2
Dec

ဆုတောင်းပွဲကြောင့် အဖမ်းခံရသော အေ့ဒ်စ်ရောဂါစေတနာ့ဝန်ထမ်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတွက်
ဘုရားဝတ်ပြုဆုတောင်းပွဲမှာ ပါဝင်သူတချို့ကို အာဏာပိုင်တွေက
လိုက်လံဖမ်းဆီးခဲ့ပါတယ်၊ ဒီအဖမ်းခံရသူတွေထဲမှာ
HIV/AIDS ရောဂါ သည်တွေကို စေတနာ့ဝန်ထမ်း ဆောင်ရွက်နေတဲ့
မဖြူဖြူသင်းလည်းပါဝင်ပါတယ်။

မဖြူဖြူသင်း
အဖမ်းခံရပြီးတဲ့နောက် သူပြုစုစောင့်ရှောက်ပေးနေတဲ့ ရောဂါသည်တွေ ကိုယ်ရောစိတ်ပါ
အတိဒုက္ခရောက်နေရတာကို သိရှိရပါတယ်။

မဖြူဖြူသင်းအကြောင်း
တစိတ်တဒေသကို ဒေါ်မေပြုံးအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက်
လှုပ်ရှားဆောင်ရွက်လို့ အဖမ်းခံရတယ်ဆိုတာ မြန်မာနိုင်ငံလို စစ်အာဏာရှင်အုပ်ချုပ်နေတဲ့နိုင်ငံမှာ
မထူးဆန်းတော့ပေမယ့်။ ဘယ်သူ အဖမ်းခံရ တာလဲ အဖမ်းခံရသူရဲ ကျန်ခဲ့တဲ့မိသားစု ဘယ်လိုနေခဲ့မလဲ၊
အဖမ်းခံရသူရဲ့ ကျန်းမာရေး ဘယ်လိုရှိမလဲ စတဲ့စတဲ့မေးခွန်းတွေ၊ တစီတတန်းကြီးကို အတွေးရောက်တက်ကြပါတယ်။
ဒါပေမယ့် HIV/ AIDS ဝေဒနာရှင်တွေအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်ပေးနေတဲ့ မဖြူဖြူသင်း
အဖမ်းခံရပြီးတဲ့နောက်၊ နောက်ဆက်တွဲ စဉ်းစားစရာ အတွေးရောက်စရာတွေက တမျိုးတဖုံ ထူးခြားသွားခဲ့ပါတယ်။
မဖြူဖြူသင်း ပြုစုဆောက်ရှောက်နေတဲ့ လူနာတွေကို ဘယ်သူကပြုစုမှာလဲ ဘယ်သူကစောင့်ရှောက်မှာလဲ
စတဲ့နောက်ဆက်တွဲ အခြေအနေတွေပါ။ မဖြူဖြူသင်းရဲ့မိခင် ဒေါ်ခင်ရွေကတော့ သမီးဖြစ်သူကို အလိုအပ်ဆုံးဖြစ်နေတာက
သူ့လူနာတွေပါတဲ့။

ဖြေ။       မဖြူရှိမှအစဉ်ပြေမှာ လူနာတွေက အခု ၂ရက် ၃ရက်ဆိုရင်
ဆေးတိုက်ရမယ့်လူတွေရှိနေတယ်။ ပြီးတော့လည်း သူ့မှာက ဆေးဝါးက မပြည့်စုံတော့ လူတစ်ယောက်ကို
၃ရက်စာ ဟိုလူ့ကို ၂ရက်စာ ဒါမျိုးခွဲပေးတာတွေရှိတယ်လေဆေးက။ သူရှိတော့အဆင်ပြေဆုံးပေါ့လေဒီဟာက။
သူတို့မှာတော့ အလိုအပ်ဆုံးလူလိုဖြစ်နေပါတယ်။ ရောဂါသည်တွေ အိမ်မှာမြင်တွေ့ နေ ငိုတဲ့
လူကငို ရီတဲ့လူကရီ ပေါ့။

လေးနှစ်ကြာ
အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘုရားဝတ်ပြုစုတောင်းတဲ့ အစီအစဉ်ကို
ပုံဖေါ်သူဟာ မဖြူဖြူသင်းပါဆိုတဲ့ စွတ်ဆွဲချက်နဲ့ ဖမ်းဆီးသွား တာလို့ သိရပါတယ်။ လူနာတွေအတွက်
အလိုအပ်ဆုံးလူဖြစ်နေတဲ့ မဖြူဖြူသင်းဟာ အခုလိုစေတနာ့ဝန်ထမ်းအလုပ်တွေကို စလုပ်ဖြစ်သွားရတဲ့
အခြေအနေကိုတော့ ညီမဖြစ်သူ မစပယ်ဦး က သတိတရပြောပြပါတယ်။

ဖြေ။       ၂၀၀၀ ခုနှစ်ကပေါ့ သူအဲ့မှာ အန်တီ့ခရီးစဉ်ကို
လိုက်သွားတာ။ လိုက်သွားတဲ့အခါကျ အဲ့မှာ ဖမ်းမယ်ပေါ့နော် ရှုန်းရင်းဆန်ခတ်ဖြစ်ကြတာပေါ့
ဖြစ်ပြီးတော့ အဲ့ဒီမှာ သူပါသွားတယ် အဲ့ဒီမှာပါတဲ့ ဖမ်းသွားပြီးတော့ သူတို့ထောင်ထဲရောက်သွားတယ်
အဲ့မှာ သူထောင်ထဲရောက်သွားတဲ့အချိန်မှာ အဲ့မှာ သူနိုင်ငံရေးအကျဉ်းသားတွေ သူသွားမြင်လိုက်တာ။
အော် အားလုံးက ကိုယ်ကျိုးစွန့်ပြီးလုပ်နေကြတယ်ပေါ့နော် ထောင်ကျနေတဲ့ အကျဉ်းသားအများကြီးကို
မြင်လိုက်တဲ့အခါ သူစိတ်ထဲမှာ တော်တော်ခံပြင်းသွားတယ်ပေါ့နော်။ အဲ့ဒီမှာသူက အဲ့ဒီထောင်ထဲမှာ
တင် သူကဆုံးဖြတ်ချက် လုံးဝချလိုက်တော့တယ်။ ငါနိုင်ငံရေးဆက်လုပ်ဆိုတဲ့ အဲ့ဒီလိုမျိုးစိတ်ဓါတ်ကို
ချခဲ့တယ်။ ချခဲ့ပြီး သူလေးလကျော်ထောင်ကျတယ်ပေါ့နော်။ ထောင်ကျပြီး သူပြန် ထွက်လာတယ်။
သူပြန်ထွက်လာပြီး ကတည်းက သူအဲ့ဒီလုပ်ငန်းကို စပြီးလုပ်လာတာပါရှင်။

အန်အယ်ဒီပါတီက
ဖွင့်လစ်ပို့ချတဲ့ HIV/AIDS ကာကွယ်စောင့်ရှောက်ရေးသင်တန်းတွေ UNDB ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေက
ဖွင့်လှစ်တဲ့သင်တန်းတွေကို တက်ရောက် ခဲ့ပြီးတော့ တစိုက်မတ်မတ် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့တာ
ဖြစ်ပါတယ်။

ဖြေ။       သူတို့ပါတီဝင်ထဲမှာရှိနေတဲ့ တချို့တဝက်တွေနဲ့
ပတ်သက်တဲ့လူတွေကပေါ့နော် HIV ဖြစ်တဲ့အခါကျတော့ သူကစမ်းပြီးတော့ပေါ့နော် စလုပ်ကြည့်တယ်ပေါ့။
နယ်တွေနဲ့ စလုပ် ကြည့်တယ်။ ဒါပေမယ့် ဒီဘက်ကကျတော့ ငွေအင်အားမတက်နိုင်ပေမယ့်လည်း လူအင်အားပေါ့နော်။
နေက်ပြီးတော့ သဇင်ဆေးခန်းကို သူကိုယ်တိုင်လိုက်ပို့ပေးတယ်၊ လူနာတွေကို သူ ဘယ်လိုပြုစုရမလဲ
ဘယ်လိုအားပေးရမလဲဆိုတဲ့ဟာတွေနဲ့စဖြစ်တာပါ။

တကယ်တော့မဖြူဖြူသင်းဟာ
HIV/AIDS ဝေဒနာသည်တွေ အားကိုးအားထားနေရသူတင်မကပဲ ဝေဒနာရှင်တွေနဲ့ပတ်သက်ပြီး သူ့မိသားစုတွေကိုပါ
မမြင်ကျယ်လာအောင် လမ်းပြပေး နိုင်ခဲ့သူပါလို့ အမဖြစ်သူ မဆန်းဆန်းဦးက ပြောပြပါတယ်။

ဖြေ။       သူတို့ရဲ့လွဲမှားနေတဲ့စိတ်ကိုတောင် သူက အရှေ့ကနေလုပ်ပြရတယ်ပေါ့နော်၊
သူ့ကိုယ်တိုင်ကိုကလည်း တကယ်စိတ်ပါကိုယ်ပါကို သေသေချာချာလုပ်ပေးတာရှိပါတယ်။ ဒီလူနာ တွေကို
သူပြုစုတဲ့အခါမှာတော့ သာမာန်လူတစ်ယောက်နဲ့ မတူအောင်ကိုသူက တော်တော်ကိုလည်း ဒုက္ခခံပြီး
မရွံမရှာကိုပေါ့နော်၊ တချို့ဆိုလို့ရှိရင်လည်း အနာတွေပေါက်နေတယ် ဝဲတွေ ပေါက်နေတယ် လူနာဆိုတာကျမတို့ပြောတာပေါ။
ဟဲ့နင့်ကိုကူးလိမ့်မယ်ဘာညာ။ မဟုတ်ဘူးတဲ့ လူနာဆိုတာ သူကိုရင်းရင်းနှီးနှီးလုပ်မှာ သူကကိုယ့်အပေါ်မှာ
ပြန်ပြီးတော့နားလည်မှုရှိမှ ဒီ လူဟာကုရတာ ပိုပြီးတော့အဆင်ပြေတယ်ဆိုပြီး သူကိုယ်တိုင်ကိုက
ဒီလူနာတွေကို တချို့ဆိုလို့ရှိရင် နှာခေါင်းကကျမတို့ရှေ့တင် သွေးတွေယိုကျတာတို့ဘာတို့
သူကိုယ်တိုင်ကို ဒီသွေး တွေကို သုတ်ပေးတာတို့ဘာတို့ သူကိုယ်တိုင်ကိုလည်း တော်တော်ကိုဝါသနာလည်းပါပုံရတယ်။
သူပဲအနစ်နာခံပြီးတော်တော်ကိုလုပ်နိုင်တာပေါ့နော်။ ကျမတို့ဆိုရင် ပထမစစခြင်း လူနာ တွေ
အိမ်လာတုန်းကပေါ့နော်။ ဟဲ့နင်ငါတို့တွေအဲ့နားက တစ်မျိုးပဲပေါ့နော် စားတာသောက်တာက အစတစ်မျိုးပဲပေါ့နော်
ကျမတို့စိတ်ထဲမှာတစ်မျိုးဖြစ်မိတယ်။ နောက်ကြာတော့လေ သူနဲ့ နေပြီးတော့ ရိုးသွားပြီးတော့
လူနာဆိုတာလည်း ဘာမှန်းမသိဆိုဖြစ်ပြီး အိမ်မှာလဲအမြဲလိုလိုသူက ရုံးမသွားခင်အချိန်ဆိုရင်
လေး၊ ငါး၊ ဆယ်ယောက် လောက်ကရောက်နေတဲ့အခါကျတော့ ပထမတော့ ကိုယ်က စားတာ သောက်တာက ရှင်းရှင်းလင်းလင်းပြောရရင်
ကိုယ်က ဖယ်ချင်တယ်နောက်ပိုင်းကျတော့ ကိုယ်တွေလည်း သူ့ကိုကြည့်ပြီးတော့ ရောပြီစားတာတို့
သောက် တာတို့ နေတာတို့ ထိုင်တာတို့ပေါ့နော် အဲ့ဒီလိုတော့ ဖြစ်သွားတာပေါ့နော်။

ကျဉ်းမြောင်းတဲ့အမြင်တွေကို
ပြုပြင်လမ်းပြနိုင်ပြီး။ လူနာတွေအတက် မျှော်လင့်ချက်ရောင်ခြည် အလင်းတန်းသဖွယ်ဖြစ်နေတဲ့
မဖြူဖြူသင်းကို ဖမ်းဆီးတာကြောင့် စစ်အစိုးရအတွက် အကျိုးထူးမထူးဆိုတာ ဘယ်သူမှမသိနိုင်ပေမယ့်
ဝေဒနာခံစားနေရတဲ့အဝေဒနာသည်တွေအတွက်တော့ တစ်ပူပေါ်နှစ်ပူဆင့်သလိုဖြစ်နေပါတယ်။ ကျောက်ပန်းတောင်းမြို့က
HIV ပိုး ခံစားနေရသူ မအေးရဲ့ပြောပြချက်တွေကတော့အခုလိုပါ။

ဖြေ။       ကျမအတွက်လည်းပါသလိုပေါ့နော် လူနာတွေအားလုံးကို
မဖြူပါသွားတဲ့အတွက် အားလုံးက ဒုက္ခရောက်ပြီးကျန်ခဲ့တာပေါ့။ ကျမတို့ဆိုလို့ရှိရင် ဆေးကလည်းမရသေးဘူးလေ
အဲ့ဒီတော့လေ မဖြူတိုက်လို့သောက်နေရတာ။ စိတ်ပိုင်းဆိုင်ရာကတော့ ဘာပဲပြောပြော မဖြူမရှိတဲ့အခါကျတော့
တော်တော်အားငယ်တာပေါ့။ တခြားလူနာတွေကလည်း အကုန်လုံးက အခု ငိုနေရပြီးတော့ ဝမ်းနည်းနေရတာပေါ့
ဒီမှာကျမတို့ဘာဆက်လုပ်ရမလဲ မသိဘူးဖြစ်နေကြပြ်။

မအေးလိုပဲ
မဖြူဖြူသင်းစောင့်ရှောက်နေတဲ့ HIV/AIDS ဝေဒနာသည်တွေအားလုံးက သူပြန်လွတ်လာမယ့်ရက်ကို
မျှော်လင့်တစ်ကြီးနဲ့ စောင့်မျှော်နေကြပါတယ်ရှင်။

http://www.rfa.org/burmese/news/AIDS_voluteer_arrested-20070523.html?searchterm=None

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top