25
Jun

ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ

ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုးအဖြစ် သိပ္ပံပညာရှင်များက ယူဆလာခဲ့ကြောင်း သိရှိရသည်။ ရောဂါပိုးမွှား ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကင်ဆာ အမျိုးအစား အနည်းငယ် ရှိသော်လည်း ယင်းတို့အနက် ဆီးကြိတ်ကင်ဆာကို ယခင်က ထည့်သွင်းမထားခဲ့ချေ။ သို့သော်လည်း ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသန ဌာနမှ ပညာရှင်များက ယခုအခါ ဆီးကြိတ်ကင်ဆာသည်လည်း လူအချင်းချင်း ကူးစက်နိုင်သည့် ကင်ဆာမျိုးနွယ် တစ်ခုအဖြစ် ယူဆသင့်သည့် အလားအလာမျိုး ရှိနေကြောင်း ယုံကြည်လာခဲ့သည်။

သို့သော်လည်း ယင်းအချက်ကို အခိုင်အမာ ယုံကြည်ရန်မှာမူ စောလွန်းနေသေးကြောင်းလည်း ၎င်းတို့က ဝန်ခံခဲ့သည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် လူသားများ၏ ဆီးကြိတ်ဆဲလ်များကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ကြသည်။ ၎င်းတို့သည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် Trichomoniasis ရောဂါပိုးသည် ဆီးကြိတ်မှ ကင်ဆာဆဲလ်များ တိုးပွားလာမှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အဆိုပါ သုတေသန ရလဒ်ကို အမျိုးသား သိပ္ပံအကယ်ဒမီက ထုတ်ဝေသော ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ဓာတ်ခွဲခန်း သီအိုရီများအရ ဆီးကြိတ်ကင်ဆာ ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးများနှင့်အတူ ဖွံ့ဖြိုး ဖြစ်ပေါ်နိုင်သည်ဟု ယူဆစရာ ရှိနေသော်လည်း လက်တွေ့အားဖြင့်မူ ယင်းအချက်ကို အတည်ပြုနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် Trichomoniasis ကူးစက်သူ အရေအတွက် (၂၇၅) သန်းမျှ ရှိနေပြီး ယင်းသည် ဗိုင်းရပ်စ်မဆန်သည့် သာမန် လိင်မှတစ်ဆင့် ကူးစက်ဝင်ရောက်သော ပိုးမွှားတစ်မျိုးအဖြစ် သတ်မှတ်ခံထားရသည်။ ဆီးကြိတ်ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို Trichomoniasisက အားပေးနိုင်သည် ဆိုသည့်တိုင် ယင်းအခြေအနေသည် အမြဲတမ်း မှန်ကန်နေသည်ဟု ယူဆနိုင်ရန် လက်ဆုပ်လက်ကိုင် အထောက်အထား မရှိသေးချေ။

(၂၀၀၉) ခုနှစ်ကလည်း Trichomoniasisသည် ဆီးကြိတ်ကင်ဆာနှင့် ဆက်စပ်နိုင်ကြောင်း သုတေသန စစ်တမ်းတစ်ခု ထွက်ပေါ်ခဲ့သေးပြီး ယင်းရောဂါပိုး ကူးစက်ခံရသူ အမျိုးသားများ၏ ဆီးလမ်းကြောင်းတွင် အကြိတ်အဖုများ ဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း တွေ့ရှိခဲ့သည်။ ဆီးကြိတ်ကင်ဆာသည် အသက် (၇၀) အထက် အမျိုးသားများတွင် အဖြစ်များပြီး မျိုးရိုးလိုက်တတ်သည့် ကင်ဆာတစ်မျိုးအဖြစ်လည်း သတ်မှတ်ခံထားရကြောင်း သိရှိရသည်။

Planet - ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top