6
Aug

တစ်နိုင်ငံလုံးရှိ HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် စက်ချုပ် အတတ်ပညာ သင်တန်းဖွင့်မည်

အနယ်နယ်အရပ်ရပ်ရှိ HIV/AIDS ပိုး ကူးစက်ခံထားရသူ အမျိုးသမီးများ အတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် စက်ချုပ်အတတ်ပညာ သင်တန်းကို ယခုလအတွင်း ဖွင့်လှစ် နိုင်ရန်စီစဉ်ထားကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ထံမှ သိရသည်။

လက်ရှိတွင် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက တောင်ဒဂုံရှိဂေဟာတွင် သင်တန်းများဖွင့်လှစ် ထားသော်လည်း ယခုပြုလုပ်မည့် သင်တန်းသည် တစ်နိုင်ငံလုံးမှ HIVပိုး ကူးစက်ခံထားရသူ မည်သူမဆို တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကြောင်းပြောသည်။

''ံHIV ကူးစက်ခံထားရသူတွေ နောင်တစ်ချိန်မှာ လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် ရည်ရွယ်ထားပါတယ်။ ရောဂါလဲကူးစက်ခံရ၊ အတန်းပညာလဲ မရှိရင် စားဝတ်နေ ရေးအတွက် ရပ်တည်ဖို့ အခက်အခဲ ရှိနိုင်တယ်''ဟု ဒေါ်ဖြူဖြူသင်းကဆိုသည်။

သင်တန်းများကို အသုတ်လိုက် ဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်သုတ်လျှင် ၂ဝ သာ တက်ရောက်ခွင့် ရှိမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများ အနေဖြင့် လျှောက်လွှာ တင်ရမည်ဖြစ်ကာ အမှန်တကယ် တက်ရောက်နိုင်သူ များကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း နေ၊ စား စရိတ်ငြိမ်း စီစဉ်ထားပြီး အခြေခံ စက်ချုပ်ပညာနှင့်အတူ ကိန်းဂဏန်းတွက်ချက်တတ် သူများကို အဆင့်မြင့် စက်ချုပ်နည်းများ သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ HIV ကူးစက် ခံထားရသူ အမျိုးသမီးများ အနေဖြင့် စက်ချုပ်ပညာဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းအသက်မွေး နိုင်ရန်နှင့် ပြင်ပ အလုပ်နေရာများတွင် အလုပ်ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

HIV ကူးစက် ခံထားရသူ အမျိုးသမီးများ ကွန်ရက်မှ ဘဏ္ဍာရေးမှူး ဒေါ်ချောစုက ''စက်ချုပ်အတတ်ပညာ သင်တန်းက နေစရိတ်၊ စားစရိတ်ငြိမ်း စီစဉ်ပေးမယ်ဆိုတော့ ကျွန်မတို့ ကွန်ရက်ကတက်ချင်တဲ့ သူတွေများတယ်။ သင်တန်းလျှောက်လွှာတွေယူပြီး လျှောက်ဖို့ စီစဉ် နေပါတယ်''ဟုပြောသည်။ တက်ရောက်လိုသူများ အလွယ်တကူ လျှောက်လွှာရရှိနိုင်ရန် ပြည်တွင်းရှိ NGO များနှင့် အခြားလူမှုရေး အဖွဲ့အစည်း များသို့ လျှောက်လွှာ များ ဖြန့်ဝေထားပြီး ဆက်လက်ဖြန့်ဝေနေဆဲ ဖြစ်ကြောင်း သိရသည်။

The Union Daily

Myanmar New Update - တစ်နိုင်ငံလုံးရှိ HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် စက်ချုပ် အတတ်ပညာ သင်တန်းဖွင့်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top