တိုးတိုးဖော်ရှင့်...
သမီးရဲ့ အဘိုး ဖြစ်သူက
တီဘီရောဂါနဲ့ ကွယ်လွန်ခဲ့ပေမယ့် သမီးတို့ မောင်နှမ သုံးယောက်စလုံး အသက်
နှစ်ဆယ်ကျော်တဲ့ အထိ တစ်ယောက်မှာမှ အဲဒီ ရောဂါပိုး မရှိကြပါဘူး။ ဒါပေမယ့်
အစ်ကိုကြီးရဲ့ သားလေးကတော့ မွေးပြီးစကတည်းက မကြာခဏ ဆိုသလို ရင်ကျပ်ချောင်းဆိုး
ဖြစ်တတ် တာ တစ်နှစ်ကျော် လာပါပြီ။ ဆရာဝန်တွေကတော့ စိတ်မပူကြဖို့ ပြောပါတယ်။
သမီးသိချင်တာက အဘိုးရဲ့ တီဘီရောဂါ မြေးဆီမှာ ငုပ်ဗီဇ အနေနဲ့ ပြန်ပေါ်လာ နိုင်သလား
ဆိုတာပါ။ တစ်နှစ်အရွယ် ကလေး တစ်ယောက်မှာ တီဘီရောဂါ ရှိ၊ မရှိဆိုတာ စမ်းသပ်
စစ်ဆေးလို့ရော ရနိုင်ပါပြီလားရှင့်။ ပြီးတော့ ရောဂါလက္ခဏာ အနေနဲ့ ကလေးမှာ
ဘယ်လိုပုံစံမျိုးတွေက စပြီး ပြနိုင်တယ် ဆိုတာလေးလည်း ရှင်းပြ ပေးစေ ချင်ပါတယ်။
မီမီအေး
မီမီအေးရေ...
မေးသင့်တဲ့ မေးခွန်းလေးပါ။
တီဘီရောဂါ Tuberculosis ဟာ
ကူးစက်ရောဂါသာ ဖြစ်ပြီး မွေးဗီဇနဲ့ မသက်ဆိုင်ပါဘူး။ ဒါကြောင့် ကင်ဆာရောဂါလို
အဘိုးမှာ ဖြစ်ဖူးရင် မြေးမှာ၊ မြစ်မှာ ဖြစ်မယ်လို့ မယူဆ စေချင်ပါဘူး။ ငုပ်ဗီဇဆိုတာ
ကင်ဆာလို ရောဂါတွေမှာသာ ဖြစ်နိုင်တာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်မှာ တီဘီပိုး
ရှိရင် ဗိုက်ထဲက ကလေး မွေးခါစမှာ တီဘီရောဂါရှင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
မွေးကင်းစကလေးမှာ တီဘီဖြစ်တယ် ဆိုရင် မိခင်မှာ တီဘီရှိနေဖို့ များပါတယ်။ တချို့မိခင်တွေမှာ
ဓာတ်မှန် ရိုက်ကြည့်ရင် တီဘီရဲ့အရိပ်အရောင် ဘာမှမတွေ့တာမျိုးလည်း ရှိပါတယ်။
ဒါပေမယ့် အရေပြားမှာ တီဘီရောဂါပိုး ရှိ၊ မရှိစမ်းသပ်တဲ့ စစ်ဆေးမှုကို လုပ်ကြည့်ရင်
ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ မိခင်မှာ တီဘီ ရောဂါပိုး ရှိ၊ မရှိသေချာအောင်
စမ်းသပ်ဖို့တော့ လိုပါတယ်။
အခု မီမီအေးရဲ့ တူကလေးကတော့
မွေးပြီးကတည်းက ရင်ကျပ် ချောင်းဆိုး ဖြစ်တတ်ပေမယ့် ကလေးမိခင်နဲ့ ပတ်သက်တဲ့
ရောဂါအရိပ်အခြေကို မဖော်ပြထားတဲ့ အတွက် ပြောရတာ ခက်ပါတယ်။ ဆရာဝန်တွေက စိတ်မပူဖို့
ပြောတာကို ထောက်ရင်တော့ ဒီလို မွေးရာပါ တီဘီပြဿနာမျိုး ရှိနေပုံ မရပါဘူး။ တစ်ခု
သတိပြုရမှာက မြန်မာပြည်မှာ အသက် ၅ နှစ်အောက် ကလေးတွေ အပါအ၀င် လူဦးရေ တစ်ခုလုံးကို
ဒုက္ခပေးနေတဲ့ ရောဂါတွေထဲမှာ အခိုက်အတန့် အသက်ရှူ လမ်းကြောင်း ပိုဝင်ခြင်း
လို့ဆိုရမယ့် ARI (Acute Respiratory Infection) ပြဿနာက ထိပ်ဆုံးမှာ ပါပါတယ်။ ဒီပြဿနာ ကတော့ ထိပ်ဆုံးမှာ
ပါပါတယ်။ အဲဒီပြဿနာ ကတော့ တီဘီလို မဟုတ်ပေမယ့် ရင်ကျပ် ချောင်းဆိုးတဲ့ လက္ခဏာမျိုး
ပြတတ်ပါတယ်။ ဒါမျိုးကတော့ တကယ့်ကို အဖြစ်များတာမို့ မီမီရဲ့ တူလေးက အဲဒီလို
ပြဿနာမျိုးပဲ ဖြစ်မှာပါ။ ဆရာဝန်တွေက ကြည့်ပေးနေတာမို့ တီဘီလက္ခဏာ ပြရင်တော့
လိုအပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ခိုင်းမှာပါ။
တကယ်တော့ တီဘီရောဂါက
မွေးကင်းစမှာကို ရတတ်တဲ့ ရောဂါပါ။ အဓိကကတော့ မိခင်မှာ တီဘီဖြစ်နေလို့ မိခင်ဆီက
ကူးတာပါ။ မိခင်ဆီကနေကူး တာမှာ အချင်းက တစ်ဆင့် ကူးတာမျိုးနဲ့ ကလေးမွေးစဉ်
ကာလလေးမှာ ကလေးက ငိုဖို့ ပါးစပ်ဟတဲ့ အခိုက် သားအိမ်ထဲက ရေမြွှာရည်ကို မျိုမိပြီးကူး
တာမျိုးရှိပါတယ်။ ဒါမှမဟုတ်လည်း မွေးပြီးပြီးချင်းမှာ သူ့ကို ချော့မြှူပြုစုတဲ့
မိသားစုဝင် တစ်ယောက်ယောက်နဲ့ သူနာပြုတွေမှာ ကူးစက်တတ်တဲ့ အဆုတ် တီဘီ ရှိနေရင်လည်း
ကလေးကို ကူးစက်နိုင်ပါတယ်။ လက္ခဏာ အနေနဲ့လည်း တိတိပပ ပြောဖို့ခက်ပါတယ်။
လူကြီးတွေလို ချောင်းတဟွတ်ဟွတ် ဆိုးဖို့လည်း မသေချာပါဘူး။ ခေါင်းချွေးပြန်တာမျိုး၊
ညနေမှာ ကိုယ်အပူချိန် ငွေ့ငွေ့လေး တက်လာပြီး ဖျားတာမျိုး ရှိချင်လည်းရှိပါမယ်။
နို့ကောင်းကောင်း မစို့တာမျိုး၊ ကိုယ်အလေးချိန် မတက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ် မလန်း မဆန်း ဖြစ်နေပါမယ်။ လက်နဲ့ စမ်းသပ်ကြည့်ရင်တော့ ကလေးရဲ့ အသည်းနဲ့
ဘေလုံးတို့ဟာ သာမန်ထက်ကြီးထွားနေတာမျိုး ရှိပါမယ်။ ဒီလိုဖြစ်လို့ သေချာအောင်
စမ်းသပ် ချင်ရင်တော့ လူကြီးတွေမှာလို အရေပြားမှာ စမ်းသပ်တဲ့ စမ်းသပ်မှုက
အသက်တစ်နှစ်အောက်မှာ ဆိုရင် သိပ်မထိ ရောက်ပါဘူး။ အဲဒီထက်ကြီးတဲ့ ကလေးတွေမှာတော့
ထိရောက်ပါတယ်။ ဓာတ်မှန်မှာလည်း ပေါ်မယ်၊ မပေါ်ဘူး ဆိုတာ ပြောရခက်ပါတယ်။
ကောင်းတာကတော့ ကလေးရဲ့ လည်ချောင်း အသက်ရှူ လမ်းကြောင်းတွင်း အရည် ဒါမှမဟုတ်
အစာအိမ် ရည်ကြည် ဒါမှမဟုတ် ဆီး ဒါမှမဟုတ် ခါးဆစ်ရိုးက ဖောက်ယူရတဲ့ ဦးနှောက်
တွင်းရည်ကြည်ကို ပိုးမွေးကြည့်တာပါ။ လိုအပ်ရင်တော့ အဆုတ်ထဲက အသားစ ထုတ်ပြီး
ဓာတ်ခွဲခန်း ပို့တာမျိုးထိ လုပ်လို့ရပါတယ်။ ကုထုံးကတော့ လူကြီးတွေလိုပဲ
ဆေးလေးမျိုး ပေးရမှာပါပဲ။ ဒါပေမယ့် တချို့ဆေးတွေကိုတော့ သတိနဲ့ ပေးတာမျိုး၊ တခြား
အကြောင်းအရာ တချို့ပေါ်မူတည်ပြီး ပြောင်းပေးတာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့်
ကလေးတွေ မွေးကင်းစ အရွယ်မှာ ဘီစီဂျီလို့ ခေါ်တဲ့ တီဘီရောဂါ ကာကွယ်ဆေးကို
ထိုးပေးဖို့က အလွန်ကို အရေးကြီးပါတယ်။
တီဘီရောဂါနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက်




