ဒီနေ့ တနေကုန် အလုပ်ထိုင်ဖြစ်နေတာနဲ့ ညနေပိုင်းမှာ လမ်းမဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်။ လျှောက်နေကျ လမ်းအတိုင်း သွားနေတုန်း ကျမကိုခေါ်သံ သဲ့သဲ့လေး ကြားရတယ်။ ကျမခြေလှမ်းတွေ ရပ်ပြီး ဟိုဟိုဒီဒီ ကြည့်မိတယ်။ ကျမသိတဲ့လူ တယောက်မှ မတွေ့မိဘူး။ သြော်.. ကျမ နားကြားလွဲတာ ဖြစ်မှာပဲဆိုပြီး ကျမ လမ်းဆက်လျှောက် ခဲ့တယ်။ ကျမကိုခေါ်တဲ့အသံ ထပ်ကြားရပြန်တယ်။ ဟုတ်ပါတယ်။ ဒီအသံဟာ ကျမကိုခေါ်နေတာပါ။ ဒီလို အသံထွက်ခေါ်ဖို့အ တွက် သူ တော်တော် အားစိုက်ရတယ်ဆိုတာကို သူ့ အသံကြားရတာနဲ့ သိသာနေပါတယ်။ ကျမဟာ ဘေးပါတ်ဝန်းကျင် ကို သေချာ အကဲခတ်ကြည့်နေမိတယ်။
ကျမနဲ့ သိပ်မဝေး တဲ့နေရာမှာ အမျိုးသမီးတယာက် ထိုင်နေတာကိုတော့ တွေ့တယ်။ ဒါပေမဲ့ သူပုံက တကယ့်ကို အရိုး ပေါ်အရေတင် ပါပဲ။ ဒီအမျိုးသမီးကို ကျမသိသလား။ သူကလွဲရင် ဒီအနားမှာ ဘယ်သူမှမရှိတာ အမှန်ပဲ။ အသံက အဲဒီ က ထွက်လာတာပါ။ ကျမ သူ့ကို သေချာကြည့်မိတယ်၊ မသိဘူး၊ ကျမ သူ့ကို လုံးဝ မသိပါဘူး၊ သူ လူမှားပြီး ခေါ်မိတာ နေမှာ၊ ကျမ လမ်းဆက်လျှောက်ဖို့ ပြင်လိုက်တယ်။ သူကတော့ ကျမကို ပြုံးပြ နေပြန်ပါတယ်။ ကျမလည်း သူ့ကို တချက် တော့ ပြုံးပြလိုက်ပြီး ကျမလမ်း ကျမ ဆက် လျှောက်လာတယ်။ သူလဲ ကျမရဲ့ ပုံကိုကြည့်ပြီး ကျမ သူ့ကို မမှတ်မိတာကို သိသွား ပုံရပါတယ်။ ထိုင်နေရာကနေ အားယူပြီး ထလာတယ်။ ကျမဆီကို သူ့ရှိသမျှအားတွေနဲ့ လှမ်းလာနေတယ်။
“ဆရာမ ကျမကို မမှတ်မိတော့ဘူးလား။ ကျမ ချစ်ချစ်လေ။” ကျမ အဝေးရောက်သွားမှာ စိုးလို့လားမသိဘူး၊ သူ စကား တွေကို ဆက်တိုက် ပြောချလိုက်တယ်။ ကျမမျက်နှာကို အကဲ ခတ်ကြည့်နေတဲ့သူဟာ တအားမောနေ တဲ့ပုံ ပါပဲ။
“ချစ်ချစ်”.. တဲ့၊ ကျမ ဒီနာမည်ကို တအားရင်းနှီးပါတယ်။ ဒါပေမဲ့ အခု ကျမ ရှေ့မှာ ရပ်နေတဲ့သူ့ကို ကျမ လုံးဝမသိပါ လား။ ကျမ သူ့ကို ငေးကြည့်နေမိတယ်၊ “ဆရာမ.. ကျမကို မသိတော့ဘူးလား။ ဆရာမနဲ့ ကျမ သိတာ နှစ်တွေအများ ကြီး ရှိပြီလေ။ ဆရာမနဲ့မတွေ့တာ တနှစ်-နှစ်နှစ်ပဲ ရှိသေးတယ်။” သူကတော့ ကိုယ့်ကို တကယ်ရင်းနှီးတဲ့ပုံပဲ။ ချစ်ချစ်.. ချစ်ချစ်.. ကျမ ဒီနာမည်ကို ရွတ်နေမိတယ်။ ချစ်ချစ်.. ကျမသတိရပြီ။ ကျမ သူ့ဘက်ကိုလှည့်ပြီး “ညီမလေးက ချစ်ချစ်.. ဟုတ်လား၊ တကယ်လား။” ကျမဟာ သူ့ကို မသင်္ကာသလို မေးနေမိတယ်။ “ဟုတ်တယ်.. ဆရာမ ကျမကို မှတ်မိတယ် ပေါ့” သူ့ရဲ့ပီတိပြုံးလေးကို ကျမ မြင်လိုက်ရပါတယ်။ “ဆရာမနဲ့ နောက်မှ စကားပြောမယ်” လို့ပြောပြီး သူ ကျမနားက ထွက်သွားတယ်။ ကျမ သူ့ကျောပြင်ကို ဆက်ငေးနေမိတယ်။ သူက တလှမ်း သွားဖို့အတွက် တအား အားယူနေရတယ်။ ကျမ နှုတ်ကလဲ “ချစ်ချစ်” လို့ ရွတ်နေမိတယ်။
ကျမ အိမ်ဘက်ကိုပြန်လျှောက်ရင်း ချစ်ချစ်အကြောင်းကို တွေးနေမိတယ်။ ချစ်ချစ်ကို ကျမ ကောင်းကောင်း သိပါတယ်။ သူ ကျမနဲ့သိတော့ သူ့ အသက် ၁၇ နှစ်၊ သူဟာ သွက်သွက်လက်လက် ရုပ်ကလဲ တကယ့်ကို ချစ်စရာကောင်းလို့ သူ့ကို ချစ်ချစ် လို့ ခေါ်ကြတာပါ။ အဲဒီတုန်းက သူ့အမရဲ့အသက်က ၂ဝ ကျော်။ သူ့အမ စကားနည်းသလောက် ချစ်ချစ်က စကားတအားပြောတယ်။ ပျော်ပျော် နေတတ်တယ်။ အမြဲပြုံးနေတတ်တယ်။ သူရော သူ့အမပါ ကိုယ့်အသွေးအသား ရောင်းစားတဲ့ အလုပ်ကို လုပ်နေကြရတယ်။
ဒီလောက် ရုပ်ရည်လှပတဲ့ ညီအမနှစ်ယောက် ဘာလို့ တခြားအလုပ်မလုပ်ဘဲ လူတွေအထင်သေးတဲ့ ဒီအလုပ်ကို လုပ် တာလဲလို့ မေးကြတယ်။ ကျမလည်း ဒီလိုပဲ မေးဖူးပါတယ်။ ဒီမေးခွန်းကို မေးတဲ့အခါတိုင်း ချစ်ချစ် အမရဲ့မျက်နှာဟာ ညှိုးကျသွားတယ်။ သူ အသုံးမကျလို့ သူ့ညီမလေး ဒီလိုဖြစ်ရတယ်ဆိုပြီး ဝမ်းနည်း နေတတ်တယ်။ ချစ်ချစ်ကတော့ သူ ဒီအလုပ် လုပ်ရတာ အမကြောင့် မဟုတ်ဘူး။ သူ့ ကိုယ်ပိုင်ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ အမဟာ ဒီအလုပ်လုပ်တာကို အိမ် ကိုမပြောဘဲ မိသားစုအတွက် အနစ်နာခံခဲ့တဲ့အကြောင်း၊ အမဟာ တကယ်ပဲ သတ္တိရှိတဲ့မိန်းကလေး ဖြစ်ကြောင်းတွေကို ပြောပြပါတယ်။ သူ့အမ ဒီအလုပ်လုပ်တာကို သိတဲ့နေ့က သူအမအတွက် စိတ်မကောင်းဖြစ်မိတယ်။ အမကို သနားမိ တယ်။ မေမေရဲ့ကျန်းမာရေးအတွက် ငွေမလိုခဲ့ရင်.. မမကြီး ကျောင်းတက်ဖို့ ငွေမလိုခဲ့ရင်.. အမက သူ့ကို ဒီအလုပ် လုပ် ဖို့ သဘောတူမှာ မဟုတ်ပါဘူး။
ချစ်ချစ်တို့မှာ ညီအမ ၆ ယောက်ရှိတယ်။ အခု သူနဲ့အတူတူ အလုပ်လုပ်နေတဲ့ အမ က ဒုတိယမြောက်အမပါ။ ချစ်ချစ်က အငယ်ဆုံး၊ ချစ်ချစ် ငယ်ငယ်လေးကတည်းက အဖေ ဆုံးသွားတယ်။ အမေတယောက်တည်း ဒီသားသမီးခြောက် ယောက်ကို လူလားမြောက်အောင် ကျွေးမွေးခဲ့တယ်။ ညီအမတွေလည်း တယောက်ကို တယောက်ချစ်ကြပါတယ်။ မေမေ ကျန်းမာရေး မကောင်းဖြစ်လာတယ်။ ဒီမိသားစုကြီးအတွက် ငွေလိုနေတယ်။ အမက ငယ်ငယ်နဲ့ အိမ်ထောင်ပြု လိုက်တယ်။ သူအိမ်ထောင် ပြုလိုက်ရင် အိမ်ကို ထောက်ပံ့နိုင်မယ်လို့ ထင်ခဲ့တယ်။
တကယ်တော့ သူက အိမ်ကိုမကူနိုင်ပါဘူး။ ဒါကြောင့် ဒီမိသားစုရဲ့ တာဝန်ဟာ ဒုတိယအမအပေါ် ပုံကျလာတယ်။ အမ ဟာ ရှစ်တန်းနဲ့ကျောင်းထွက်ပြီး အလုပ်လုပ်တယ်။ အလုပ်တွေ အမျိုးမျိုးပြောင်းလုပ်တယ်။ အိမ်ကလဲ ချွေတာနိုင်သမျှ ချွေပြီးသုံးတယ်။ အဲဒီအချိန်တုန်းက အမေ့ကျန်းမာရေးက အလုပ်လုံးဝ မလုပ်နိုင်တဲ့အပြင် တလတလ ဆေးဖိုးကိုက မ နည်းကြီး လိုနေပါတယ်။ အမတွေရဲ့အပြောင်းအလဲတွေကို အမြဲသတိထားနေတဲ့ ချစ်ချစ်ဟာ တရက်မှာ ဒုတိယ အမ ငွေတွေ တော်တော်များများ ယူလာတာကို တွေ့တယ်။ ငွေယူလာတဲ့အမရဲ့ မျက်နှာမှာ ပျော်ရွှင်တဲ့ အရိပ်အရောင်ဆိုလို့ ဘာမှမမြင်ရတဲ့အပြင် ညရောက်တော့ အမဟာ အခန်းထဲမှာ တယောက်တည်း ကြိတ်ငိုနေတာကို တွေ့လိုက်ရတယ်။ ချစ်ချစ် ဘယ်လိုပဲမေးမေး အမက မဖြေပါဘူး။ ဘယ်လောက်မှ မကြာပါဘူး။ အမဟာ အလုပ်လုပ်ရမယ်ဆိုပြီး အိမ်ကနေ ထွက်သွားတယ်။ လစဉ် အမေ့ဆေးဖိုး ကျမတို့ ကျောင်းစရိတ်တွေ မပျက်မကွက် ပို့ပေးတယ်။
လတချို့လောက်ရှိတော့ အမ ပထမဆုံး အိမ်ကိုပြန်လာတယ်။ အမဟာ သူ ဘာအလုပ် လုပ်တယ်ဆိုတာကို မပြောပြ ဘူး။ ထမင်းဆိုင် တဆိုင်မှာ အလုပ်လုပ်တယ်ပဲ ပြောပါတယ်။ ချစ်ချစ်ကလည်း လိုက်မယ်လို့ပြောတော့ အမက လုံးဝ ငြင်းပါတယ်။ ချစ်ချစ် လိုက်ဖို့ လုံးဝ သဘောမတူပါဘူး၊ အဲဒီအလုပ်က တအား ညစ်ပတ်တယ် ပင်ပန်းတယ်လို့ ပြောပါ တယ်။ အမဟာ သူ့အလုပ်အကြောင်းကို ဘယ်တော့မှ မပြောပါဘူး။ အမပြန်လာတိုင်း တခေါက်ထက်တခေါက် ပိန်လာ သလိုပဲ။ ချစ်ချစ် သူ့အမကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ အမတယောက်တည်း အပြင်မှာ ပင်ပန်းတာကို ချစ်ချစ် မကြည့်ရက်နိုင်တော့ဘူး။ တရက်မှာ ချစ်ချစ်ဟာ သူ့အမနဲ့ သူ့အမသူငယ်ချင်း စကားပြောတာကို ကြားလိုက်ရတယ်။ ချစ်ချစ်ဟာ သူ့နားနဲ့ သူကြားနေ တာတွေကို မယုံနိုင်ဘူးဖြစ်နေတယ်။ အမက သူ့ခန္ဓာအသွေးအသားကိုရောင်းပြီး မိသားစုကို ရှာကျွေးနေတာကို သိလိုက်ရတယ်။
တခဏလေးအတွင်းမှာ ချစ်ချစ် ဦးနှောက်ထဲမှာ ပုံရိပ်တွေအများကြီး ပေါ်လာတယ်။ ဒီအမရဲ့ မျက်နှာ၊ တခြား အမတွေရဲ့မျက်နှာ၊ ချစ်ချစ်ဟာ အမကို အပြစ်တင်ချင်မိနေတယ်။ ဘာလို့ ဒီ လောက် ညစ်ပတ်တဲ့ အလုပ်ကို လုပ်ရတာလဲ။ အမ ကိုယ်ခနြွာဟာ ညစ်ပတ်သလား။ ပုံရိပ်တွေထဲ အမေ့မျက်နှာပေါ် လာတော့ ပုံရိပ်တွေအားလုံး ရပ်တန့်သွားတယ်။ အမဟာ ဒီမိသားစုအတွက် အမေ့အတွက် ဘယ်လိုဝေဒနာတွေ ခံစား နေရလဲ။ အမရဲ့သတ္တိကို သူ ချီးကျူးမိပြန်တယ်။ အမကို တယောက်တည်း ပစ်ထားလို့ မဖြစ်ဘူး။ သူ အမနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။
ချစ်ချစ်ဟာ သူသိတာအားလုံး အမကို ဖွင့်ပြောလိုက်တယ်။ ဝမ်းနည်းပြီးငိုနေတဲ့ အမကိုမြင်တော့ ချစ်ချစ်ရဲ့ ဆုံးဖြတ် ချက်တွေ ပိုခိုင်မာလာတယ်။ သူလည်း အမနဲ့အတူ အလုပ် လိုက်လုပ်မယ်။ အမတယောက်တည်း စိတ်ဆင်းရဲ ကိုယ် ဆင်းရဲ မဖြစ်စေချင်ဘူး။ ချစ်ချစ်နဲ့သူ့အမဟာ အိမ်ကမသိအောင် အလုပ် အတူတူ ထွက်လုပ်တယ်။ ညီမနှစ်ယောက် ရတဲ့ငွေတွေကို အမြဲချွေတာသုံးတယ်။ စုနိုင် သမျှစုပြီး အိမ်ကိုပို့တယ်။
“နင်တို့ ရောဂါရမှာ မကြောက်ဘူးလား” လို့ တချို့က သူတို့ ကို မေးကြတယ်၊ “အမှန်အတိုင်း ပြောရင် ကျမလည်း ရော ဂါဖြစ်မှာ ကြောက်တပေါ့၊ ကျမအသက် ငယ်ငယ်လေး ရှိသေးတယ်၊ ဒါပေမဲ့ အမေ့အတွက်ဆိုတော့ ရောဂါရလည်း ကျမ ဝမ်းမနည်းပါဘူး” တဲ့၊ ချစ်ချစ် အမြဲ ဒီလိုဖြေနေကျပါ။
ချစ်ချစ်ကို “အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ပေါ့လို့ ကျမ မေးမိတော့ သူက ကျမကို “ချစ်တဲ့လူတွေ့ရင်တော့ ပြုရမှာ ပေါ့။ ဒါပေမဲ့ ကျမ ဘာအလုပ် လုပ်ခဲ့တယ်ဆိုတာကိုတော့ အရင်ပြောရမယ်၊ သူက လက်ခံတယ်ဆိုရင်တော့ စဉ်းစား မှာပေါ့” တဲ့။ ချစ်ချစ်ဟာ ခပ်ပေါ့ပေါ့ပဲ ပြောနေပေမယ့် သူ့မျက်နှာလေးဟာ ညှိုးနေမှန်း သတိထားကြည့်မိရင် သိနိုင်ပါ တယ်။
တကယ်လို့ ရောဂါတခုခုရခဲ့ရင် ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ လို့မေးတော့၊ ချစ်ချစ်က “ဒါကတော့ ကျမကံပေါ့၊ ဘယ် သူ့ကိုမှ အပြစ်မတင်ချင်ဘူး” တဲ့၊ သူက ပေါ့ပေါ့လေး ဖြေသွားနိုင်ပေမယ့် ကံကြမ္မာကိုသာ ပုံချနိုင်တော့တဲ့ သူ့ ဘဝ အ တွက် ကျမ စိတ်မကောင်းဖြစ်မိတယ်။ ကျမ သူတို့နဲ့တွေ့တိုင်း ကျန်းမာရေးအတွက် ကိုယ့်ဟာကို ကာကွယ်ဖို့ သတိပေးမိတယ်။ ကိုယ်ကျန်းမာမှ ကိုယ့်ရဲ့ မျှော် လင့်ချက်တွေ အကောင်အထည်ဖော်နိုင်မှာ မဟုတ်လား။
သူတို့နဲ့ မတွေ့တာ တော်တော်ကြာသွားပြီ။ သူတို့ အိမ်ပြောင်းသွားတော့ သူတို့ဆီကို သွားရတာ အဆင်မပြေတော့ဘူး။ ချစ်ချစ်အမ အိမ်ထောင်ပြု လိုက်ပြီလို့ ကြားတယ်။ သူတို့ဆီကို သွားပေမယ့်လဲ သူတို့နဲ့ မတွေ့ဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က ချစ်ချစ်အမနဲ့ တွေ့တယ်။ သူ့ကလေးဟာ မွေးမွေးချင်း ဆုံးသွားတယ်လို့သိလိုက်ရတယ်။ သူ့တို့အမေ လည်း ဆုံးသွားပြီတဲ့။ ချစ်ချစ်လဲ ဒီအလုပ် မလုပ်တော့ဘူး။ အိမ်ပြန်သွားတယ်တဲ့။ ချစ်ချစ်အမကို ကြည့်ရတာ ကျန်းမာ ရေး သိပ်ကောင်းပုံမရဘူး။ ကလေးဆုံး သွားလို့လဲ ဖြစ်နိုင်တာပေါ့။ အရင်အလုပ် မလုပ်တော့ရင် ကျန်းမာရေး စစ်ချင် တယ်ဆိုရင် ကျမနဲ့ ဆက်သွယ်ဖို့ မှာခဲ့မိတယ်။ သူတို့ညီအမ နှစ်ယောက်လုံး ကျန်းမာကြပါစေလို့  ကျမ ဆုတောင်းနေ မိတယ်။
ဒီနေ့ ချစ်ချစ်ကို အခုလိုတွေ့လိုက်ရတော့ ကျမ သူ့အတွက် စိတ် မကောင်းဖြစ်မိတယ်။ သူ့ကို ဒီလိုပုံမျိုး နဲ့ပြန်တွေ့မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိဘူး။ ချစ်ချစ်ဟာ အိမ်ပြန်ပြီး မကြာပါဘူး၊ နေမကောင်းဖြစ်လို့ ဆေးရုံမှာသွားစစ်တော့ သူ့ ရောဂါကို သိသွားတယ်။ ဒါကြောင့် သူအိမ်မှာ ဆက်မနေချင်တော့ဘူး။ အိမ်ကနေ သူ ပြန်ထွက်လာခဲ့တယ်။ ကျန်းမာ ရေးကလဲ တရက်ထက်တရက် ဆိုးလာတော့ ဘာလုပ်ရမယ်မှန်း မသိဖြစ်နေတယ်။ သူဟာ လမ်းဘေးမှာ မူးယစ်ဆေး ရောင်းတယ်။ တဖြည်းဖြည်းနဲ့ ခုနက ကျမတွေ့တဲ့ အနေအထားကို ရောက်လာတာပါပဲ။
နောက်နေ့ ကျမ ချစ်ချစ်ဆီကို ရောက်တယ်။ ဘာအကူအညီလိုလဲလို့မေးတော့ သူက ဘာမှ မလိုတဲ့အကြောင်း၊ ကျမ သူ့ကိုလာကြည့်တာကိုက သူ့အတွက် အားဆေးတခွက်ပါတဲ့။ “ကျမရဲ့ကျန်းမာရေးအခြေအနေကို ကျမသိတယ်။ ဆေး လဲ စားမနေချင်တော့ဘူး။ အေးအေးဆေးဆေးပဲ နေလို့ရသလောက် နေသွားတော့မယ်” တဲ့။ သူ ဒီမှာရှိတယ်ဆိုတာကို သူ့အမလဲ မသိစေချင်ဘူးတဲ့။ သူ့အမ ကျန်းကျန်းမာမာရှိပါစေလို့ပဲ သူ ဆုတောင်းတယ်၊ သူ မျှော်လင့်တယ်တဲ့။ သူ့ဆန္ဒ တွေပြည့်ပါစေလို့ ကျမလဲ ရင်နှင့်အမျှ ဆုတောင်းလိုက် မိပါတယ်။
ကြည်ကြည်ကျော်မြ
နေ့သစ် - ညီအစ်မ နှစ်ယောက်




