HIV
ရောဂါ တိုက်ဖျက်ရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ညှိနှိုင်းရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ
မဟာဗျူဟာတရပ်ကို အိုဘားမားအစိုးရအဖွဲ့က လာမည့်အင်္ဂါနေ့တွင် ထုတ်ပြန်မည် ဖြစ်သည်။
HIV ရောဂါကူးစက်ပြန့်ပွားမှု လျှော့ချရေး၊ ပြုစုကုသမှုအရည်အသွေး တိုးမြှင့်ခြင်း အပါအ၀င်
HIV ရောဂါနှင့် သက်ဆိုင်သည့် ပြုစုစောင့်ရှောက်မှုအပိုင်း ကွာဟနေမှုများကို လျှော့ချရေးနှင့်
ကျန်းမာရေး ၀န်ဆောင်မှုများကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားနိုင်ရေးဆိုသည့်
အဓိက ပန်းတိုင် သုံးရပ် ပါဝင်သည့် မဟာဗျူဟာ ချဉ်းကပ်မှုဖြစ်သည်။ အမေရိကန်နိုင်ငံတွင်
နေထိုင်သူ ၁၁ သိန်း ကျော်သည် HIV ကူးစက်ခံနေရသူများ ဖြစ်ပြီး၊ နှစ်စဉ်လည်း လူငါးသောင်းခြောက်ထောင်
နီးပါး ကူးစက်နေသည်ဟု အစိုးရအဖွဲ့က ဆိုပါသည်။
ပြည်တွင်း
HIV ရောဂါတိုက်ဖျက်ရေး အစီအစဉ်များအတွက် အစိုးရမှ နှစ်စဉ်သုံးစွဲနေသည့် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကို သိသိသာသာ ထပ်မံ တိုးမြှင့်ပေးရန်အတွက်
ယခု မဟာဗျူဟာ သစ်မှာ တောင်းဆိုထားခြင်း မရှိပါ။ သို့သော် အစီအစဉ်များတွင် ဤရောဂါ ၀န်ထုပ်ဝန်ပိုး
အဆိုးဝါးဆုံး ဖိစီးနေသော ပြည်နယ်များနှင့် လူမည်းများ၊ ယောင်္ကျားချင်း လိင်တူဆက်ဆံသူများ
အပါအ၀င် ဤရောဂါဖြစ်ပွားနှုန်း မြင့်မားသည့် လူ့အသိုင်းအ၀ိုင်းများ အရပ်ဒေသများသို့ ဘတ်ဂျက်ငွေ
လွှဲပြောင်းသုံးစွဲခြင်း အစီအစဉ် ပါဝင်သည်။ နိုင်ငံအ၀ှမ်း ၁၅ လကြာ ထောင်ပေါင်းများစွာသော
ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှုရလဒ်အဖြစ် ဤမဟာဗျူဟာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု
အိမ်ဖြူတော်က ဆိုပါ သည်။
နှစ်စဉ်
HIV ရောဂါကူးစက်မှု အသစ်ဖြစ်ပွားနေခြင်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချရန်၊ ရောဂါ ပြန့်ပွားမှုနှုန်းကို
၃၀ ရာခိုင်နှုန်းအောက် ရောက်ရှိစေရန်၊ ရောဂါတွေ့ရှိပြီး သုံးလအတွင်း ရောဂါရှင်များ ကုသခံယူနိုင်မှု
အချိုးအစားကို လက်ရှိ ၆၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်ရန်၊ ရောဂါ ကူးစက်ခံနေရသူများ
မိမိတို့၏အခြေအနေကို သတိပြုမိမှု အရေအတွက် ရာခိုင်နှုန်းအား လက်ရှိ ၇၉ ရာခိုင်နှုန်း မှ
၉၀ ရာခိုင်နှုန်းအထိ မြင့်မားလာစေရန်တို့ကို ၂၀၁၅ ခုနှစ် နောက်ဆုံးထား ဆောင်ရွက်ရန်
ဤမဟာဗျူဟာတွင် ချမှတ်ထားသည်။
HIV
အစီအစဉ်များအတွက် ပြည်ထောင်စုအစိုးရ၏ ငွေကြေးထောက်ပံ့မှုနှင့် ဦးစားပေးမှု အခြေအနေများနှင့်
ပတ်သက်၍ ပြည်နယ်အစိုးရများနှင့် အကျိုးဆောင် အဖွဲ့များအကြား မကျေနပ်မှုများ ကြီးထွားလာနေသည့်
အချိန်တွင် ယခုအစီအစဉ်ကို ထုတ်ပြန်ရန် ဖြစ်လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် HIV ရောဂါ
ကူးစက် ခံထားရသူများအနက် ၀င်ငွေနိမ့်သူများ အတွက် ဆေးဝါး ထောက်ပံ့ပေးနေသည့် ပြည်ထောင်စု
အေ့ဒ်(စ်) ရောဂါ ဆေးအကူအညီ ပေးရေး အစီအစဉ်သည် ပြည်ထောင်စု အစိုးရ၏ ငွေကြေးထောက်ပံ့မှု
မလုံလောက်ခြင်းနှင့် ထိုအစီအစဉ်အတွက် စာရင်းပေးသွင်းသူ တမဟုတ်ချင်း တိုးလာမှုကြောင့်
ဘတ်ဂျက် ရန်ပုံငွေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး ပြည်နယ်အစိုးရများ အနေဖြင့် ထိုအစီအစဉ်တွင်
အကြုံးဝင်မှုကို ကန့်သတ်ချက်များ ပြုလုပ်လာရခြင်းနှင့် ဝေဒနာရှင်များအား ပစ်ပယ်ထားရခြင်းများ
ဖြစ်ပေါ်လာစေသည်။
HIV
ရောဂါဆိုင်ရာ ပညာပေးမှုများနှင့် ၀န်ဆောင်ပေးမှုများ ရရှိဖို့ရန် လုပ်ငန်းစဉ်များ ဤမဟာ
ဗျူဟာသစ်မှ ထွက်ပေါ်လာလိမ့်မည်ဟု ကူညီ အကျိုးဆောင် နေသူများက မျှော်လင့် ထားကြသည်။ အေ့ဒ်(စ်)
သုတေသန ဖေါင်ဒေးရှင်မှ ဒုဥက္ကဌနှင့် မူဝါဒ ညွှန်ကြားရေးမှူးဖြစ်သူ ခရစ်ကော်လင်းက “ကျနော်
အရမ်း မျှော်လင့်ပါတယ်။ ဒီရောဂါကပ်ဆိုးကြီးနှင့် ပတ်သက်ပြီး ပိုမိုထိရောက်တဲ့ ပြင်ဆင်
မွမ်းမံထားတဲ့ ကြိုးစားအားထုတ် ရမှာတွေကို ဒီ(မဟာဗျူဟာ) ကနေ ထောက်ပြ နေပါတယ်” လို့
ပြောဆို လိုက်ပါသည်။
မေသူ
13 Jul 2010
Medicalnewstoday -
တိုက်ဖျက်ရေး မဟာဗျူဟာသစ် ကြေညာဖို့ အိမ်ဖြူတော် ပြင်ဆင်




