တီဘီဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှ ကလေးငယ်တွေကို
ခြိမ်းခြောက်နေတဲ့ အဓိကရောဂါကြီး တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် မွေးခါစ
ကလေးငယ်တွေကို တီဘီကာကွယ်ဆေး ထိုးပေးလေ့ရှိကြပါတယ်။ ယခုအခါ အေအိုင်ဒီအက်စ်နဲ့
နေထိုင်သူ ကလေးငယ်တွေကို တီဘီကာကွယ်ဆေး ထိုးပေးတဲ့အခါ ကလေးငယ်
၇၀ရာခိုင်နှုန်းခန့်ဟာ ဖျားနာသေဆုံး နေကြရကြောင်း တောင်အာဖရိက စတယ်လန်ဘော့ခ်ျ
တက္ကသိုလ်မှ ကလေးအထူးကုနဲ့ အိတ်ခ်ျအိုင်ဗွီ သုတေသီ ဒေါက်တာကော်တွန်က
သတိပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူ
သန်း၄၀ရှိပါတယ်။ ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးမရှိသေးပါဘူး။
အိတ်ခ်ျအိုင်ဗွီပိုးကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတွေသာ ရှိပါသေးတယ်။ ယင်းဆေးတွေနဲ့
ကုသမှု မခံယူဘူး ဒါမှမဟုတ် ကုသမှု နောက်ကျခဲ့ရင် အိတ်ခ်ျအိုင်ဗွီပိုးက လူ့ခန္တာကိုယ်
ခုခံအားစနစ်ကို တဖြည်းဖြည်း ပျက်စီးစေပါတယ်။ အဲဒီအခါ တီဘီအပါအဝင် အခြားရောဂါတွေ
ဝင်ရောက်လာနိုင်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံဟာ တီဘီရောဂါ
ကူစက်ခံထားရပါတယ်။ နှစ်စဉ် အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူတွေရဲ့ ဆယ်ရာခိုင်နှုန်းဟာ
တီဘီကူးစက် ဖြစ်ပွားနေကြပါတယ်။ တီဘီနဲ့ အိတ်ခ်ျအိုင်ဗွီ နှစ်မျိုးလုံး ကူးစက်ဖြစ်ပွားနေသူတွေရဲ့
၉၀ရာခိုင်နှုန်းဟာ ထိရောက်တဲ့ ကုသမှု မရဘူးဆိုရင် လအနည်းငယ်အတွင်းမှာ
သေဆုံးသွားနိုင်ပါတယ်။
တီဘီကာကွယ်ဆေးဟာ နွားကို အခြေခံပြီး ထုတ်လုပ်ထားတာ
ဖြစ်ပါတယ်။ ကာကွယ်ဆေးထဲမှာ တီဘီပိုး အရှင်ပါဝင်တဲ့အတွက် ခုခံအားစနစ် နည်းနေသူမှာ
တီဘီရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။
ရက်သားအရွယ် ကလေးငယ်တွေကို တီဘီ ကာကွယ်ဆေး
ထိုးပေးလေ့ရှိပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိမရှိ ကလေးခြောက်ပတ်သား အရွယ်ရောက်မှ
စတင်စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် မိခင်ဆီမှ အိတ်ခ်ျအိုင်ဗွီ ပိုးကို လက်ဆင့်ကမ်း
ရရှိလာခြင်းရှိမရှိ မသိနိုင်သေးတဲ့ အချိန်မှာ ကလေးတွေကို တီဘီကာကွယ်ဆေး
ထိုးပေးနေရတာဟာ အလွန်အန္တရာယ်များပါတယ်။
အိတ်ခ်ျအိုင်ဗွီပိုးကို
အချိန်စောနိုင်သမျှစောအောင် ရှာဖွေကုသပေးနိုင်ရင် အကောင်းဆုံးပါဘဲ အိတ်ခ်ျအိုင်ဗွီ
ရှိနေတဲ့ ကလေးငယ်တွေကို တီဘီကာကွယ်ရေးအတွက် isoniazid ပဋိဇီဝဆေး
တိုက်ကျွေးနိုင်ပါတယ်လို့ ဒေါက်တာ ကော်တွန်က ဆိုပါတယ်။
The Kumudra Weekly (7-12-2007)




