ကျွန်တော်က
ယိုးဒယားမြောက်ပိုင်း “လန်ပန်း” ကပါ။ သားသမီး နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က ၁၃
နှစ်၊ နောက်တစ်ယောက်က ၈ နှစ်၊ ပထမပိုင်းတော့ ကျွန်တော်ဟာ “လန်ပန်း”မှာ
အလုပ်လုပ်ခဲ့ပါတယ်။ ဟိုတယ်မောင်ပေါ့။ ၁၉၈၅ ခုနှစ်။ တစ်နှစ်လောက်နေတော့
မိန်းမငယ်တစ်ယောက်နဲ့ဆုံပါတယ်။ သူက စားဖိုမှလုပ်တယ်။ သူနဲ့ကျွန်တော်ချစ်သူဘ၀ အဖြစ်
ခြောက်လ ခုနစ်လလောက်အတူနေကြပြီးတော့ ကျွန်တော်သူ့ကို လက်ထပ်ခွင့်တောင်းပါတယ်။
ပျော်လိုက်ကြတာ မပြောပါနဲ့တော့။
ကံကောင်းချင်ပြီ
ဆိုတော့ ကျွန်တော့်မိန်းမ ပထမ ကိုယ်ဝန်လည်း ရရော ကျွန်တော်လည်း ရာထူးတိုးတာပါပဲ။
ကျွန်တော်ကလည်း အလုပ်ကို တအား ကြိုးစားတာ။ တစ်ခါတလေ မှာ ကျွန်တော်ဟာ
အချိန်ပိုတွေလုပ်ပါတယ်။ မိသားစုအတွက် ငွေပိုငွေလျှံရအောင်ပေါ့။ ၂ နှစ်လောက်နေတော့
ငွေတော်တော်စုမိပါပြီ။ အိမ်ကလေး တစ်လုံးလည်း ၀ယ်နိုင်ခဲ့ပါပြီ။ ဒီတော့လည်း
ကျွန်တော့်ဘ၀ အတွက် ကျွန်တော် ဂုဏ်ယူတာပေါ့။ ဘ၀င်ကလေးလည်း မြင့်သွားတာပေါ့။
ကျွန်တော်တို့လင်မယား
အိမ်သစ်ကလေးမှာ ပြောင်းနေကြတဲ့အချိန်မှာတော့ ကျွန်တော့်မိန်းမဟာ
နောက်ထပ်ကိုယ်ဝန်ရှိလာပြန်ပါတယ်။ သူက ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဆိုပြီး
အလုပ်က ထွက်လိုက်ပါတယ်။ ဒီမှာတင် ၀င်ငွေက သိသိသာသာ လျော့သွားတော့တာပါပဲ။
ဒီအချိန်ကစပြီး ကျွန်တော်တို့လင်မယား ဟာ တကျက်ကျက်ဖြစ်ခဲ့ရတော့တာပါပဲ။
ကျွန်တော်လည်း တခြား အလုပ်တစ်ခုပါ ပိုပြီး လုပ်ယူရတော့တယ်။ ဒါပေမဲ့ ကလေးနှစ်ယောက်နဲ့
မိသားစုအတွက် မလုံလောက်ခဲ့ပါဘူး။ မလူးသာ မလွန့်သာပေါ့ဗျာ။ ဟိုတယ်မှာ လုပ်ရတာကလည်း
အရမ်းပင်ပန်းပါတယ်။ ဒါကြောင့် နောက်ဆုံးအလုပ်က ထွက်လိုက်တော့တာပါပဲ။ “လန်ပန်း”
ပြန်ပြောင်းပြီး အလုပ်ရှာရပါတယ်။ နေ့ပိုင်းရရာ အလုပ်လုပ်ရင်း ညပိုင်းမှာ
ဆံပင်ညှပ်ပညာ သင်ပါတယ်။ ဆံပင်ကိုက်တယ်ပဲဆိုပါစို့ဗျာ။ ကျွန်တော်က ဥာဏ်ကောင်းတယ်ဗျ။
ခဏလေးနဲ့ ဆံပင်ညှပ်ကောင်းကောင်းတတ်သွားတယ်။ “ဆံပင်ကိုက်” တာ တော်မှန်းသိတော့
ဆရာသမားတွေက ကျွန်တော့်ကို အကြံဥာဏ်ပေးကြတယ်။ “ချင်းမိုင်” မှာ
ဆံပင်ညှပ်စားပါလားတဲ့။
ဒီလိုနဲ့
“ချင်းမိုင်” က ဆံပင်ညှပ်ဆိုင်မှာ နာမည်လည်း တော်တော်ရရော၊ ကျွန်တော် “လန်ပန်း”
ကိုပြန်ပြီး ဆံပင်ညှပ်ဆိုင်လေး ကိုယ်တိုင်ဖွင့်တော့တာပါပဲ။ ဆံပင်ညှပ်ဆိုင်က
တအားဝင်ငွေကောင်းတာမို့ မိန်းမနဲ့ ကလေးတွေဆီ ငွေတွေ
မှန်မှန်ပို့နိုင်ခဲ့ပါတယ်။ ပိုရင်
ပိုသလို မိဘကိုလည်း ထောက်ပံ့နိုင်ခဲ့ပါရဲ့လေ။ ငွေတွေ တော်တော် စုဆောင်းမိတဲ့အခါ
ဆံပင်ညှပ်ဆိုင်ကို အကြီးစားချဲ့ခဲ့ပါတယ်။ “နု” ဆံသ လို့ နာမည်ပေးခဲ့ပါရဲ့။ ဆိုင်က
နာမည်ကြီးလာသလို ဆံပင်ညှပ်သူ ဆံပင်ကိုက်သူတွေလည်း များလာပါတယ်။ ဘာပဲဖြစ်ဖြစ်
အိမ်အတွက်တော့ ငွေပိုငွေလျှံတွေ ရလာတာ အမှန်ပါပဲ။
၁၉၉၉
ခုနှစ် မတ်လမှာတော့ AIA အာမခံကုမ္ပဏီက ကျွန်တော့်ကို ဆက်သွယ်ပြီး အာမခံထားဖို့
လာပြောပါတယ်။ ကျွန်တော်ကလည်း သဘောတူလိုက်တာပေါ့လေ။ ဒါနဲ့ ကျွန်တော် ကျန်းမာရေး
ဆေးစစ်ပါတော့တယ်။ ဆေးရုံသွားပြီး ခန္ဓာကိုယ်ရော၊ သွေးရော စစ်ပါတယ်။ ကျွန်တော်က
စိတ်ချတယ်လေ။ ကိုယ့်ကိုယ်ကို အိုကေ ပေါ့။ ဘာမှ ရောဂါကြီးကြီးမားမား မရှိဘဲကိုး။
လူကလည်း ကျန်းမာလိုက်တာ ဒေါင်ဒေါင်မြည်မဟုတ်လား။
ဒါပေမဲ့
..... ဆရာဝန်က ကျွန်တော့်ရဲ့ ဆေးစစ်ချက်အဖြေလွှာကို ဖတ်ပြတော့မှ ကျွန်တော်
ဆေးကျပါသတဲ့။ HIV ပိုးကပ်နေပါပြီတဲ့။ ကျွန်တော် အကြီးအကျယ်
တုန်လှုပ်ချောက်ချားရတော့တာပါပဲဗျာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။
ဒီပိုးကရော ဘယ်နှယ့်လုပ်ပြီး ကျွန်တော့်ဆီရောက်လာပါသလဲ။
ကိုယ့်ကိုယ်ကို
သတ်သေဖို့အထိ ကျွန်တော် စဉ်းစားပါသေးတယ်။ ဒါပေမဲ့ မိသားစု ရဲ့ မျက်နှာလေးတွေ
မြင်ယောင်လာတော့လည်း အဲဒီလို မလုပ်ရဲခဲ့ပါဘူး။ ကျွန်တော်ရဲ့ ဘ၀ ဖြစ်ပုံကို
ပထမဦးဆုံး ဖွင့်ပြောပြလိုက်သူကတော့ အဖေပါပဲ။ အဖေကတော့ ပြောပါတယ်။ “သား ဘ၀ကို
ရှေ့ဆက်တိုက်ပွဲဝင်ပါ” တဲ့။ ကျွန်တော်ကလည်း အဖေ့စကားကို လက်ခံပါတယ်။
အဖေမှန်တာကိုး။ ကျွန်တော့်ဘ၀ကို ဆက်ပြီး တိုက်ပွဲဝင်ရမယ်။ ဆံပင်ဆက်ညှပ်ရမယ်။
ဆံပင်ဆက်ကိုက်ရမယ်။
ကျွန်တော်ပြောချင်တာကတော့
... “အစိုးရမင်းများ ” ခင်ဗျား “ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ” ခင်ဗျား၊
...“မီဒီယာ သမားများ” ခင်ဗျား ... ပြည်သူလူထုကို AIDS ရောဂါ ဘယ်လိုကာကွယ်ရမယ်။
ဝေဒနာသည်တွေကို ဘယ်လိုစောင့်ရှောက်ရမယ် ဆိုတာ...
အေ့ဒ်စ်
ရောဂါဟာ ဘယ်လောက်ပြင်းထန်ဆိုးရွားတယ်ဆိုတာ အသိပေးကြပါ။ ကြေညာပေးကြပါ။
နှိုးဆော်ပေးကြပါ....ခင်ဗျား...။
(ဘာပဲဖြစ်ဖြစ်
ထိုဆံပင်ညှပ်ဆရာလေး၏ ရှေ့ရေးကတော့ ရင်လေးဖွယ် ဖြစ်သွားပါပြီ။ သူ့အနာဂတ်
ပျက်စီးသွားပါပြီ။ ဒါမှမဟုတ် သူ့အဖို့အရာရာ ဟာ ရပ်တန့်သွားပါပြီ။
ဘာမဟုတ်တာလေးနှင့် ရောဂါဆိုးကြီးရသွားရှာတယ်။
ကောင်းပါပြီ။
ဒီရောဂါ ဘယ်နှယ့်က ဘယ်လို သူ့ထံရောက်လာပါသနည်း။ သူ ကိုယ်တိုင်ကတော့ ပြောမပြခဲ့ပေ။
ပြောပြရအောင်လည်း သူ့မှာ အမှားအယွင်းမရှိခဲ့။ သို့သော် ဆံပင် ညှပ်သည့်ကိစ္စ။
ဆိုကြပါစို့ ဆံပင်ကိုက်သည့်ကိစ္စ။ ဒါစဉ်းစားစရာဖြစ်သည်။
အများသူငါ
အသိပင်ဖြစ်ပါသည်။ ဆံပင်ညှပ်ကြ၊ ကိုက်ကြသော အခါ မတော်တဆပဲဖြစ်ဖြစ် ထိမိရှမိ
တတ်ပါသည်။ ဆံပင်အကိုက်ခံရသူဖြစ်ဖြစ်၊ ဆံပင်ကိုက်သူဖြစ်ဖြစ်၊ ဒဏ်ရာကလေးများ
ရတတ်ပါသည်။ HIV ပိုးသည် သွေးမှတဆင့် ကူးစက်ပါသည်။ သွေးထွက်ဖို့ရာ ဒဏ်ရာရှိရပါမည်။
ဒါလည်းသွေးသားဆက်ဆံမှုမှလွဲလျှင် အကူးလွယ်ဆုံး ရောဂါအပျံလွယ်ဆုံး နည်းလမ်း
ဖြစ်ပါသည်။ ဒါကြောင့် နောက်ပိုင်းတွင် ဆံပင်ညှပ်ဆိုင်များ၌ ဘလိပ်ဓားကို
တစ်ခါသုံးသာ ထားပါသည်။ အရင်ကလို သင်တုန်းဓား မသုံးတော့ပေ။ သို့သော် ဆံပင် ကိုင်သော
ပစ္စည်း ကတ်ကြေး၊ ဘီး စသည်တို့မူကား ဘုံပိုင်စနစ်ဖြစ့် အများသူငါ ရောနှော
သုံးနေကြဆဲဖြစ်ပါသည်။ အလွန်သတိထားအပ်သော ကိရိယာ များပါပေ။
ဆံပင်ညှပ်သမား
သို့မဟုတ် ဆံပင်ကိုက်သမားလေး၏ ဘ၀သည် သနားစရာ ကောင်းပါသည်။ သူ့ဘ၀ ရှေ့ဆက်တိုက်ပွဲ
သို့မဟုတ် “ကိုက်” ပွဲဝင်နေရပါဦးမည်။
သုမောင် ၏ ကျေးဇူးပဲ AIDS စာအုပ်မှ ကူးယူဖေါ်ပြပါသည်။




