ရန်ကုန်တိုင်းရဲမှူး
အပြောင်းအလဲကာလတွင် ရန်ကုန်ရှိအနှိပ်ခန်းအများစု လုပ်ငန်း ခေတ္တရပ်နား ထားရန် ခရိုင်ရဲများ၊
မြို့နယ် ရဲစခန်းများက ညွှန်ကြားထားကြောင်း အနှိပ်ခန်း လုပ်ငန်းရှင်များထံမှ သိရသည်။
ရဲတချို့ကလည်း
ရန်ကုန်တိုင်း ရဲမှူးကြီးအဖြစ် ရဲမှူးကြီးအောင်ဒိုင်း တာဝန်ယူပြီးနောက် အဖမ်းအဆီးတချို့
ပြုလုပ်ပြနေသည် ဟုဆိုသည်။
ရဲမှူး
အပြောင်းအလဲကာလတွင် ဖြစ်တတ်သည့် ထုံးစံအတိုင်း ဥပဒေပြင်ပမှ လုပ်ငန်းများ ဖြစ်သော ဆိုင်းဘုတ်မတင်ထားသည့်
အနှိပ်ခန်းများ အလှပြင်ဆိုင် အမည်ခံအနှိပ်ခန်းများ အားလုံးနီးပါး ခေတ္တ ရပ်နားရပြီး
အသစ်ရောက်ရှိလာသည့် ရဲမှူးကြီးနှင့် ညှိနှိုင်းနားလည်မှုရပြီး နောက်တွင် ပြန်လည် လုပ်ကိုင်ကြသည်ဟု
ရဲအသိုင်းအ၀န်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
လောင်းကစား
လုပ်ငန်းများ ဖြစ်သည့် တစ်လုံး၊ နှစ်လုံး၊ သုံးလုံးနှင့် ဘောလုံးဒိုင်များလည်း သတိဖြင့်
လုပ်ကိုင်နေကြသည်။ အချို့မြို့နယ်များတွင် အဖမ်းအဆီး ရှိနိုင်ကြောင်း ယခင် ဆက်ကြေး
ကောက်ခံပြီး တာဝန် ယူထားသူ ရဲများက လောင်းကစားဒိုင်များအား သတိပေးထားသည်ဟု ဆိုသည်။
ယခင်
ရဲမှူးကြီး အောင်နိုင်သူအား မန္တလေးတိုင်းသို့ ပြောင်းရွှေ့သွားရသည်။ သူ၏ နေရာတွင် ရခိုင်ပြည်နယ်မှ
ပြောင်းရွှေ့လာသော၊ စစ်ဘက်တွင် အမှုထမ်းဖူးသော ရဲမှူးကြီးအောင်ဒိုင်းနှင့် အစားထိုးခဲ့သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို
ရဲဝန်ထမ်းမှရာထူး တက်လာသူထက် စစ်တပ်မှပြောင်းရွှေ့လာသူအား အုပ်ချုပ်စေလိုသည့် အချက်ကြောင့်
ရဲမှူးကြီးအောင်နိုင်သူသည် လောင်းကစားမှုများနှင့် မှုခင်းနှိမ်နှင်းရာတွင် နာမည်ရသော်လည်း
မန္တလေးသို့ ပြောင်းရွှေ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့
တခွင်တွင် အနှိပ်ခန်းပေါင်း အနည်းဆုံး ၃၀၀၀ ကျော် ရှိလိမ့်မည်ဟု ပြီးခဲ့သည့် လများက
မဇ္ဈိမသတင်းဌာန၏ သတင်း တပုဒ်တွင် ဖော်ပြခဲ့ဖူးပြီး၊ လက်ရှိကာလတွင်လည်း အလှပြင်ဆိုင်
အမည်ခံ အနှိပ်ခန်းများ မှန်မှန် တိုးပွားလျက် ရှိသည်ကို တွေ့မြင်နေရသည်။
လမ်းတိုင်းတွင်
အလှပြင်ဆိုင်အမည် ခံထားသည့် အနှိပ်ခန်းများကို မြင်တွေ့နိုင်သည်။ ထို လုပ်ငန်းများတွင်
ညလည် သန်းခေါင်ချိန်အထိ မိန်းကလေးငယ်များ အလုပ် လုပ်ကိုင်လေ့ရှိသည်။ လျှပ်စစ်မီးမလာသည့်
အချိန်များတွင် မီးစက်များ နှိုးထားသည့်အတွက် အနှိပ်ခန်း လုပ်ငန်း ကိုပါ တွဲဖက် လုပ်ကိုင်နေသည့်ဟု
ကောက်ချက်ချနိုင်ကြောင်း ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
လူနေအိမ်များအကြား
အနှိပ်ခန်းဖွင့်လှစ် ထားခြင်းကြောင့် ညသန်းခေါင် အနှိပ်ခန်း လာသူ အ၀င်အထွက်ဖြင့် အနီးအနား
ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနှောက်အယှက် ဖြစ်ခြင်း၊ သောက်စားမူးယစ်သူ အနှိပ်ခန်း
ဖောက်သည်များကြောင့် အိမ်နီးနားချင်းတွင် နေထိုင်သူ မိန်းကလေးများ ကာယိနြေ္ဒပျက်အောင်
ပြောဆို ခံရခြင်းများကိုလည်း ကြားသိနေရသည်။
သို့ရာတွင်
အနှိပ်ခန်းစီးပွားရေးမှာ ရဲ၊ ရယကနှင့် အခြားသော ထောက်လှမ်းရေး အဖွဲ့များ၏ ဘေးပန်းဝင်ငွေရရာ
နေရာတခု ဖြစ်သည်။ သတင်းအချက်အလက်များ စုဆောင်းလိုသည့် ရည်ရွယ်ချက်ဖြင့်လည်း အဆိုပါ
တရားမ၀င် လုပ်ငန်းများအား လျစ်လျူရှူထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မိုးမခ
- တိုင်းရဲမှူး အပြောင်းအလဲကြောင့် ရန်ကုန် အနှိပ်ခန်းများ ယာယီပိတ်




