မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးသို့ တစ်ကိုယ်တော် စက်ဘီးဖြင့်နယ်လှည့်သူ ဦးစရကိုသည် မေ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ သို့ ရောက်ရှိပြီး မေ ၆ ရက်နံနက်တွင် ထီးလင်းမြို့နယ်သို့ ထွက်ခွါသွားသည်။ ဦးစရကိုသည် ဂန့်ဂေါမြို့တွင် လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ခရီးသွားအတွေ့အကြုံများနှင့် HIV/AIDS အကြောင်းတို့ကို စကားဝိုင်းဖွဲ့ ဆွေးနွေးသည်။
ဦးစရကိုသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့မှ စက်ဘီးဖြင့် စတင်ထွက်ခွါခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့သို့ ရောက်ရှိပြီးဖြစ်ကာ အချိန်ကာလ ၅ လနှင့် ၅ ရက်အတွင်း ခရီးမိုင်ပေါင်း ၃၉၄၆ မိုင်ရောက်ရှိကြောင်းနှင့် ရည်မှန်းချက်၏ ၃ ပုံ ၁ ပုံ ခရီးရောက်ပြီး ဖြစ်သည်ဟု ဆိုသည်။
“စက်ဘီးနဲ့ဘဲသွားပါတယ် အတက်ခရီးတွေမှာ တွန်းသွားတယ်၊ မြစ်ချောင်းကူးတွေမှာ စက်ဘီးနင်းပြီး သွားလို့မရမှ မော်တော်ပေါ် တင်ပါတယ်။ လူမှုရေး အသင်းအဖွဲ့များက ကျွန်တော့်ကို အကူအညီ ပေးကြပါတယ်’’ ဟု ဦးစရကိုက ပြောသည်။
ဦးစရကိုသည် မန္တလေးမြို့ ၁၉ လမ်း၊ (၈၉ နှင့် ၉၀ လမ်း) ကြားတွင် နေထိုင်၍ ဦးကက်နက်ထွန်းမောင်၊ ဒေါ်သန်းမြင့်တို့၏ သားသမီး ၃ ယောက်အနက် အလတ်ဖြစ်ကာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသူဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါ မေ ၆
CFHIV - တစ်ကိုယ်တော် စက်ဘီးဖြင့် သွားရောက်သူ ဦးစရကို ဂန့်ဂေါသို့ရောက်ရှိ




