23
Feb

တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂)

Levono 72 ဆေးကို တလမှာ တခါအမြဲသုံးလို့ ရပါသလား။ တလလျှင် တရက်နှစ်ရက်သာ တွေ့ရတဲ့ ဇနီးမောင်နှံတွေ အနေနဲ့ အဲဒီဆေးကို လစဉ်သုံးလျှင် အဆင်ပြေနိုင်ပါသလား။ နောင်ကလေးပြန်ယူလျှင် အဆင်ပြေနိုင်ပါသလား။

ဒီအမေးမျိုးတွေ အတော်လာလို့ “Emergency တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ်” စာတပုဒ် ရေးထားတယ်။ နည်းနာတွေကိုသာရေးပြီး မေးတာကို မရေမရာသာ ဖြေထားပါတယ်။ ရေရေရာရာ သိပ်မသိလို့ ဖြစ်ပါတယ်။ နောက်တပုဒ် ရေးပါရစေ။

Levono 72 အရေးပေါ် ကိုယ်ဝန်တားဆေးထဲမှာ Levonorgestrel (Progestin) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ပါတယ်။ 0.75 mg ပါတာကို ၂ လုံးတခါတည်း၊ 1.5mg ပါတာကို ၁ လုံးတခါတည်း၊ 0.03mg/0.15mg ပါတာက ၂၁ ရက်သောက်ဆေးဖြစ်တယ်။

မိန်းကလေးတိုင်း အရွယ်ရောက်တာနဲ့ ရာသီလစဉ်လာကြတယ်။ တလဆိုတာ ၂၈ ရက်ကပုံမှန် အများဆုံးရှိကြတယ်။ ရာသီရက် တွက်ရင် ရာသီသွေး အစဆုံးဆင်းတဲ့နေ့ကို ရက်နံပါတ် (၁) လို့ မှတ်ရမယ်။ ရာသီဆင်းလာလို့ မကြာခင် ဦးနှောက် အောက်ခြေမှာရှိတဲ့ (ပစ်ကျူထရီ-ဂလင်း) အိတ်ကလေးကနေ (FSH) ခေါ်တဲ့ ဟော်မုန်း ထွက်လာတယ်။ သူကနေ မျိုးဥအိမ်ထဲမှာ မျိုးဥထွက်လာတော့မဲ့ (ဖေါ်လီကယ်လ်) ကို နိုးဆွပေးတယ်။ (ဖေါ်လီကယ်လ်) ကနေ (အီစထိုဂျင်) ဟော်မုန်းတွေ ပိုပြီး ထွက်လာအုံးမယ်။ ဒီ ဟော်မုန်းတန်ခိုးနဲ့ Cervix သားအိမ်အဝက Mucus အကျိအချွဲ ထွက်လာစေတယ်။ ဒါဟာ Fertility မျိုးပွါးမှုဖြစ်စေအောင် တဖက်တလမ်းကနေ အကူအညီပေးတာဖြစ်တယ်။ မျိုးဥမထွက်ခင် တရက်အလိုမှာ (အီစထိုဂျင်) ထွက်တာ အများဆုံးဖြစ်တယ်။ (ပစ်ကျူထရီ-ဂလင်း) ကနေ Luteinizing hormone (LH) ခေါ်တဲ့ နောက် ဟော်မုန်း တမျိုးပါ ထွက်လာပြန်တယ်။ ဒီအစွမ်းကြောင့် Ovulation လလည်ရက်မှာ မျိုးဥအိမ်ကနေ Ovum (Egg or Oocyte) ခေါ်တဲ့ မျိုးဥ တဥထွက်လာမယ်။

ထွက်လာတဲ့ မျိုးဥဟာ သုက်ပိုးနဲ့ ပေါင်းစပ်တာ (မျိုးစပ်တာ) မဖြစ်ရရင်တော့ ၂၄ နာရီထက် အသက်ပိုမရှင်တာ များတယ်။ မျိုးဥထွက်ပြီးတဲ့နောက် Follicle (ဖေါ်လီလယ်လ်) ကနေ Progesterone (ပရိုဂျက်စတီရုံး) ခေါ်တဲ့ နောက် ဟော်မုန်းတမျိုး ၁၁ ရက်ကနေ ၁၆ ရက်အထိကြာအောင် ထွက်ပြန်တယ်။ ဒီဟော်မုန်း ရှိနေတဲ့အတွက် နောက်ထပ် မျိုးဥထပ် မထွက်စေနိုင်ဘူး။ စောစောက ထွက်ထားခဲ့တဲ့ အချွဲကလဲ စေးပျစ်လာတယ်။ တခါတလေ ပျောက်သွားစေတယ်။ သားအိမ်ဝက ပိတ်နေသလိုလဲ ဖြစ်လာစေတယ်။

လလည်ရက်မှာ မျိုးဥထွက်လာတာနဲ့ (အီစထိုဂျင်) ဟော်မုန်းက ၂၄ နာရီအတွင်းမှာ လျှော့နည်းလာတယ်။ ဒိနောက် ပြန်တက်လာတယ်။ ဒါပေမဲ့ နောက်ထွက် ဟော်မုန်း (ပရိုဂျက်စတီရုံး) ရဲ့ သတ္တိက လွှမ်းမိုးနေတယ်။ လကုန်ခါနီး ၂-၃ ရက်မှာ အဲဒီဟော်မုန်း ၂ မျိုးလုံးနည်းလာပြီး Menstruation ရာသီသွေးဆင်းလာမယ်။ ဒီလို ပုံမှန်ဖြစ်စဉ်ကိုကြည့်ပြီး တားဆေး-တားနည်းကို လုပ်ယူရတယ်။

Fertility မျိုးပွါးနိုင်စွမ်းဟာ လတလရဲ့ အစရက်တွေမှာ အခွင့်အလမ်း အင်မတန်နည်းတယ်။ လလည်ရက် မျိုးဥမထွက်ခင် ၅ ရက်နဲ့ မျိုးဥထွက်ပြီး ၂-၃ ရက်အတွက်ဟာ မျိုးပွါးနိုင်ခြေ အထွတ်အထိပ်ရှိတဲ့ ရက်တွေ ဖြစ်ကြတယ်။ စောစောကရေးခဲ့တဲ့ မျိုးဥဟာ ၂၄ နာရီထက်မရှင်နိုင်ဘူးဆိုပေမဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှုပြုလို့ ဝင်လာမဲ့ သန်စွမ်းတဲ့ သုက်ပိုးတွေဟာ မျိုးဥမထွက်ခင်ကတည်းက ရောက်နေပြီး ၅ ရက်အထိရှင်နေနိုင်တာမို့ နောက်မှထွက်လာမို့ မျိုးဥနဲ့တွေ့နိုင်တာမို့ ကိုယ်ဝန်ရလမ်းရှိတယ်လို့ ပြောရတာဖြစ်တယ်။

Fertilization မျိုးစပ်ပေါင်းခြင်း
Ovary မျိုးဥအိမ်ကနေ ထုတ်ပေးလိုက်တဲ့ မျိုးဥဟာ ထွက်တာနဲ့ သားအိမ်ပြွန်ထဲကိုဝင်လာတယ်။ သုက်ပိုးကတော့ အောက်မှာရှိတဲ့ (ဗဂျိုင်းနား) ထဲကနေ သားအိမ်ဝ၊ ဒိနောက် သားအိမ်၊ ဆက်ပြီး သားအိမ်ပြွန်ထဲ အထိ တက်လာမယ်။ မျိုးဥကို လိုက်ရှာတဲ့သဘော ဖြစ်တယ်။ Fertilization မျိုးစပ်ပေါင်းခြင်းဆိုတာ ဆင့်ကဲဖြစ်စဉ်တွေ အများကြီးရှိတယ်။ သုက်ပိုးနဲ့ မျိုးဥတွေ့ကြတာနဲ့ သူတို့ထဲက Chromosomes (ခရိုမိုဇုမ်း) တွေ အချင်းချင်း ပေါင်းစပ်ကြပြီးနောက် တခုထဲသော (ဆဲလ်) အသစ်တခု ဖြစ်လာမယ်။ Fertilized ovum မျိုးစပ်ပြီးသား-မျိုးဥကို Zygote လို့ ပြောင်းခေါ်တယ်။ ဒါဟာ လူသားကလေးတဦးရဲ့ မူလအစဖြစ်တယ်။ အတိအကျ ခေါ်လို့တော့ မရသေးပေမဲ့ ဒီအဆင့်ဟာ တကယ့်ကို အရေးအကြီးဆုံးအချက် ဖြစ်တယ်။ Zygote ထဲမှာ မျိုးဥဘက်က (ခရိုမိုဇုမ်း) ၂၃ ခုနဲ့ သုက်ပိုးဘက်က (ခရိုမိုဇုမ်း) ၂၃ ခု ပေါင်း ၄၆ ခုဖြစ်လာပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ တကယ့်အသစ်စက်စက် သက်ရှိတခု ဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ သက်ရှိသတ္တဝါမှန်သမျှ အဲလို တခုတည်းသော (ဆဲလ်) တခုထဲကနေ စကြတာချည်းပါ။

မျိုးစပ်ပြီးသား-မျိုးဥကို Embryo သန္ဓေခေါ်ချင်လဲ ခေါ်နိုင်တယ်။ လိုနေတာက သားအိမ်နံရံမှာ တွယ်ကပ်ဘို့သာ ဖြစ်တယ်။ ပေါင်းစပ်မှုဖြစ်ပြီး အခြေအနေကောင်းတွေ ပြည့်စုံတယ်ဆိုရင် သားအိမ်နံရံမှာ တွယ်ကပ် ဘို့ရာ နောက်ထပ် ၆ ရက်သာ လိုတယ်။ တချို့က တွယ်ကပ်တော့မှသာ Embryo သန္ဓေလို့ ခေါ်တယ်။ Embryos တွေဟာ ဒီအဆင့်မှာ နှောင့်ယှက် ဖျက်ဆီးမှု တခုမှမရှိတာတောင် ၅ဝ% သာ ၂ ပါတ်ထက်ပိုပြီး ဆက်ရှင်နေနိုင်တယ်။

ဒီအချက်ကနေ ကောက်ချက် ၂ ခုချနိုင်တယ်။ (၁) တွယ်ကပ်မှုရှိလာရင် သန္ဓေတည်တယ်ပြီ၊ ကိုယ်ဝန်ရှိပြီလို့ ပြောနိုင်တယ်၊ (၂) ဒီအဆင့်ကိုယ်၌က Indisputably human သက်ရှိ-လူသား အစဆိုတာ မငြင်းနိုင်ပါ။

Hormonal ECPs အရေးပေါ်သုံး ဟော်မုန်းပါတားဆေးအစွမ်း
• Delaying or inhibiting ovulation မ-မျိုးဥ မထွက်စေခြင်း၊ နောက်ကျစေခြင်း၊ ဥမထွက်ရင် ကိုယ်ဝန်မရစေနိုင်ဘူး။
• Altering the endometrium သားအိမ်အတွင်းဆုံးလွှာ ပြောင်းလဲလာခြင်း၊ မျိုးစပ်ပြီးသားက လာတွယ်ကပ်မှာကို ခက်ခဲစေမယ်။
• Cervical mucus သားအိမ်ဝ အကျိအချွဲ များလာ-စေးကပ်လာခြင်း၊ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။

အချက် (၃) ခုလုံးဟာ ရာနှုန်းပြည့် မဟုတ်ပါ။ အမျိုးသမီးဟာ ရာသီတလရဲ့ ဘယ်ရက်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ရှိခဲ့သလဲ၊ အရေးပေါ် ဟော်မုန်းပါ တားဆေး ဘယ်တော့မှာ သောက်သလဲအပေါ်တွေမှာ မူတည်တယ်။ ၁၉၉၆ ခုနှစ် Trussel et al လေ့လာမှုအရ အရေးပေါ်သုံး ဟော်မုန်းပါတားဆေး သုံးသူတွေမှာ ၇၄% ထိရောက်တာ တွေ့ရတယ်။ ဒီကိန်းဂဏန်းက ပျမ်းမျှယူတာဖြစ်တယ်။ တကယ်က ၅၅့၃% ကနေ ၈၄့၂% ရှိတယ်။ ဒိနောက် Washington State မှာ ထပ်လေ့လာတော့ ဒိထက် ရာနှုန်းနည်းနေတာ တွေ့ရတယ်။ မအောင်မြင်မှုနှုန်း ၅၂% အထိရှိတယ်။

ECP ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေ
၅ဝ% လောက်မှာ ပျို့တယ်။ ၂ဝ% က အန်တယ်။ ပိုဆိုးတဲ့ဆိုးကျိုးတခုကတော့ Ectopic pregnancy သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း၊ နောက်တခုက Thrombophlebitis ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ တခြားဖြစ်နိုင်ခြေတွေကတော့ Lung clots အဆုပ်သွေးကြောပိတ်၊ Heart attack နှလုံးသွေးကြောပိတ်၊ Stroke ဦးနှောက်သွေးကြောပိတ်၊ Liver damage အသဲထိခိုက်၊ Liver tumor အသဲ ကင်ဆာ၊ Gallbladder disease သည်းခြေအိတ်ရောဂါ နဲ့ High blood pressure သွေးတိုးရောဂါတွေ ဖြစ်တယ်။ ဒါတွေကြောင့် အသက် ၃၅ နှစ်ကျော်သူတွေ ဟော်မုန်းပါ တားဆေးမသင့်ကြဘူး။

ECP ဆေးတွေကို မကြာခဏသုံးရင် ၁၉၉၈ ခုနှစ်ထဲမှာ အရေးပေါ်တားဆေးကို မကြာမကြာသုံးတာရဲ့ သက်ရောက်မှုတွေသိအောင် Anna Glasier, M.D. နဲ့ David Baird, D.Sc. တို့က အမျိုးသမီးပေါင်း ၁ဝ၈၃ ယောက်ကို အုပ်စု ၂ ခုခွဲပြီး စမ်းခဲ့တယ်။ ဒီအမျိုးသမီးတွေဟာ အရေးပေါ် တားဆေးသုံးသူတွေနဲ့ သားအိမ်ခြစ်နည်းနဲ့ ကိုယ်ဝန် ဖျက်ဘူးခဲ့သူတွေ ဖြစ်တယ်။ ပညာရေး အခြေခံလဲ မညံ့ကြသူတွေ ဖြစ်တယ်။ အဖြေတွေကို အမျိုးသမီးပေါင်း ၁ဝ၇၁ ယောက်ဆီကနေရတယ်။

• ၅၄၉ ယောက်က အိမ်မှာတင် အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်ပြီး၊ သူတို့ထဲက ၄၇% ဟာ ၂ နှစ်အတွင်းမှာ တကြိမ်မက အရေးပေါ်တားဆေး သောက်ခဲ့သူတွေဖြစ်တယ်။
• ၅၅၂ ယောက်ကတော့ ဆရာဝန်လက်မှတ်နဲ့သာ အရေးပေါ် တားဆေးသောက်သူတွေ ဖြစ်ပြီး ၂၇% က ၂ နှစ်အတွင်း တကြိမ်မက အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်တယ်။
• အုပ်စု နှစ်စုလုံးထဲက ၁ဝ% ဟာ တကြိမ်မက အရေးပေါ်တားဆေးသောက်တယ်။
• ပဌမအုပ်စုထဲက ၂၈ ယောက် (၅%) က ကိုယ်ဝန်ရတယ်။ ဒုတိယအုပ်စုထဲက ၃၃ ယောက် (၆%) ကိုယ်ဝန်ရတယ်။
• ပဌမအုပ်စုထဲက ၈ ယောက် နဲ့ ဒုတိယအုပ်စုထဲက ၄ ယောက်ဟာ အရေးပေါ်တားဆေး သောက်ရဲ့သားနဲ့ ကိုယ်ဝန် ရသွားတာပါ။ ဒါပေမဲ့ ကိုယ်ဝန်တွေ အကုန်လုံးကို ဖျက်ပြစ်လိုက်ကြတယ်။

Emergency Pills cause early abortions “အရေးပေါ်တားဆေးဆိုတာ ကိုယ်ဝန်ကို အစောဆုံး ဖျက်ပြစ်လိုက်တာသာ ဖြစ်တယ်” လို့ The Report Newsmagazine မှာ ၆-၁၂-၁၉၉ တုံးက ရေးထားတယ်။

အယူအဆတွေ အမြင်တွေက သိပ္ပံနယ်ပယ်မှာလဲ မတူကြတာတွေ အများကြီးရှိတယ်။ လက်တွေ့ပြလို့ရတာတောင်မှာ ဘာလို့ အဲလိုမတူတာတွေ ဖြစ်နေလဲ။ လက်တွေ့ပြနိုင်တာက ကျဉ်းသေး၊ နည်းသေးလို့ပါ။ “အရေးပေါ် တားဆေးထဲမှာ လူ့ကိုယ်ခန္ဓာကနေ အလိုလိုထုတ်ပေးနေတဲ့ ဟော်မုန်းတွေဘဲ ပါတာမို့ စိတ်ချလက်ချ သုံးနိုင်တယ်။ အရေး ခဏခဏပေါ်နေလို့ တပါတ်ထဲ ၂ ခါသောက်လဲ ကိုယ်ဝန်တားဘို့ အတွက် ကတော့ ရပါတယ်” လို့ ပြောတာလဲ အမှန်ဖြစ်တယ်။ "ကနေ့အထိ ဒီ အရေးပေါ်တားဆေးတွေ အသုံးများရင် ဘာဖြစ်နိုင်သလဲ ဆိုတာကို သတ်သတ်မှတ်မှတ် လေ့လာမှုဆိုတာ မရှိသလောက်နည်းသေးပါတယ်"လို့ အဲဒီအကြံပြုတဲ့ ပညာရှင်တွေကဘဲ ဆိုထားပါတယ်။ ဆိုလိုတာက (၁) ခုထိ သိသမျှ ခဏခဏလဲသောက်လို့ရတယ်။ (၂) ရေရှည်မှာဘာဖြစ်လာမလဲ မသိလို့ ရမ်း-မှန်းမပြောနိုင်ပါ။

ဆေးတကြိမ်သောက်တိုင်း ဘေးထွက်-ဆိုးကျိုးတွေတကြိမ် ခံရမယ်ဆိုတာ သိထားပါ။ ဈေးနှုန်း မသေးလှပါ။ ရာသီလတွေ၊ ရက်တွေ ပြောင်းပါလိမ့်မယ်။ ခဏခဏသုံးနေသူ ကိုယ့်ရာသီရက်က ဘာလို့ မှတ်ထားဘို့ ခက်မယ်။ ကိုယ်ဝန်ရနိုင်တဲ့ရက်-မရနိုင်တဲ့ရက် တွက်ဘို့ မသေခြာတော့ဘူး။ ကြာတော့ စိတ်ပျက်လာနိုင်တယ်။ Oral contraceptive pill ရိုးရိုးပုံမှန်သောက်တားဆေး၊ IUD သားအိမ်ထဲပစ္စည်းထည့်၊ Implant အရေပြားအောက် ဆေးချောင်းထည့်၊ Depo-Provera (ဒီပို) ထိုးဆေးနည်း၊ တခုခုကို ရွေးချင်လာမယ်။ ရွေးတာလဲ မှန်ကန်တယ်။ အိမ်ထောင်မကျပေမဲ့ လိင်ဆက်ဆံမှု တခုကို သဘောတူပြုဘူတဲ့ မိန်းကလေး မျိုးဟာ နောက်လဲ အဲလိုမျိုး ထပ်ဖြစ်နိုင်တယ်။ အဲဒါကို အရေးပေါ်လို့ မခေါ်သင့်ဘူး။ စိတ်ဆန္ဒမပါဘဲ ဆက်ဆံရတာ၊ အဓမ္မပြုခံရတာ၊ (ကွန်ဒွမ်) ပေါက်ပြဲသွားတာမျိုးတွေကိုသာ အရေးပေါ်လို့ ခေါ်သင့်တယ်။

ကိုးကားခဲ့တဲ့ အမျိုးသမီးပေါင်း ၁ဝဝဝ ကျော်ထဲမှာ အများစုက ၂ နှစ်မှာမှ တခါကျော်ကျော်သာ အရေးပေါ် တားဆေး သုံးတယ်။ ၄ လမှာ ၄ ခါမကသောက်လို့ စမ်းသပ်မှုကနေ ချန်ထားလိုက်အောင်အထိ ထူးခြားတဲ့ အမေရိကန် အမျိုးသမီးက တယောက်ထဲဘဲပါတယ်။ မြန်မာအမျိုးသမီးတွေကို လေ့လာမှု မပြုရသေးလို့ ခေတ်ရှေ့ကို အများကြီး ရောက်နေ-မနေ မသိပါ။

ဒေါက်တာတင့်ဆွေ (၂၃-၂-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top