ပုံဟိုင်ကျေးရွာလေးရဲ့
အစည်းအဝေးခန်းထဲမှာ ကလေးငယ် လေးယောက်ဟာ အခန်းနောက်နားဆီက စားပွဲရှည်ကြီးတစ်လုံးနားမှာ
အလုပ်ရှုပ်နေကြတယ်။ သူတို့ထဲက ကလေးမေလေး တစ်ယောက်သာ ဖိနပ်အစုတ်လေး စီးထားပြီး သူငယ်
လေးယောက်ကတော့ ဘောင်းဘီတောင် ဝတ်မထားဘူး သူတို့ရှေ့က စားပွဲပေါ်မှာ ဖျော်ရည်တချို့တဝက်ကျန်နေသေးတဲ့
တစ်ခါသုံး ပလတ်စတစ် ခွက်တွေက ပျံ့ကျဲလို့။ လူကြီးတွေ သောက်ပြီးလို့ ကျန်နေတဲ့ လိမ္မော်ရောင်
အရည်တွေကို သူတို့က တခြားခွက် အလွတ်တစ်ခုထဲ သူ့ထက်ငါ ဦးအောင် လောင်းထည့်နေကြတယ်။ လူကြီးတွေ
ရှိရာကိုလည်း တစ်ချက်တစ်ချက် လှမ်းကြည့်လိုက်ကြသေးတယ်။ ပြီးမှ တဂွတ်ဂွတ်နဲ့ တကျိုက်တည်း
မော့ချ လိုကကြတယ်။
အခန်း
အလယ်က နောက်မှီမပါတဲ့ ခုံတန်းရှည်ပေါ်မှာ အမျိုးသမီးကြီးတွေ ထိုင်နေကြတယ်။ သူတို့ လူစုထဲမှာ
ကလေးတွေရဲ့ အဘွားတွေနဲ့ အဒေါ်တွေလည်းပါတယ်။ ပါးရေတွေ နားရေတွေ တွန့်လိပ်လို့ ဆံပင်တွေ
ပွယောင်းယောင်းနဲ့ အဘွားတွေကလည်း ကလေးတွေကို အဟန့်အတား မပြုကြဘူး။ တစ်နေ့ဝင်တွေ ၁၀
ဘတ်ခန့်သာရတဲ့ အဘွားက သူ့မြေးအတွက် တစ်ဗူးကို ၁၃ ဘတ်လောက်ရှိတဲ့ အချိုရည်ကို ဘယ်လို
ဝယ်တိုက်နိုင်ပါ့မလဲလေ။
မိသားစု
စရိတ်ကို ကျားကန်ပေးနေတဲ့ ကလေးတွေရဲ့ မိဘတွေကလည်း လူ့လောကကြီးကို စောစောစီးစီး မျက်ကွယ်ပြုသွားကြပြီ
HIV/AIDS က ကလေးတို့ မိဘတွေကို သေမင်းဆီ ဆွဲခေါ်သွားပြီး ကလေးတွေနဲ့ ဘိုးဘွားတွေကိုတော့
ဆင်းရဲတွင်းထဲ တွန်းပို့ခဲ့တယ်။
HIV/AIDS
ကြောင့်ဖြစ်တဲ့ ဆင်းရဲဒုက္ခတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်းက ပုံဟိုင်ကျေးရွာမှာတင်
ကြုံရတာ မဟုတ်ပါဘူး။ ကမ္ဘာမြေပုံပေါ်မှာ လက်ညိုးထိုးမလွဲ ရှိနေပြီး အထူးသဖြင့် တတိယကမ္ဘာက
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမီာ ရှောင်လွှဲလို့ မရနိုင်တဲ့ ပြဿနာကြီး တစ်ရပ်ပါ။ အာရှပစိဖိတ်ဒေသမှာ
HIV ပြဿနာကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုဟာ ၂၀၀၁ ခုနှစ် တစ်နှစ်ထဲမှာတင် အမေရိကန်
ဒေါ်လာ ၇.၃ ကုဋေရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ UNAIDS တို့က ဆိုပါတယ်။ ၂၀၁၀
ခုနှစ်ရောက်တဲ့အခါ ဒေသတွင်း ဆုံးရှုံးမှုဟာ ၂၀၀၁ ခုနှစ်မှာထက် ၂ ဆကျော် ပိုလာလိမ့်မယ်လို့လည်း
ခန့်မှန်းကြပါတယ်။
HIV
ကြောင့် ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်လာတယ်။
အလုပ်လုပ်နိုင်တဲ့ လူငယ် လူရွယ်တွေဟာ ရောဂါနဲ့ သေဆုံးကုန်တာကြောင့် ဆင်းရဲမှုက ပိုမို
နက်ရှိုင်းလာတယ်။ ဒီရောဂါရဲ့ ဆိုးကျိုးအနေနဲ့ မိဘမဲ့မြေးငယ်တွေရဲ့ တာဝန်ဟာ သက်ကြီး
ဘိုးဘွား တွေအတွက် ဝန်ထုပ်ဝန်ပိုးကို ပိုမို လေးလံစေတယ်။ ဆင်းရဲသထက် ဆင်းရဲစေတယ်။
အိမ်ထောင်တစ်ခုမှာ
HIV/AIDS ဖြစ်နေတဲ့လူ တစ်ယောက် ရှိနေပြီဆိုရင် အရင်ဆုံး သူ့ဝင်ငွေ လျော့လာမယ်။ ဆေးကုသစရိတ်
ပိုလာမယ်။ သူ့ကို ပြုစု စောင့်ရှောက်သူရဲ့ လုပ်အားနဲ့ ဝင်ငွေလည်း လျော့ကျလာမယ်။ နောက်ဆုံး
သဂြိုဟ်စရိတ်အတွက် လည်း အကုန်အကျခံရဦးမှာဖြစ်တယ်။ ခန့်မှန်းချက် တစ်ခုအရ ၂၀၀၃ ကနေ
၂၀၁၅ ခုနှစ်အတွင်း HIV/AIDS ကြောင့် လူပေါင်း ၅.၆သန်းဟာ ဆင်းရဲမှုကို ကြုံလာရမယ်။ ဒါမှမဟုတ်
ပိုပြီး ဆင်းရဲလာရလိမ့်မယလို့ ဆိုတယ်။
ရောဂါရှိသူ
အများစုဟာ အသက် ၁၅ နှစ်ကနေ ၄၀ အတွင်းမှာဖြစ်တယ်။ ဗီယက်နမ်မှာဆိုရင် HIV ရှိသူ အားလုံးရဲ့
၅၅ ရာခိုင်နှုန်းဟာ ၂၀ကနေ ၂၉နှစ်ကြားမှာရှိပြီး အမျိုးသားဦးရေက အများဆုံးပါပဲ။ အဲဒီ
အရွယ်ဟာဆိုရင် သန်မြန် ဖျတ်လတ်ပြီး ဝင်ငွေ အများဆုံး ရှာနိုင်တဲ့ အရွယ်မို့ သူတို့ဝင်ငွေ
ဆုံးရှုံးခြင်းဟာ မိသားစုအတွက် အကြီးအကျယ် ထိခိုက်စေပါတယ်။
သန်းတစ်ဝက်လောက်
အရေအတွက်ရှိတဲ့ လူတွေ သေကုန်တယ်ဆိုရင် အဲဒါဟာ မိသားစု သန်းဝက်လောက်မှာ ထိခိုက်နစ်နာမှုရှိတယ်လို့
ဆိုလိုတာပါပဲ။ မိသားစု တစ်စုမှာ ရောဂါရှိသူ အပါအဝင် လူလေးယောက် ရှိတယ်ဆိုပါစို့။ ထိခိုက်ဆုံးရှုံးမှုက
ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲ ဆိုတာကို မြင်ရမှာပါလို့ UNAIDS ရဲ့ ထိုင်း အခြေစိုက်
သုတေသီ ဒေါက်တာ စွာရပ်စကား က ပြောပါတယ်။ ထိုင်းမှာဆိုရင် အိမ်ထောင်စု တစ်ခုမှာ
AIDS ကြောင့် လူတစ်ယောက် သေဆုံးရင် ထိခိုက်မှုက အမေရိကန်ဒေါ်လာ တစ်သောင်း ရှိမယ်လို့
ခန့်မှန်းပါတယ်။ အဲဒီ အိမ်ထောင်စုရဲ့ ဝင်ငွေဟာ ၈၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်လို့လည်း
သိရတယ်။ အာရှမှာ ဖြစ်ပွားလေ့ရှိတဲ့အတိုင်း မိဘ ၂ယောက်လုံး ရောဂါ ရမယ်ဆိုရင် အခြေအနေဟာ
ပိုဆိုးသွားပြီ ဝင်ငွေ လျော့ရုံတင်မကဘူး ကလေးတွေရဲ့ ပညာရေးပါ ထိခိုက်နိုင်ပါတယ်။
HIV
ပြဿနာကို လျစ်လျူရှူထားချင်စရာ ကောင်းအောင် ဖြစ်စေတဲ့ အချက်လည်းရှိတယ်။ HIV ပြဿနာကြောင့်
တိုင်းပြည်ရဲ့ အသားတယင် ထုတ်ကုန်တန်ဖိုး ဟာ သိသိသာသာ လျော့ကျမသွားပဲ တက်သွားမှသာ ဂျီဒီပီ
ဟာ ၁ ရာခိုင်နှုန်း ကျဆင်းသွားမှာဖြစ်တယ်လို့ ဒေါက်တာ စကား က ပြောပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေဟာ
ရောဂါ ကူးစက်မှုကို ကြိုတင် ကာကွယ်ရေးမှာ နှောင့်နှေး နေကြတယ်။
ဆားစ်
SARS လို့ခေါ်တဲ့ ကူးစက်မြန် အဆုတ်ရာင် အအေးမိ ရောဂါ ရက်အနည်းငယ် အတွင်း ဖြစ်ပွားတယ်ဆိုရင်ပဲ
လေဆိပ်အားလုံးမှာ ဆားစ် ရောဂါ လက္ခဏာ ရှိ၊ မရှိ သိရအောင်လို့ လူတွေရဲ့ ကိုယ်အပူချိန်တိုင်းဖို့
စက်တွေ တပ်ထားကြတယ်။ ဒါပေမဲ့ လေဆိပ်ဘယ်လောက်များများမှာ ကွန်ဒုံး ဝေတဲ့စက် တပ်ထားလဲလို့
ဒေါက်တာ စကားက ထောက်ပြသွားပါတယ်။ ဆားစ် ဖြစ်ပွားတဲ့အခါ ခရီးသွားလာရေး လုပ်ငန်းတွေ ကိုသာ
ထိခိုက်ပြီး အ HIV ဖြစ်တဲ့ အခါမှာတော့ အခြားစီးပွားရေး လုပ်ငန်းတွေကိုပါ ထိခိုက်မှုရှိတယ်။
နိုင်ငံတွင်းကို ကာမ ရာဂ ဖျော်ဖြေမှုအတွက် ဝင်ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေလည်း
ရှိတဲ့အတွက် သူတို့နဲ့ ဆက်စပ်ပတ်သက်ရာတွေမှာ ထိခိုက်နစ်နာမှု တွေဖြစ်လာနိုင်တယ်။ ကွန်ဒုံးဟာ
အသက်ကယ် ကိရိယာ တစ်ခုပဲ လို့လည်း သူက ဆက်ပြောပါတယ် နိုင်ငံတကာမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့
တိုင်းပြည်ဝင်ငွေရှာနေကြတာ ကောင်းကျိုးနဲ့ ဆိုးပြစ် ကို အလွန် စဉ်းစားသင့်တဲ့ အချက်ဖြစ်တယ်။
UNAIDS
နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲံ စစ်တမ်းအရ အနာဂတ် ကာလမှာ ကူးစက်မ့ လျော့ကျစေဖို့ အတွက်
အာရှ ပစိဖိတ်ဒေသမှာ ကြိုင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ ကုဋေ
အထိလိုအပ်လိမ့်မယ်လို့ ဆိုတယ်။
ရံပုံငွေဆိုတာ
တကယ်လိုအပ်တဲ့နေရာကို အမှန်တကယ် ရောက်သွားသင့်တယ်လို့ ဒေါက်တာ စကားက ဆိုပါတယ်။ ဥပမာ
အနေနဲ့ ကမ္ဘောဒီးယာမှာဆိုရင် အစိုးရဟာ ရလာတဲ့ ရံပုံငွေတွေကို ထိထိရောက်ရောက် သုံးစွဲနိုင်တဲ့
အနေအထားမှာ မရှိဘူးလို့သိရတယ်။ ရံပုံငွေတွေရဖို့အပြင် အချင်းချင်း ပူးပေါင်း ပါဝင်
ဆောင်ရွက်မှုလည်ူး လိုအပ်တယ်လို့ သူက ထောက်ပြသွားပါတယ်။
အခုချိန်မှာ
အာရှတိုက်အစိုးရတွေဟာ HIV ပြဿနာအတွက် ဒေါ်လာသန်း ၂၀၀ သုံးစွဲနေရတယ်။ ဗွီယက်နမ် နိုင်ငံ
တစ်နိုင်ငံတည်းတင် HIV စီမံကိန်းအတွက် တစ်နှစ်ကို ဒေါ်လာသန်း ၆သန်း သုံးစွဲတယ် ။ အကယ်၍
အာရှတိုက်မှာ အခြေအနေကို မထိန်းသိမ်းနိုင်ခဲ့ရင် သက္ကရာဇ် ၂၀၀၇ကနေ ၂၀၁၀ ခုနှစ်မှာ ဒေါ်လာ
၅ ကုဋေ ကျော်သုံးစွဲဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ အခုကနေစလို့ ဂရုတစိုက်နဲ့ ဆောင်ရွက်စရာရှိတာကို
လုပ်ဆောင်ပေးမယ်ဆိုရင် ထပ်မံ ကူးစက်မှုတွေ လျော့ကျသွားလို့ အာရှဒေသအတွက် နှစ်စဉ်ဒေါ်လာ
၂ ကုဋေ စုမိမှာဖြစ်တယ်း ဒေါက်တာစကေးက အခုချိန်မှာ ကြိုတင်ကာကွယ်မှုတွေအတွက် အကုန်အကျ
မခံဘူးဆိုရင် နောက်တချိန်မှာ ကုသစရိတ် ပိုများလာလိမ့်မယ်လို့ ပြောပါတယ်။
အာရှ
ပစိဖိတ်ဒေသမှာ HIV ကြောင့် ခန့်မှန်းခြေ လူပေါင်း ၅သိန်း သေဆုံးခဲ့ပြီး နှစ်စဉ် လူ
၁သန်း ကူးစက်ခံနေရပါတယ်။ အိန္ဒိယမှာရှိတဲ့ ကူးစက်ခံရတဲ့ လူဦးရေဟာ တောင် အာဖရိကက နီးပါး
ရှိနေပြီ။ ဖေါ်ပြခဲ့တဲ့ သေဆုံးသူ ကူးစက်ခံရသူတွေအတွက် ၂၁ ရာစု အစပိုင်းမှာ ဒေါ်လာ ၇ကုဋေ
ကုန်ကျခဲ့ တယ်လို့ ခန့်မှန်ကြတယ်။ ရောဂါ ရှိသူ လူဦးရေနဲ့ ပတ်သက်လို့ အတိအကျ စာရင်း
ကောက်ယူဖို့ ခက်ခဲ့အတွက် သတင်းပို့လာတဲ့ ကိန်းဂဏန်းကို နှစ်ဆ လုပ်မှ အမှန် ဖြစ်လိမ့်မယ်လို့
ဒေါက်တာ ပရာဖန်ဖနုပယ့်စ် ကပြောပါတယ်။ သူက ထိုင်း ကြက်ခြေနီ အသင်းရဲ့ အေအိုင်ဒီအက်စ
သုတေသန ဗဟိုက ညွှန်ကြားရေးမှူးဖြစ်ပါတယ်။
၁၉၉၇
ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အာရှ စီးပွားရေး အကြပ်အတည်းကလည်း HIV ပြဿနာကို မီးကူလို့ထိုး
ပေးခဲ့တယ်။ စီးပွားရေး အခက်အခဲကနေ လွတ်ရာ လွတ်ကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ဘက်ကိုဦးလှည့်လာကြသလို
ဆေးစွဲသူလည်း ပိုများလာတယ်။ မူးယစ်ဆေးသုံးစွဲဖို့ ငွေရှာနေတဲ့ ခန္ဓာကိုယ် ရောင်းချသူတွေရှိတယ်။
ခန္ဓာကို ရောင်းချ အသက်မမွေးသူတွေထဲကလည်း မူးယစ်ဆေး သုံးစွဲသူတွေရှိတယ် ဒီလို မသန့်ရှင်းတဲ့
ဆေးထိုးအပ် အကာအကွယ်မရှိတဲ့ လိင်ဆက်ဆံမှုတွေကနေ ရောဂါပိုး ကူးစက်မှု ပျံ့နှံ့လာပြီး
HIV ကူးစက်မှု စက်ဝိုင်းကြီးဟာ ကျယ်ပြန့်လာတယ်။
ဒေသ
ပြောင်းရွှေ့သူတွေအတွက် ကူညီဆောင်ရွက်ရေး အစီအစဉ်ရဲ့ စီမံကိန်း စီစဉ် ဆောင်ရွက်သူ ဂျက်ကီပိုလောခ့်
ကလည်းပြောင်းရွှေ့ လုပ်သားတွေ အကြောင်း ပြောပြပါတယ်။ နေရပ်ဒေသမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့
စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လာကြတယ်။ နယ်စွန် နယ်ဖျားမှာ
နေသူတွေကလည်း လုပ်ခ သုံးလေးဆ ပိုရတဲ့ မြို့ကြီးတွေဆီ အလုပ်လာလုပ်ကြတယ်။ သူတို့ထဲက ၁
ရာခိုင်နှုန်း ကျော်ဟာ လိင်လုပ်သား ဖြစ်သွားကြပြီး တော်တော် ဆိုးရွားတဲ့ အခြေအနေမှာ
လုပ်ကိုင်နေကြရတယ်။ သူတို့ထဲမှာ အတင်းခိုင်းစေခံ လိုက်ရတာရှိသလို ရွေးချယ်စရာလမ်း မရှိတော့လို့
တမင် ဘဝပျက်ခံလိုက်ရတာ လည်းရှိတယ်။ တချို့က အဲဒီ ဘဝကနေ ကယ်ထုတ်တာ မခံချင်ဘူး လို့ ပိုလောခ့်က
ပြောပြပါတယ်။ ဒီလိုမှ မလုပ်ရင်လည်း ကြွေးလည်ပင်းခိုက်နေတာတွေ ဘယ်လို ပြန်ဆပ်မလဲ ဆိုတဲ့
မေးခွန်းရဲ့ အဖြေဟာ ရှာတွေ့ဖို့ ခက်ပါတယ်။
ဆင်းရဲလို့
ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ဘဝတွေကို ဇွတ်နှစ်ပြစ်လိုက်ရတယ်။ နစ်မွန်းသွားတဲ့ ဘဝတွေမှာ
ရောဂါဆိုး ရလာတော့ နစ်သထက် နစ်ပြီး နာလံမထူနိုင်အောင် ဖြစ်ရတယ်။ ဆင်းရဲလို့ ရောဂါရ
ရောဂါရလို့ ဆင်းရဲဆိုတဲ့ သံသရာကြီးဟာ ချာချာ လည်နေတော့တယ်။
ပညာရေးနဲ့
နိုင်ငံ ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးစွဲရမယ့် ငွေကြေးတွေဟာလည်း HIV အတွက် တစ်ကမ္ဘာလုံးအနေနဲ့
ဒေါ်လာ ၁၂ ကုဋေ သုံးနေရတယ်။ ဒီပမာဏဟာ ၂၀၀၅ ခုနှစ်မှာ
လိုအပ်တဲ့ မမာဏရဲ့ တစ်ဝက်သာရှိပြီး ၂၀၀၇ ခုနှစ်မှာ လိုအပ်ငွေရဲ့ လေးပုံ တစ်ပုံဖြစ်တယ်။
ထိုင်းနိုင်ငံ
ဆေးဝါး ထုတ်လုပ်သူများ အသင်းရဲ့ နာယက အာမယ်နာ့ဂ်ျ က HIV ဆေးဝါး ထုတ်လုပ်ရေးနဲ့ သုတေသနဌနမှာ
နှစ်စဉ် ဒေါ်လာ သန်း ၅၀၀ ကနေ ၈၀၀ ကြား သုံးစွဲနေရတယ်လို့ ဆိုပါတယ်။ အခု လက်ရှိ သုံးစွဲနေတဲ့
ဆေးဟာ နောက် ၅နှစ်အကြာမှာ ရောဂါပိုးတွေ ဆေးကို ယဉ်ပါးလာပြီး ဆေးဝါး ခံနိုင်ရည် ရှိလာမှာဖြစ်တဲ့အတွက်
နောက်၅ နှစ်အမှီ ဆေးဝါး အသစ်ထုတ်ဖို့ ကြိုးပမ်းနေကြရတယ်လို့ ပြောပါတယ်။
အခြား
တစ်ဖက်မှာလည်း ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ သယံဇာတ ပြုန်းတီးမှုတွေ ဆင်းရဲ မွဲတေမှုတွေ ကြွေးမြီ
ထူပြောမှုတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေကြား ရှင်သန်ဖို့ လုံးမပန်းနေရတဲ့ ကမ္ဘာကြီးမှာ
HIV ပြဿနာက ရေနစ်သူကို ဝါးထိုးကူသလို ဖြစ်နေပါပြီ။ လုပ်အားတွေ ယုတ်လျော့လို့ ငွေအင်အားသာမက
လူသား ရင်းမြစ်တွေကိုလည်း ဆုံးရှုံးရတယ်။ လူ့သက်တမ်းကိုလည်း တိုလာစေတယ်။ ဒါကြောင့်
ဒေါက်တာ ဖနုပယ့်ခ်က ဘယ်တိုင်းပြည်မှ ပြေမလွတ်ဘူး HIV/AIDS ဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့
ကိစ္စဖြစ်တယ် အဲဒါဟာ ကမ္ဘာကြီးရဲ့ တိုးတက်မှုနဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ပဲလို့
ပြောသွားပါတယ်။
ကမ္ဘာတဝှမ်း
HIV/AIDS အတွက် ကုန်ကျစရိတ် နှိုင်းယှဉ်မှု (အမေရိကန် ဒေါ်လာသန်းပေါင်း)
|
|
၂၀၀၁ |
၂၀၀၁ (ထိရောက်သော ဆောင်ရွက်မှု မရှိခဲ့သော်) |
၂၀၁၀ (အရေးယူ ဆောင်ရွက်မှု မရှိခဲ့သော်) |
|
ကာကွယ်မှု |
၂၁၈ |
၃,၃၃၈ |
၃,၁၈၀ |
|
ကုသမှု |
၃၅ |
၁,၉၉၉ |
၃,၁၈၀ |
|
သဂြိုဟ် |
၁၆၀ |
၂၅၄ |
၁,၇၄၃ |
|
သယ်ယူပို့ဆောင်ရေး |
၁၁ |
၁၈ |
၁၆ |
|
ပြုစုသူရဲ့ |
၁၇ |
၂၈ |
၂၅ |
|
ဝေဒနာရှင်ရဲ့ |
၆,၉၀၇ |
၁၁,၈၆၅ |
၁၀,၃၅၂ |
|
|
၇,၃၄၈ |
၁၇,၅၀၇ |
၁၅,၅၃၈
|
ကွာခြားမှု ၁,၉၆၈
Soure – UNAIDS : Asian
Development Bank : Review Data
အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူဖေါ်ပြပါသည်။




