ကျန်းမာရေး ၀န်ကြီးဌာနက တီဘီနှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါ (TB-HIV) ပူးတွဲ ဆောင်ရွက်ရေး လှုပ်ရှားမှုများကို ၂၀၁၃ ခုနှစ်က မြို့နယ် ၂၈ မြို့ နယ်တွင်သာ လုပ်ဆောင်နိုင်ခဲ့ သော်လည်း သုံးနှစ်အတွင်း အေအာရ်တီ တိုးချဲ့မည့် စီမံကိန်းနှင့် ချိတ်ဆက် ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က မတ်လ ၂၄ ရက်နေ့တွင် ပြောသည်။
"၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံး လွှမ်းခြုံအောင် အေအာရ်တီတိုးချဲ့မယ့် စီမံကိန်းနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြား ခဲ့သည်။ ထို့အတူ HIV ပိုး ကူးစက်ခံထားရသူများကို TB ရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေး ကုသမှုပေးခြင်း၊ TB ရောဂါ ဖြစ်ပွားနေမှု မရှိပါက Isoniazid Preventive Therapy (IPT) တိုက်ကျွေးခြင်းနှင့် ရောဂါကူးစက်ခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ဒေါက်တာဖေသက်ခင်က ပြောသည်။
သုံးနှစ်အတွင်း လှုပ်ရှားမှုအတွက် နိုင်ငံခြား ငွေအထောက်အပံ့ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၆ သန်းရရှိရန် စီစဉ်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးယဉ်ပါး TB ဖြစ်ပွားမှု နှုန်းမှာ လူနာအသစ်များတွင် ငါးရာခိုင်နှုန်းရှိပြီး ပြန်ဖြစ်ပွားသည့် လူနာဟောင်းများတွင် ၂၇ ရာခိုင်နှုန်းရှိသည်ဟု ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ သိရသည်။
နှစ်စဉ် TB ရောဂါ ဖြစ်ပွားသည့် လူနာပေါင်း ၂၃၀,၀၀၀ ခန့်ရှိသည့်အနက် ၂၀၁၃ ခုနှစ်က လူနာ ၁၄၀,၀၀၀ ကျော်ကိုသာ ရောဂါရှာဖွေ ကုသပေး နိုင်ခဲ့သည်။
မြန်မာတိုင်းမ် - တီဘီ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည်




