သူမ ဘ၀သည် အထီးကျန် ဆန်လွန်းလှသည်။ သူမသည် လူငယ် တစ်ယောက် ဖြစ်ပါသည်။ နုပျို လတ်ဆတ်သော၊ ဆယ်ကျော်သက် ဟူသော အရွယ်ကို ပိုင်ဆိုင်ထားသည်။ သူမသည် ဆယ်ကျော်သက် ပီပီ
စူးစမ်းချင်သည်၊ စပ်စုချင်သည်၊ အပျော် ရှာချင်သည်။ စိတ်ချမ်းသာမှု ပိုင်ဆိုင် လိုသည်။ သူငယ်ချင်း တွေနှင့် တပျော်တပါး ပျော်ပွဲစားတွေ ထွက်၊ ဆိုင်ထိုင်၊ cyber
cafe တွေ ထိုင်ချင်သည်။ ရှော့ပင်တွေ ထွက်ပြီး ဈေးတကာ အနှံ့ လျှောက်ကြည့် ချင်သည်။ ပစ္စည်းလေးတွေကို ဟိုကိုင် ဒီကိုင်ဖြင့် တကယ် မ၀ယ်ဘဲ မေးမြန်း ချင်သည်။ သူမ ထားချင်သော ဆံပင်ရှည်ရှည် ဖြောင့်ဖြောင့် စင်းစင်းလေးတွင် ဆံညှပ်တွေ တစ်ခုပြီး တစ်ခု စမ်းတပ် ချင်သည်။ နေပူပူကြီးထဲ ရှော့ပင်က အပြန် မစ်ရှိတ်ဆိုင်တွေထဲက အပြေး ၀င်သွားပြီး ရေခဲမုန့်တွေ၊ မစ်ရှိတ်တွေမှာ သောက်နေ ချင်သည်။
သူငယ်ချင်းတွေနဲ့ cyber cafe ထိုင်ပြီး G-talk
ဝင် Chat နေချင်သည်။ ပြီးတော့ G-talk ပြောရင်း တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် Chat ရင်း ဟားနေချင်သည်။ ဒါ့ပြင် မိမိသိလိုတဲ့ Website တွေကို ကြည့်နေချင်သည်။ Online ပေါ်မှာ သူငယ်ချင်းတွေလည်း ရချင်သေးသည်။ တက္က္ကသိုလ်(ဒေး)
တက်ရင်း အတန်းချိန် လစ်လိုက်၊ ကင်တင်းမှာ သူငယ်ချင်းတွေနှင့် စုထိုင်ပြီး အကြောင်းအရာတွေ ဖလှယ် နေချင်သည်။ ပြီးတော့ အမေရိကန် စစ်စတမ်ဖြင့် မုန့်တွေ မှာစားရင်း အရသာ ခံချင်သေးသည်။ ကမ်းနားလမ်းက Kiss me မှာထိုင်ပြီး မြစ်ပြင်ကြီးကို ငေးကြည့် ချင်သေးသည်။ လတ်ဆတ်သော လေပြည်တွေ သူမရဲ့ ပါးပြင်နှင့် ဆံနွယ်စတွေကို တိုးဝင် ပွတ်သပ်သွားသည်ကိုလည်း ခံချင်သည်။
ထိုနှင့်အတူ ကဗျာတစ်ပုဒ်ကို ခံစားချက် စစ်စစ်ဖြင့် ရေးချင်သည်။ စဉ်းစားလို့ ရလျှင် ၀တ္ထုတို တစ်ပုဒ်လောက် ရေးချင်သေးသည်။ ဒီဝတ္ထုမှာ ကောင်လေးနဲ့ ကောင်မလေးကို ကွဲစေမလား၊ ပေါင်းစေမလား။ ဟာသတွေ၊ အလွဲတွေနဲ့ ဖြစ်အောင် ရေးချင်သေးသည်။ ဆယ့်ရှစ်နှစ် ဟူသော အသက် အပိုင်းအခြားသည် သူမကို လူကြီး တစ်ဦး ဖြစ်ရန် အစ ပျိုးလိုက်သည်ဟု သူမ မှတ်ယူထားခဲ့သည်။ သူမဘ၀သည် ဖြစ်ချင်တာတွေသာ များခဲ့သည်။ လက်တွေ့ ဘ၀မှာတော့ ဖြစ်မလာခဲ့ပါ။ သူမအတွက် အတွေး သက်သက်သာ ဖြစ်ခဲ့သည်။
(၁)
ဒီနေရာ၊ ဒီရှုခင်း၊ ဒီလေ၊ ဒီရနံ့နှင့် ဒီအစားအစာတွေ။ ပြီးတော့ နေ့တိုင်း လက်တစ်ဖ၀ါးစာ သောက်ရသည့် ဆေးတွေကို သူမ မုန်းသည်။ သူမသည် လူကီးမီးယား ဝေဒနာရှင် တစ်ဦး ဖြစ်သည်။ သူမကိုယ် သူမလည်း ဘယ်နှနှစ်သမီး အရွယ်ကတည်းက ဒီရောဂါ ဖြစ်ခဲ့မှန်း မခန့်မှန်းနိုင်တော့။ ဆေးသောက်ရသည့် အတွက် သူမ စိတ်ကူးထဲက ဆံပင်ရှည်ရှည် ဖြောင့်ဖြောင့်လေးတွေ ကျွတ်၍ ကျိုတိုးကျဲတဲ။ သူမ သွေးတွေ အရမ်း သွင်းရသည်။ သွေးမရှိလျှင် သူမရဲ့ နောက်ဆုံး နေ့သည် အစောဆုံး ရောက်လာပေလိမ့်မည်။ နှုတ်ခမ်းသားတွေ၊ မျက်တွင်းတွေ ဖြူဖပ်ချောင်ချိ နေသည်မို့ မှန်တောင် မကြည့်ရဲ။ မျက်စိနှင့် မြင်ရသည့် လက်ဝါးတွင်လည်း သွေးကြောတွေ အတိုင်းသားဖြင့်။
ကျောင်းဆိုတာ သူမ ဆယ်နှစ်ကျော်ကတည်းက ထွက်လိုက် ရသည်။ ရောဂါမထခင်၊ မပြင်းခင်တော့ အိမ်မှာ နေခဲ့ရ၍ သူငယ်ချင်းမရှိ၊ မိတ်ဆွေမရှိ။ သူမ အတွက် နောက်ဆုံးနေ့သည် မစောတော့မှန်းလည်း ရိပ်မိခဲ့သည်။ ဆေးရုံတွင် လာစောင့်ပေးသော မေမေ့ရဲ့မျက်နှာတွေက တစ်နေ့ တခြား ပုံပျက် လာသည်။ ဖေဖေကတော့ အလုပ် ရှိ၍ ညနေပိုင်းလောက်သာ ခဏလာပြီး ပြန်သွားလေ့ရှိသည်။ ဆန်ပြုတ် တစ်ဇွန်းကို မျိုချရလောက်အောင် အစွမ်းတွေ သူမမှာ ကင်းမဲ့လာပြီ။ လမ်းလျှောက်ရတာတွေလည်း မောလာသည်။
(၂)
ဒီနေ့ ဖေဖေ သူမကို စကားတစ်ခွန်း ပြောခဲ့သည်။
"သမီး ဘာလုပ်ချင်သလဲ"တဲ့။ ထိုမေးခွန်းကို သူမ အံ့သြ နေမိသည်။ ပြီးတော့ ထိတ်လန့်နေမိသည်။ သို့သော် ချက်ချင်း မဖြေနိုင်ခဲ့။ ညနေပိုင်းတွင် သူမ အရွယ်ခန့် လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးများ တစ်ပြုံကြီး သူမ အခန်းထဲသို့ ၀င်လာကြသည်။
"ဟေ့ သီရိ နေကောင်းတယ် မလား"
"ဟေ့ မမြင်တာ ကြာလို့ ပိန်သွားတယ်နော်"
"ဟေ့..." စသဖြင့် သူမ အံ့သြပြီး ကြောင်ကြည့် နေမိတော့ အဲဒီ လူငယ်တွေထဲက တစ်ယောက်က...
"ငါက ကောင်းမြတ်ပါ။ ငါတို့က လူငယ် လူမှုကူညီရေး အဖွဲ့ဝင်တွေလေ၊ သူက မြစန္ဒာ၊ ဟိုဘက်က......"
သူမ၏ အသက်အရွယ်တွင် ဤသို့ နွေးထွေး ကြင်နာတတ်ပြီး ရင်းနှီး ဖော်ရွေသော ရွယ်တူ လူငယ်များကို မဆုံခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်။
ခဏချင်းပင် သူမနှင့် ကောင်းမြတ်တို့ သူငယ်ချင်း တစ်စု ရင်းနှီးသွားကြသည်။ သူမ မှတ်ဉာဏ်တွင် စကားပြော အလွန် ကောင်းပြီး ဖော်ရွေတတ်သော ကောင်းမြတ်၊ စကားပြောလျှင် သွားတက်လေး အလွန်ပေါ်သော မြစန္ဒာ။ ကချင်တိုင်းရင်းသား ကပြားလေး ဇော်မိုင်၊ တရုတ်စပ် ရှမ်းမလေး ကဗျာ တို့ကို တစ်ခါ စကားပြောဖူးရုံဖြင့် မှတ်မိသွားတော့သည်။
ဒီနေ့သည် သူမ အတွက် ကျဉ်းမြောင်းသော အခန်းလေးမှ ထွက်၍ ပထမ ဆုံး ဆေးရုံအပြင်သို့ ခြေချခွင့်ရသောနေ့ ဖြစ်သည်။
ယခင်က အခန်း ပြတင်းပေါက်လေးတွင် အဝေးမှ ပန်းပင်၊ သစ်ပင်တွေကို ငေးခွင့်သာ ရခဲ့သမျှ ယနေ့ ပန်းပင်တွေကို ထိကိုင် မွှေးကြူရင်း ကလေးငယ် တစ်ယောက်လို ပျော်ရွှင်နေမိသည်။ကြာကြာ လမ်းလျှောက်လို့ မရသဖြင့် ၀ှီးချဲလ်ကြီးပေါ်တွင် ထိုင်၍ လိုက်ပါလာရသည်။ သူမနှင့် အတူ ကောင်းမြတ်တို့လည်း ပါသည်။
(၃)
သူမကို တစ်နေရာ ခေါ်သွားကြသည်။ ခြံဝင်းကြီးကြီး တစ်ခုဖြစ်သည်။ ခြံဝင်းထဲသို့ ကားကို ထိုးရပ်လိုက်တော့ သူမ ရှိရာ (ကားရပ်ရာ) နေရာသို့ ကလေးများ ပြေးလာကြသည်။
"မမသီရိ မင်္ဂလာပါ"
ကလေးများ သံပြိုင် အော်ကြရင်း သူမကို ကြိုဆိုကြသည်။
Grace
Land Orphanage Ministry မိဘမဲ့ ကျောင်းလေး တစ်ကျောင်း ဖြစ်သည်။ သူမ အံ့သြ မှင်တက်မိရင်း စကားပင် မပြောနိုင်တော့။
ကလေး တစ်အုပ်ကြီး၏ နောက်ဘက်တွင် ဖေဖေနှင့် မေမေကို သူမ တွေ့သည်။ သူမကို ပြုံးပြရင်း ခေါင်းညိတ်သည်။ ကလေးငယ်များ ငါးနှစ်၊ ခြောက်နှစ် အရွယ်မှ စ၍ ဆယ့်ငါး၊ ဆယ့်ခြောက် အရွယ် အထိ တန်းစီရင်း သူမရှေ့ လာရပ်ကြသည်။ ပြီးနောက် သီချင်းများကို သံပြိုင် သီဆိုကြသည်။ ကောင်းမြတ်တို့ အဖွဲ့က သူမနောက် ရပ်ရင်း ကလေးငယ်များ၏ သီဆို ဖျော်ဖြေမှုကို လက်ခုပ်တီး အားပေးကြသည်။
"ဒီ မိဘမဲ့ကျောင်းမှာ ကိုယ်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး ဒါန လုပ်ကြမှာလေ၊ သီရိလည်း ပါတယ်နော်၊ ကိုယ်တို့ကို သီရိရဲ့အဖေက အကူ အညီလည်း တောင်းတာနဲ့ သီရိကို အတူတူ ခေါ်လာကြတာ"
သူမ ကြည်နူး မိသည်။ ၀မ်းသာမိသည်။ မုဒိတာတွေ ခံစားမိသည်။ ခဏနေတော့ ကောင်းမြတ်တို့ တစ်ဖွဲ့လုံး မိဘမဲ့များကို စားသောက် စရာများ ထည့်ပေးရင်း ပြေးလွှား အလုပ်များ နေတော့သည်။
ထမင်းစားခန်းတွင် မိဘမဲ့ ကလေးများ အပြည့်။ စားသောက်စရာများ ချထားပေးသည့် စားပွဲများတွင် နေရာ ယူထားကြသည်။ ကျောင်းအုပ်ကြီးက အခု အလှူရှင်များကို ကျေးဇူးတင် စကားပြောကြားပြီး ကလေးများနှင့်အတူ ဆုတောင်း မေတ္တ္တာပို့သသည်။
ထိုနေ့က ရောဂါသည် ဖြစ်သူ သူမ ဘာမှ မလုပ်ကူနိုင်သဖြင့် ၀ှီးချဲလ်ကြီးပေါ်တွင် ထိုင်၍ ကောင်းမြတ်တို့ အဖွဲ့ လှုပ်ရှားမှု မှန်သမျှကို ငေးကြည့်ရင်း ၀မ်းသာ နေမိသည်။ ခဏနေတော့ ဖေဖေက သကြားလုံးများ ထည့်ထားသော အိတ်တစ်လုံးကို လာပေးရင်း "ရော့သမီး ခဏနေ ကျရင် ကလေးတွေ မုန့်စားပြီးရင် ဝေပေးလိုက်နော်"
(၄)
"ညီမလေး နာမည် ဘယ်လိုခေါ်သလဲ"
ဆံကျစ်လေးဖြင့် ချစ်စရာ ကောင်းသော ကလေးမလေး တစ်ဦးကို သူမ သကြားလုံးများ ပေးရင်း မေးလိုက်သည်။
"ဖူးဖူးစံပါရှင့်"
"ညီမလေး ဒီကို ရောက်တာ ဘယ်လောက် ကြာပြီလဲ"
"ဟိုးနှစ်က"
"ဘယ်နှတန်း ရောက်ပြီလဲ"
"သုံးတန်းရှင့်"
သကြားလုံးများ ဝေရင်း ကလေးများကို တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ရင်းဖြင့် မိဘမဲ့ ကလေးများ၏ အကြောင်းကို သူမ ကြားသိရသည်။
မိခင်ရှိပြီး မောင်နှမ များလွန်း၍ ရှာမကျွေးနိုင်သဖြင့် လာပို့ထားသူ၊ မိဘနှစ်ပါးစလုံး ကွယ်လွန် သွားသူလေးများ၊ မွေးကတည်းက ကျောင်းတွင် လာပို့ထား သူများနှင့် HIV,
AIDS ရောဂါဖြင့် မိဘဆုံးပြီး ကိုယ်တိုင်လည်း ရောဂါပိုးရှိသူ၊ မိဘမဲ့လေးများကို သူမ နွေးထွေး ကြင်နာစွာ ဆက်ဆံရင်း စာနာစိတ်၊ ကိုယ်ချင်းစာ စိတ်များ ဖြစ်မိသည်။
အမှတ်တရ ဓာတ်ပုံများ ရိုက်ရင်း ဤ ဒါနပြုပွဲလေးကို နိဂုံးချုပ် လိုက်သည်။ ဓာတ်ပုံထဲတွင် မိဘမဲ့လေးများ ကြားတွင် ရင်းနှီးစွာ ဖက်ကိုင်ရင်း ပျော်ရွှင်နေသော သူမ၏ ပုံရိပ်များကို အထင်းသား မြင်ရသည်။ သူမ စိတ်တွေ ချမ်းသာ နေပါလား။ သူမအတွက် ဤစိတ်ချမ်းသာခြင်းသည် နောက်ဆုံး ဖြစ်ခဲ့သည်။
(၅)
ဆောင်းရာသီ၏ လတစ်လတွင် သူမ လောကကို အပြီးတိုင် နှုတ်ဆက် သွားတော့သည်။
တိုက်ဆိုင်လှသည်ဟု ပြောရမလား မသိ။ သူမ မွေးဖွားသည့် လသည်လည်း ဆောင်းရာသီ၏ မြူနှင်းတွေ ကျနေသည့် အချိန် ဖြစ်ပြီး သူမ ကွယ်လွန် သည့်နေ့သည်လည်း မြူနှင်းတွေ ကျနေကြောင်း သိရသည်။
သူမ ဆုံးသည့် သတင်းကို ကောင်းမြတ်တို့ သူငယ်ချင်း တစ်စု ကြားရပြီးနောက် အားလုံး စိတ်မကောင်း ဖြစ်ကြသည်။ အသုဘချသည့် နေ့တွင် ကောင်းမြတ်တို့ အဖွဲ့ လိုက်ပါ လာကြပြီး သူမ လဲလျောင်းရာ နေရာလေးတွင် လွမ်းသူ့ ပန်းခွေများ ချထားကြသည်။ ထိုစဉ် သူမ၏ ဖခင် ဖြစ်သူက ကောင်းမြတ်၏ လက်ထဲသို့ စာတစ်စောင် လာပေးသည်။
သို့
သူငယ်ချင်းတို့ရေ...
သီရိ သူငယ်ချင်း တို့ကို အရမ်း ကျေးဇူးတင်စွာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။ သီရိက လူ့လောကကြီးမှာ လူတစ်ယောက် အဖြစ် မွေးဖွားခဲ့ပြီး လူအမည် ခံရုံသာ ဖြစ်ခဲ့ရသူပါ။ သီရိမှာ သူငယ်ချင်း ဆိုတာ ကောင်းမြတ်တို့က ပထမဆုံးနဲ့ နောက်ဆုံးပါ။ အရမ်း စိတ်လှုပ်ရှား မိပါတယ်။ အလွန် မွန်မြတ်လှတဲ့ စိတ်ထားနဲ့ ကိုယ်ချင်း စာနာမှု အပြည့်အ၀ ရှိတဲ့ သူငယ်ချင်းကောင်းတွေနဲ့ ခင်မင်ခွင့် ရခဲ့လို့ သီရိလေ လူ့လောကမှာ ကံအဆိုးဆုံး လူသားနဲ့ ကံအကောင်းဆုံး
လူသား ဖြစ်ခဲ့ရတယ်။ သီရိက သေလူတစ်ဦး ဆိုတာ ကြိုတင် သိနှင့်ပြီး သားပါ။ ဒါကြောင့် ဘာမျှော်လင့်ချက်မှ၊ ပျော်ရွှင်မှုမှ သီရိ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဖေဖေ့ရဲ့ ကျေးဇူးနဲ့ ကောင်းမြတ်တို့နဲ့ ခင်ပြီး ကောင်းမြတ်တို့နဲ့ အတူတူ ပရဟိတဒါနတွေ မိဘမဲ့ ကလေးကျောင်းလေးမှာ လုပ်ခွင့်ရခဲ့တယ်။ အဲဒီနေ့က မိဘမဲ့လေးတွေရဲ့ မျက်နှာမှာ အမိ မရှိသော်လည်း၊ အဖမရှိသော်လည်း လူ့လောကကြီးကို ဒုက္ခ္ခလို့ မမြင်ဘဲ ပျော်ရွှင်စွာ အသက်ရှင် နေကြတဲ့ ပုံစံကို မြင်ရတော့ သီရိလေ အရမ်း အားတက် မိပါတယ်။ သီရိ ဘ၀တစ်လျှောက်လုံးနဲ့ အသက်မီးစာ ကုန်ဆုံးခါနီးမှာ ဒီလောက် ပျော်ရွှင်မှု၊ မုဒိတာ စိတ်ခံစားမှုတွေ ခံစား သွားရဦးမယ်လို့ မထင်မိဘူး။ အဲဒီ အတွက် သီရိ ကောင်းမြတ် တို့ကို ကျေးဇူးတင်ပါတယ်။ သီရိ ဒီစာလေးနဲ့ အတူ ကောင်းမြတ် တို့ကို နှုတ်ဆက်ခဲ့ပါပြီ။ အခု ဒီစာလေး ရေးရင်း မိဘမဲ့ကျောင်းလေးမှာ ရိုက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကို ပြန်ကြည့်နေမိတယ်။ အဲဒီပုံတွေ ကြည့်ရင်း သီရိ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သလို ခံစားရတယ်။ ကောင်းမြတ်တို့ သူငယ်ချင်းတွေ ခုလို အများအကျိုး ဆောင်ရွက်ရင်း၊ ပရဟိတ လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း ထာဝရ ပျော်ရွှင်သွားနိုင်ဖို့ သီရိ ကောင်းကင်ဘုံကနေ စောင့်ရှောက်နေပါ့မယ်။ နှုတ်ဆက် ခဲ့ပါတယ်...
သီရိ
သူမ၏ စာလေးဆုံးတော့ ကဗျာက ပင့်သက် ရှိုက်သည်။ မြစန္ဒာက သီရိ၏ အုတ်ဂူကို ရီဝေစွာ ကြည့်ရင်း သူငယ်ချင်း သီရိ တစ်ယောက် ကောင်းရာ သုဂတိ လားပါစေ ဟု အားလုံး၏ စိတ်ထဲတွင် ဆန္ဒ တစ်ခုတည်းသာ ရှိနေတော့သည်။
ဆောင်းပါး
ဆန္ဒတစ်ခုတည်းသာ




