2
Dec

တိုးပွားလာနေတဲ့ HIV ပိုး ကူးစက်နေမှု ပြဿနာကို ဘယ်လို အဖြေရှာကြမလဲ

ဗေဒါနှင့်ရွှေကြာ ဆွေးနွေးခန်း  

ဗေဒါ။ ။ ဒီဇင်ဘာလ ၁ ရက်ဟာ ကမ္ဘာ့ HIV တိုက်ဖျက်နေ့ပဲဗျ။ WHO က ထုတ်တဲ့ အစီရင်ခံစာ တစ် စောင်မှာ ကမ္ဘာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်အထဲ ဆယ်ကျော်သက် လူငယ်တွေကြား HIV ကူးစက်ခံရတဲ့နှုန်းက သုံးပုံတစ်ပုံ ပိုများလာတယ်လို့ပြောထားတာ တွေ့ရတယ်။ ဒီစာရင်းအရဆိုရင် AIDSရောဂါဟာ ကမ္ဘာကြီး ကလူသားအားလုံးရဲ့ အသက်အန္တရာယ်ကို မီးမောင်းထိုး ပြနေတာပဲဗျ။

ရွှေကြာ။ ။ ဟုတ်တာပေါ့ဗျာ...။ ဒါနဲ့ ခုနကပြောတဲ့ WHO ရဲ့ အစီရင်ခံစာ ကဘာတွေများ ဆက်ပြော ထားသေးလဲဗျ။

ဗေဒါ။ ။ အစီရင်ခံစာရဲ့အပြောအရ ဆိုရင်တော့ ကမ္ဘာပေါ်မှာ အသက် ၁၀ နှစ်ကနေ ၁၉ နှစ် အရွယ် ကြားက လူငယ်ပေါင်း နှစ်သန်းလောက်ဟာ HIV ပိုး ကူးစက်ခံနေရတယ်။ ဒီအထဲမှာ အများစုက ကျန်း မာရေးစောင့်ရှောက်မှုတွေ မရကြဘူး။ ၂၀၀၅ ခုနှစ်က ဒီရောဂါပိုးကြောင့် သေဆုံးတဲ့ လူငယ် ၇၀,၀၀၀ လောက်သာ ရှိခဲ့ပေမယ့် ၂၀၁၂ ကျတော့ တစ်သိန်းကျော်လောက် အထိ သေဆုံးခဲ့တယ်။ ကမ္ဘာမှာ ဒီရော ဂါ ကူးစက်မှုအများဆုံးဖြစ်တဲ့ အာဖရိကတိုက်မှာဆိုရင် အမျိုးသမီးငယ်တွေရဲ့ ရောဂါပိုး ကူးစက်ခံရမှုက အများဆုံး ဖြစ်နေတယ်။ ကျွန်တော်တို့ အာရှတိုက်မှာဆိုရင်တော့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့် ဒီ ရောဂါပိုး ကူးစက်ခံရတာများတယ်လို့ ဆိုထားတယ်ဗျ။

ရွှေကြာ။ ။ ခက်တာကလည်း ကျွန်တော်တို့နိုင်ငံရဲ့ နေ့စဉ်ထုတ်သတင်းစာတွေကို ကြည့်လိုက်ရင် မူးယစ် ဆေးဝါး ဖမ်းမမိတဲ့နေ့ဆိုတာက မရှိသလောက်ဘဲဗျ။ ဒီနှစ်အထဲမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေရဲ့ ပမာဏ ကလည်း ကြောက်စရာကောင်းလောက်အောင် များနေတယ်ဆိုတော့ အကျိုးဆက်အနေနဲ့ အခုလို HIV ရောဂါပိုး ကူးစက်ခံရမှုနှုန်းတွေ ဘယ်လောက်အထိ များနေမလဲဆိုတာ တွေးကြည့်လို့ရတယ်လေ။

ဗေဒါ။ ။ ကမ္ဘာမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့သူ သန်းလေးငါးဆယ် လောက်ရှိတဲ့အထဲမှာ တစ်ဝက် လောက်က အာဖရိကတိုက် ဆာဟာရအလယ်ပိုင်း၊ အရှေ့ ဥရောပနဲ့ အာရှတိုက်အလယ်ပိုင်းနိုင်ငံတွေ ပဲဗျ။ အာရှတိုက် အလယ်ပိုင်းမှာဆိုရင်လည်း ရောဂါကူးစက်ခံရမှုနှုန်းဟာ တစ်နေ့တခြား တိုးပွားနေတာ ပဲ။

ရွှေကြာ။ ။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း HIV ပိုးကူးစက်ခံထားရတဲ့ အရေအတွက်လည်း အတော်လေး များနေလောက်ပြီပေါ့။

ဗေဒါ။ ။ ဟုတ်တယ်လေ။ ကျွန်တော်တို့နိုင်ငံမှာ အခြေစိုက်ထားတဲ့ Marie Stopes International အဖွဲ့ က ပြောတာကတော့ မြန်မာနိုင်ငံမှာ HIVပိုးကူးစက်ခံထားရတဲ့သူပေါင်း၂၄၀,၀၀၀ လောက် ရှိတယ်။အဲဒီအထဲက တစ်သိန်းလောက်ကို ဆေးဝါး မထောက်ပံ့နိုင်သေးလို့ အရေးပေါ်ဆေးတွေ လိုနေတယ်လို့ ပြောထားတယ်ဗျ။ နောက်ပြီးတော့ UNAIDS ဌာနေ ကိုယ်စားလှယ်ကလည်း ကျွန်တော်တို့နိုင်ငံမှာ အေအာရ်တီ ဆေးမရလို့ အေ့စ်ဝေဒနာရှင် ၄၀ ကျော် လောက် နေ့တိုင်း သေဆုံးနေတယ်။၂၀၁၂ က ဆိုရင် တစ်သောင်းငါးထောင်ကျော် သေဆုံးခဲ့တယ်လို့ ဆိုထားတယ်ဗျ။ ကျွန်တော့် အမြင်ပြောရရင်တော့ အမှန်တကယ် HIV ပိုး ကူးစက်ခံနေသူတွေရဲ့စာရင်းက ဒီထက်မက များနိုင်တယ်လို့ ထင်တယ်။

ရွှေကြာ။ ။ ဘာဖြစ်လို့လဲ။ ဒီစာရင်းက စနစ်တကျ လုပ်ထားတဲ့စာရင်း မဟုတ်လို့လား။

ဗေဒါ။ ။ စနစ်တကျ ကောက်ယူထားတဲ့စာရင်းတော့ ဟုတ်မှာပေါ့ဗျာ။ ဒီလို စာရင်းမျိုးဆိုတာကလည်း ဆေးရုံ၊ ဆေးခန်းမှာ လာရောက်ကုသမှုခံယူဖို့ မှတ်ပုံတင် လုပ်ထားတဲ့သူတွေရဲ့စာရင်းပဲ ဖြစ်မှာလေ။အချို့က ရောဂါကုသမှုခံယူဖို့ လိုလိုလား လားရှိပြီး သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှုခံယူ ကြတယ်။ အတော်များများကတော့ ရောဂါ ရှိ၊ မရှိဆိုတာမျိုးကိုတောင် အစစ်ဆေး မခံလိုကြဘူးလေ။ ကိုယ့်မှာ ဒီရောဂါမျိုး ရှိမရှိဆိုတာကိုလည်း မသိချင်ဘူး။ အဲဒီလိုလူမျိုးကျတော့ လက္ခဏာပြနေတာ တောင်မှ စစ်ဆေးလို့ရောဂါရှိမှန်း သိနေရင် စိတ်ဆင်းရဲပြီး အသက်တိုမယ်။ မသိတာက ပိုကောင်းတယ် ဆိုပြီး မျက်နှာလွှဲခဲပစ် နေလိုက်ကြတဲ့ လူမျိုးကလည်း အများကြီးပဲလေ။ ဒီတော့ တစ်ယောက်နဲ့ တစ် ယောက် ကူးစက်ခံရတဲ့နှုန်းကလည်း ပိုများလာတော့ တာပေါ့ဗျာ။

ရွှေကြာ။ ။ နိုင်ငံတကာက ဆေးဝါး အကူအညီရတယ်လို့လည်း ပြောတယ်။ အစိုးရကလည်း ကျန်းမာ ရေးဘတ်ဂျက် တိုးပေးထားတယ်။ ဒီကြားထဲမှာ တဖြုတ်ဖြုတ်နဲ့ သေဆုံးနေကြတယ်ဆိုတာက ဘာဖြစ်လို့ လဲဗျ။ ဆေးဝါးတွေ အလုံအလောက်မရကြ လို့ သေဆုံးကြတယ်လို့ ပြောနိုင်မလား။

ဗေဒါ။ ။ ခင်ဗျားလည်း သိတဲ့ အတိုင်းပဲလေ။ AIDS ရောဂါအတွက်သုံးတဲ့ ဆေးတွေဆိုတာက အင်မတန် ဈေးကြီးတော့ ရောဂါဖြစ်နေတဲ့သူတိုင်း ၀ယ်မသောက်နိုင်ကြဘူးဗျ။ အများစုက နိုင်ငံတကာက အကန့် အသတ်နဲ့ ထောက်ပံ့တဲ့ဆေးဝါးတွေကိုပဲ အဓိက အားကိုးနေရတယ်။ အစိုးရက ထောက်ပံ့တယ်ဆိုတာ ကလည်း ဆင့်ပါးစပ်ကို နှမ်းပက်သလောက်ပဲရှိတော့ ဝေဒနာသည် အကုန်လုံးကို မပေးနိုင်ဘူးလေ။ကျန်းမာရေး ၀န်ကြီးရဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ်က လွှတ် တော်မှာပြောခဲ့တဲ့စကားအရဆိုရင် ကျန်းမာရေး ၀န်ကြီးဌာနအတွက် အမှန်တကယ် လိုအပ်တာက ကျပ်သန်းပေါင်း ၈၀၀၀ လောက် ဖြစ်ပေမယ့် ကျပ် သန်းပေါင်း ၃၅၀၀ ပဲရလို့ ဌာနအတွက်လိုအပ်တဲ့ ဘဏ္ဍာငွေရဲ့ ၄၃ ရာခိုင်နှုန်းပဲရခဲ့တယ်လို့ ပြောတယ်ဗျ။ အခု လောလောဆယ်မှာတော့ AIDS ဝေဒနာရှင်တွေအတွက် Global Fund က ထောက်ပံ့နေတယ်။ ဒါပေမဲ့ လူနာတွေ အနည်းစုလောက်ကိုပဲ ထောက်ပံ့နိုင်သေးတယ်။ အစိုးရအနေ နဲ့ ၂၀၁၂-၂၀၁၃ ကျန်းမာ ရေးဘတ်ဂျက်မှာ ARV ဆေးဝါးဝယ်ယူဖို့ သိန်း ၂၅၀၀ ပေးထားတယ်။ ဒီနှစ်ဘတ်ဂျက်မှာ တိုးပြီးရမယ် ဆိုပေမယ့်လည်း ခုနကပြောသလိုပဲ HIV ပိုးကူးစက် ခံထားရတဲ့သူ နှစ်သိန်းခွဲ နီးပါး လောက်အထဲက တစ် သိန်းလောက်ကို ဆေးမပေးနိုင်သေးဘူးလေ။

ရွှေကြာ။ ။ အေးဗျာ။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကြားရတဲ့သတင်းတွေက စိတ်မော စရာချည်းပါပဲလားဗျာ။ ဒီရောဂါကို ပျောက်ကင်းအောင် မလုပ်နိုင်ပေမယ့် ရောဂါဖြစ်ပွားတဲ့ ဦးရေအချိုးအစား လျော့ကျလာဖို့က အရေးကြီးတဲ့အချက်လို့ပဲ ထင်တယ်ဗျ။ ခင်ဗျား အနေနဲ့ ဘယ်လိုသဘောရသလဲ။

ဗေဒါ။ ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြောရရင်တော့ အရေးကြီးဆုံးအချက်က မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းတဲ့ ကိစ္စပဲဗျ။ ဒီတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် နှိမ်နင်းနိုင်လေလေ၊ ဒီရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလေလေ ဖြစ်မှာပဲလို့ မြင်တယ်။ နောက်တစ်ချက်ကတော့ လိင်လုပ်သား တွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေရုံနဲ့ ဒီရောဂါက ကျဆင်းသွားမှာ မဟုတ်ဘူး။ လိင်လုပ်သားတွေရဲ့ ပူးပေါင်းမှုပါရင် HIV ကူးစက်ခံရမှု အချိုးအစား အများကြီး လျှော့ချနိုင်မယ်လို့ ထင်တယ်။ ဆိုလိုတာက လိင်လုပ်သားတွေအတွက် အခွင့်အရေးနဲ့ ထိန်းချုပ်မှုတွေပါဝင်တဲ့ လိင်လုပ်သားဆိုင်ရာ ဥပဒေ တစ်ရပ် ပြင်ဆင်ပြဋ္ဌာန်းပေးဖို့လို အပ်နေပြီလို့ ယူဆတယ်။ နောက်ဆုံးအချက်ကတော့ ဒီရောဂါတိုက်ဖျက်ရေးမှာ အရေးပါဆုံးဖြစ်တဲ့ လူမှုအဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့ လိုတယ်။ ဒီကနေ့ကမ္ဘာမှာ AIDS တိုက်ဖျက်ရေးကို သက်ဆိုင်ရာ အစိုးရတွေချည်းသက်သက် လုပ်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ် နိုင်ပါဘူး။ လက်ရှိမှာလည်း ငွေကြေးပုံအောသုံးပြီး တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ လူမှုအဖွဲ့အစည်း ကြီးတွေကြောင့်သာ အောင်မြင်မှုရနေတာပါ။

လောလောဆယ် ကျွန်တော်တို့နိုင်ငံမှာလည်း တနိုင်တပိုင်လုပ်နေတဲ့ အဖွဲ့အစည်း အချို့ရှိပေမယ့် ၀န်နဲ့ အားမမျှဘူး ဖြစ်နေတာ တွေ့ရတယ်။ လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းလောက် ဆင်းရဲမွဲတေမှုအောက် ရောက် နေတဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ AIDS ဝေဒနာရှင် တစ်ယောက်အတွက် တစ်လကို ဆေးဖိုးဒေါ်လာ ၃၀ အကုန်အကျခံနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပဲဗျ။ ဒီတော့ ဒီလိုရောဂါသည်တွေကို ကူ ညီထောက်ပံ့ပေးမယ့် လူမှုအဖွဲ့အစည်းတွေ၊ ငွေကြေးထောက်ပံ့မယ့် အလှူရှင်တွေ တိုးပွားလာဖို့လိုတယ်လို့ သုံးသပ်ချင် ပါတယ်ဗျာ။

မဇ္ဈိမ - တိုးပွားလာနေတဲ့ HIV ပိုး ကူးစက်နေမှုပြဿနာကို ဘယ်လို အဖြေရှာကြမလဲ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top