28
Jan

ညစ်ညမ်းဆေးတွေ

• “အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ”
• “Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ” နဲ့
• “ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ” ကိုတင်လက်စနဲ့ တပုဒ်တင်ပါရစေ။ အမှန်က သင်္ကြန်ကာလနီးမှ တင်ဘို့ပါ။ မနှစ်က ရာသီဆေးစာအနေနဲ့ ရေးခဲ့တာပါ။
• “ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီ” ကိုတော့ (ဘလော့ခ်) မှာဘဲ တင်ထားပါတယ်။ သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများက အရက်လို၊ ဘီယာလို၊ သောက်တာတခုခုထဲမှာ တည့်တယ်။ ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီနဲ့ ညစ်ညမ်းကော်ဖီဆိုတာတွေက ရေနွေးမှာဖျော်ပြီး ရိုးရိုးကော်ဖီလို ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။ ညစ်ညမ်းဆေးတွေကတော့ သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။

လက်လှမ်းမီသလောက် (၄) မျိုးသိပါတယ်။ ရှိပါအုံးမယ်။
1) Spanische Fliege
2) German Spanische Love 20ml drop
3) Spanische Fliege extra konzentriert Liebesstropfen 15ml
4) Die Spanische Fliege စတဲ့နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည် ပုလင်းငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ) သာပါလို့ ထိုးဆေးပုလင်း အတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။ "ညီမလေး အအေးလေး သုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကိုမမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို “ယင်ကောင်” တမျိုးကနေ ထုတ်တာပါ။ “အညှီရှိရင် ယင်အုံတယ်” မဟုတ်ပါလား။ ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေဖြစ်လာမယ်။ ဟိုစိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။

သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခု အပြုခံရပြီးမှ နောင်တ ရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။ ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာ တခုတည်း အတွက်သာလို့ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။ အမှောင်ခေတ်မှာ လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါး ကာလကလူတွေလဲ ကံမကောင်းကြသေးပါ။ အစိုးရချည်း အားမကိုးကြပါနဲ့။ ကိုယ့်အိမ်ကစ၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်အသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

ဒေါက်တာတင့်ဆွေ (၇-၄-၂ဝ၁၃၊ ၂၁-၁-၂ဝ၁၄ )

ဒေါက်တာတင့်ဆွေ - ညစ်ညမ်းဆေးတွေ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top