲ့ ဆရာဝန်ကြီး တချို့ဟာ အချိန်တိုတို အတွင်းမှာ လူနာတွေကို မြန်မြန်ဆန်ဆန် ကြည့်ရှူ့လို့ရအောင် စမ်းသပ်ခန်းထဲကို တကြိမ်မှာ လူနာ ၅ ယောက်အထိ  ပြုံသွင်းပြီး စမ်းသပ်တာတွေလည်းပဲ ရှိနေပါတယ်။

ဗေဒင်ဆရာတွေ ဗေဒင်ဟောသလိုမျိုး ဟောခန်းထဲမှာ လူတွေပြုံသွင်းလိုက်ပြီးတော့ တစ်ယောက်ချင်း ဗေဒင်ဟောပေးနေတဲ့ ပုံစံနဲ့ ဆင်တူနေပါတယ်။ လူနာတယောက်ရဲ့ အတွင်းရေးကို ကျန်လေးယောက်က သိရှိသွားရတော့တာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆေးခန်းငယ်လေးတွေမှာလည်း လူနာစမ်းသပ်တဲ့ အခါမှာ အဝတ်ကလကာလေးတွေ ကာရန်ပြီး စမ်းသပ်တာတွေ ရှိနေတဲ့အတွက် ကလကာနောက်ကွယ်က တီးတိုးပြောဆို ဆွေးနွေးနေသံတွေကို အခန်းအပြင်က လူတွေက မကြားချင်အဆုံး ကြားသိနေကြရတာ ဖြစ်ပါတယ်။ လေတိုက်လို့ ကလကာ လန်သွားတဲ့ အချိန်မှာ အခန်းအတွင်းက လူနာချွတ်ဖော် စမ်းသပ်နေတာတွေကို အပြင်က မမြင်ချင်ပဲနဲ့ မြင်နေကြရတာတွေ ရှိနေတတ်ပါသေးတယ်။

ဆေးပညာ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ ဆောင်းပါးတွေထဲမှာလည်း လူနာရဲ့ နာမည် လိမ်စာတွေ အစစ်အမှန်အတိုင်းဖော်ပြထားပြီး လူနာရဲ့ ဓာတ်ပုံတွေကိုလည်း ထင်ရှားမြင် သာအောင် တင်ပြထားတာကိုလည်း တွေ့မြင်နေရပါတယ်။ လူနာရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ လူနာရဲ့ မျက်နှာကို မထင်ရှားအောင် ဖုံးကွယ်ပြုလုပ်တင်ပြဖို့ လိုအပ်ပါတယ်။ ဆရာဝန်တချို့ဟာ  သူတို့ဆေးကုသပေးလိုက်တဲ့ အနုပညာရှင်ရဲ့ အတွင်းရေးကို လူနာရဲ့ ခွင့်ပြုချက်မရပဲ ကြွားဝါပြောဆိုနေတာတွေလည်း ရှိနေပါတယ်။

ဘယ်ရုပ်ရှင်မင်းသားကတော့ ဘာရောဂါဖြစ်နေလို့ ဘယ်လိုကုသပေးလိုက်ရကြောင်းကို ကိုယ်ရည်သွေး ဂုဏ်ယူပြောဆိုတတ်ကြပါတယ်။ ဂရင်ဂျီနာ ပေါက်ခဲ့တဲ့ ရုပ်ရှင်မင်းသား တယောက်ကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရှိပဲ ဆရာဝန်က ပေါက်ကြားဖွင့်ဟခဲ့တဲ့ အတွက် လူထုပရိတ်သတ်က အဲဒီ ဂရင်ဂျီနာ ရောဂါကို အဲဒီရုပ်ရှင်မင်းသားရဲ့ နာမည် အစ ချီပြီးတော့ နာမည်ပြောင်း မည့်ခေါ်ခဲ့ကြဘူးပါတယ်။

ဘယ်မင်းသမီးကိုဖြင့် အိတ်ခ်ျအိုင်ဗွီ ရောဂါ စွဲကပ်နေတယ် ဘယ်မင်းသားကတော့ မူးယစ်ဆေးဝါး သုံးစွဲပြီး သေဆုံးသွားရတယ် စသည်ဖြင့် သတင်းတွေ ပေါ်ပေါက်ခဲ့ရတာ ဟာလည်းပဲ ဆေးရုံ ဆေးခန်းတွေကနေ့ လူနာရဲ့ အတွင်းရေးကို ပေါက်ကြားခဲ့တဲ့ သာဓကတွေပဲ ဖြစ်ကြပါတယ်။ ဆရာဝန်တွေရဲ့ ဘွဲ့ယူချိန်မှာ ရွတ်ဆိုရတဲ့ အဓိဌာန်ထဲမှာ လူနာရဲ့ အတွင်းရေးကို ဖွင့်ဆိုအပ်သည်မှ လွဲ၍  မည်သည့်အခါမှ ဖွင့်ဟခြင်းကို ရှောင်ကျဉ်ပါ့မယ်လို့ ပါရှိပါတယ်။ ဖွင့်ဆိုအပ်သည်ဆိုတဲ့ အခြေအနေမှာတော့ လူနာက ဖွင့်ဆိုခွင့်ပြုချက် ပေးတာနဲ့ တရားရုံးက ဥပဒေသတ်မှတ်ချက်အရ ဖွင့်ဆိုခိုင်းတာတွေ ဖြစ်ကြပါတယ်။

ဥပမာ ပြရမယ်ဆိုရင် ကားမောင်းဖို့ မသင့်လျော်တဲ့ ရောဂါရှိနေတဲ့ သူကို ဥပဒေသတ်မှတ်ချက်အရ ဒီလိုရောဂါရှိနေကြောင်း ဆရာဝန်က ဖွင့်ဟပေးရပါတယ်။ အများတကာကို ကူးစက်နိုင်တဲ့ ဝက်တုတ်ကွေးရောဂါလိုမျိုး လူနာမှာ ဖြစ်ပေါ်နေရင်လည်းပဲ အများသူငါ သိရှိရအောင် ဒီလိုရောဂါ ရှိနေကြာင်း ဖွင့်ဟကြေငြာပေးရပါတယ်။ ဒါဟာ လူနာကို အရှက်ခွဲတာ မဟုတ်ပဲနဲ့ အများတကာကို မကူးစက်ရအောင် ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးက လွဲလို့ လူနာရဲ့ အတွင်းရေးကို ဘယ်ဆရာဝန်ကမှ ဖွင့်ဟပြောဆိုပိုင်ခွင့် မရှိပါဘူး။ လူနာသေဆုံးသွားပြီးလျှင်တောင်မှ လူနာရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟ ပြောဆိုပိုင်ခွင့် မရှိပါဘူး။ တခါတလေမှာ အကျဉ်းသားတွေနဲ့ ရောဂါအခြေအနေတွေကို အာဏာပိုင်တွေက မေးမြန်လာတတ်ပါတယ်။ လူနာက ခွင့်ပြုချက်မပေးခဲ့ရင် အတင်းအကျပ် ဖိအားပေး လာခဲ့လျှင်တောင်မှ လူနာအကျိုးတွက်ကို ဆရာဝန်က လျှို့ဝှက်ပေးထားရမှာ ဖြစ်ပါမယ်။ ဆရာဝန် တယောက်အနေနဲ့ ဆေးပညာကျင့်ဝတ်နဲ့ မလျော်ညီတဲ့ ဥပဒေ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ဥပဒေအ၇ ညင်းဆန်ပိုင်ခွင့် ရှိနေပါတယ်။

နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို နိုင်ငံဝန်ထမ်းတွေက မပေါက်ကြားရအောင် ထိန်းသိမ်းပေးထားကြရသလိုမျိုး လူတိုင်းရဲ့ လျှို့ဝှက်ချက်တွေကိုလည်းပဲ ဆရာဝန်တိုင်းဟာ လေးစားလိုက်နာကြပြီး ပြင်ပကို မပေါက်ကြားအောင် ထိန်းသိမ်းပေးဖို့ ကျင့်ဝတ်အရ တာဝန်ရှိနေပါကြောင်း ဆရာဝန်တဦး၏ မှတ်တမ်းအစီအစဉ်ကနေ တင်ဆက်ထားပါသည်။

RFA - ဆရာဝန်တဦး၏မှတ်တမ်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top