28
May

တီဘီ အဆုပ်နာ ကူးစက် ရောဂါ



(ဘလော့ခ်) တွေမှာ စာဝင်ရေးမိတာ မကြာသေးဘူး။
သူများတွေတော့ (ဘလော့ခ်)ကို ဘယ်လိုသဘောထားလေသလဲတာ့ မပြောတတ်ဘူး။ ကိုယ့်ဖါသာ
ထင်တာလေးပြောရရင် ကူးစက်ရောဂါဘဲဗျ။ နောက်ပြီး ဆေးစွဲသလိုလဲ စွဲတတ်သေးတယ်။ အဟုတ်ပါ၊
ဆရာဝန်ဆိုတာ လူမြင်ရင် လူနာ ထင်နေတတ်လို့ ပြောတာ မဟုတ်ဘူးနော်။

 

ကျွန်တော်
အခုလောကထဲ ရောက်လာချိန်မှာ ကွန်ပြူတာ ဆိုတာ ပေါ်မလို့ ရှိသေးတယ်။ စပြီး
ကိုင်ဖူးချိန်မှာ (မော်နီတာ) တွေက အဖြူ-အမဲ။ ၂၈၆-၃၈၆ ဆိုတဲ့ခေတ်။ သင်ပြန်တော့
(ဒေါ့စ်) ကနေ စရတာ။ (၀င်းဒိုး)က မပေါ်သေးဘူးလေ။ နောက်လူတွေ သိမှာ မဟုတ်ဖူး။ အဲလိုရေးတာ
ကြွားချင်လို့
နောက်လူတွေ ငါတို့လောက်သိရှာမှာ
မဟုတ်ဖူး
လို့ ဆိုချင်တာ မဟုတ်ပါကြောင်း အလျင်စလို
တောင်းပန် ပါရစေ။ လူဟောင်းတွေက ပညာတွင်း နက်ခဲ့သဗျ။ နောက်လူတွေက ခူးပြီး-ခတ်ပြီး
အသင့် စားသုံး နိုင် လာကြတာ ဓမ္မတာပါ။ အခု လူတွေကလည်း နောက်လူ တွေကို အဲလို ပြန်ပြောကြ
ဦးမှာနော။

 

ကျွန်တော့်
လုပ်ဖေါ်ကိုင်ဖက် တယောက်ရှိတယ်။ သူက နယ်စပ်မှာ အကြာကြီး နေခဲ့ပြီးမှ မြို့တက်လာတာ။
ကွန်ပြူတာလို ပစ္စည်းကိုလည်း တော်တော်နဲ့မထိဘူး။ ထိမဲ့ ထိတော့လည်း အခု သူက(ဘလော့ခ်)
ဆရာ ဖြစ်နေပြီ။ ကိုယ့်ဖါသာလည်း ဖွင့်ထား၊ သူများ ကိုလည်း လိုက်သင်ပေး နေရပြီ။
စွဲသလား မမေးနဲ့။ နေ့- ည (ဘလော့ခ်)ဖတ်-ရေး၊ မှေးချိန်၊ တွေးချိန်၊ စားချိန်၊ အဲ
့ သောက်ချိန် လောက်ပဲ ဘဲနား ပုံရတယ်။ သူစွဲပြီး သိပ်မကြာပါဘူး၊ ကျွန်တော့်ကို
ကူးပါ လေရောဗျို့။

 

 

 

ဘာနဲ့တူလဲ
သိလား၊ (တီဘီ) လိုဘဲ အနားက ခြောက်ပေ အတွင်း ရှိသူမှန်သမျှ လူကြီး - ကလေး အခမဲ့
ဝေပေး နေတာမျိုး။ ကျွန်တော့် အနီးအနား မှာ နောက်တယောက် ကြတော့ သူ့ဖါသူ တတ်နေပြီး၊
သူများကို ပြောပြ - သင်ပေးလေ့ မရှိဘူး။ တီဘီ မှာလည်း အဲလို အမျိုးအစား လည်း
ရှိတာကိုး။ သူများကို ကူးတတ်တာနဲ့ သူ့ဖါသာသူ ရောဂါ ခံနေရတာ နှစ်မျိုး။
သလိပ်စစ်လို့ ပိုးတွေ့သူနဲ့ ပိုးမတွေ့သူ ဆိုတဲ့ နှစ်မျိုးပေါ့။
Positive and Negative ခေါ်သလို Open
Case and Close Case
လို့လဲ
ခေါ်ကြပါတယ်။

 

အဲဒီ
ရောဂါက ဆိုးလို့ တကမ္ဘာလုံး နှိမ်နင်းရေးတွေ လုပ်နေကြတာ ကြာပါပြီ။ ဆိုးတယ် ပြောတာက
ကူးလို့၊ အဖြစ်များလို့၊ သေစေ လို့ပါ။ ပိုဆိုးတယ် လို့ပြောနိုင်ပြန်ပြီဗျ။ အခုထိ
ခေါင်းထောင်ဆဲ၊ ဘာလို့လဲ ဆိုတော့ ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေ လို့ပါ။ ခေါင်းမာဆဲ
လည်း ဖြစ်သေးတယ်။ ကုနေကြဆေးကို မမှုတော့၊ မဖြုံတော့လို့ပါ။ ကျွန်တော်နေတဲ့
တိုင်းပြည်မှာ ရောက်နေကြတဲ့ ဒုက္ခသည် တွေထဲမှာ အဲလို ဆေးတွေ ပြီးတဲ့ ရောဂါသည်တွေ
ရှိနေတယ်။

 

ကျွန်တော့်
ဆေးခန်းလေးကို လာပြ သူတွေ ထဲမှာလဲ (တီဘီ) ရောဂါသည် အရေအတွက် တိုးတိုး လာတယ်။
တချို့ဆို မကြာခင်ကမှ တိုင်းပြည်ကနေ ပြေးလာရပြီး (တီဘီ) ဆေးပါတ် မစေ့သေးသူ ကလေး -
လူကြီးတွေ ပါတယ်။ တချိန်ကဆိုရင် လူတယောက် ပိန်ခြောက်ခြောက် ဖြစ်နေ၊ ချောင်းလေး
ဆိုးနေရင် (တီဘီ) ကို သံသယ ရှိခဲ့တယ်။ တကယ်တော့ မဟုတ်ပါ။ လူကောင်ကြီးကြီး၊ ဆေးလိပ်
မသောက်သူတွေ အကြောင်း တခုခုကြောင့် ဆေးစစ်လိုက်မှ အဆုပ်ထဲ ရေ၀င်နေတာ တွေ့နိုင်တယ်။
ပေါင်ခြံတို့ လည်ပင်းတို့ အကြိတ်ပေါ်တာ သွားစမ်းမှ (တီဘီ) မှန်း သိရတယ်။ ဒါ့ကြောင့်
မပေါ့ဘို့ အထူး လိုပါတယ်။

 

ကလေးတွေ
ဖွါးပြီးတာနဲ့ ဘယ်ဘက် လက်မောင်း အပေါ်နေရာမှာ ထိုးပေးတာ (တီဘီ) ကာကွယ်ဆေးပေါ့။
(ဘီစီဂျီ) လို့ ခေါ်တာ။ သြကာသ လောကကြီးထဲ မရောက်ခင်၊ လူတွေနဲ့မထိမတွေ့ခင် ဦးအောင်
လုပ်ပေးရတာပါ။ ဘာလို့လဲဆိုတော လူတောထဲမှာ ပိုးတွေ ရှိနေလို့၊ ပိုးနဲ့မတွေခင်
ရောဂါပြီး စေမဲ့ သတ္တိတွေ ကလေး ကိုယ်မှာ ဖြစ်လာနှင့်အောင် ကာကွယ်ဆေးကို ထိုးပေး
ရတာပါဘဲ။ အကြံ မကောင်း ပါလား။ အရင်ကတော့ ကလေးတွေ ကလေးမျိုးစုံနဲ့ကစားရ - အတူနေရ
တော့မှာမို့ ကျောင်းမထားခင် တခါ ထပ်ထိုး ရတယ်။ အခု မလိုတော့ဘူး။ ဘာလို့လဲဆိုတော့
ကျောင်းမထားခင် ကတည်းက ကလေးတွေဟာ ပိုးရှိသူတွေနဲ့အတူ နေခဲ့ပြီး ဖြစ်တာမို့
မထူးတော့ တာပါ။

 

အခုဆိုရင်
(တီဘီ) ရောဂါပြီး တယ်ဆိုတာကို သံသယ ရှိစရာတောင် ဖြစ်လာပြီ။ စောစောက ရေးသလို
ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲ ဖြစ်နေလို့ပါ။ ကာကွယ်ဆေး ရဲ့ သဘောက ရောဂါပိုး ၀င်လာရင်
ကိုယ်ထဲမှာ ဒီပိုးကိုတိုက်ဖျက်နိုင်စွမ်းတွေ အလိုလို ထွက်စေတာမို့ နောက်ထပ်
ဝင်လာတဲ့ပိုးကိုပြန်ချဘို့ ကိုယ့်မှာ ခံနိုင်ရည် ရှိနေအောင် လုပ်ပေး ရတာပါ။
ပိုးတမျိုးမျိုးကို ရောဂါ အထိ မဖြစ်စေဘဲ သူ့ ပိုးအစွမ်း သတ္တိ ကလေးသာ ကျန်နေအောင်
အဲဒီပိုးကို နှိပ်ကွပ်ပြီး၊ သေးသိမ်အောင် လုပ်ထားတာ လေးကို ကာကွယ်ဆေး အဖြစ် ပေးရ
တာပါ။
BCG ထိုးလိုက်တဲ့ နေရာလေးမှာ အနာ လာဖြစ်တယ်
မဟုတ်လား၊ အဲဒါ အဲဒီ နေရာလေးမှာ ကွက်ပြီး (တီဘီ) ဖြစ်နေတာဗျ။ ဒါ့ကြောင့် ကလေးက
နည်းနည်း ကိုယ်ပူ လာတာပေါ့။ အဲလို ဖြစ်နေတုံး ကလေး ကိုယ်ထဲမှာ ဒီပိုးကို ပြန်ချမဲ့
သတ္တိတွေက သူ့ဖါသာ ထွက်လာ စေတော့ တယ်။ အဲ့ နောက်တခါ (တီဘီ) ပိုးဝင်လာ လို့ကတော့
ဒီသတ္တိက ပြန်ချ နိုင်အောင် စီမံ ထားလိုက်တာ ပါဘဲဗျာ။ (အင်တီဘော်ဒီ) လို့မှတ်ရတာ
အောက်တယ်၊ (အတွင်းအား) လို့မှတ်ဗျာ။

 

အတွင်းအား
တွေနဲ့အစွမ်း ကောင်းလှတဲ့ ဇာတ်လိုက်တွေ ကြာတော့ ရိုးလာ သလိုဘဲ ပိုးဆိုတဲ့ အကောင်
သေးမွှားမွှားလေးတွေက ကိုယ်ထက် ငယ်တော့ ကိုယ့်ထက်လည်တယ် ဆိုတာမျိုးလို အခု (တီဘီ)
ခေါင်းထောင် နေဆဲပါ။ လေကနေ သယ်ပို့တဲ့ နည်းဖြစ်လို့ လေထု ပတ်ဝန်းကျင်
သိပ်မကောင်းတဲ့ နေရာမျိုးမှာ ကူးစက်တာပါ။ ရုပ်ပတ်ဝန်းကျင် မကောင်းတာ မျိုးကလည်း
ဆင်းရဲတာနဲ့တိုက်ရိုက် အချိုးကျတယ်။ ဆင်းရဲတော့ စီမံကိန်း လုပ်တာတွေက အညံ့စား -
အပေါစားတွေဖြစ်တတ်တယ်။ စာရင်း ဇယားကို အောင်မြင် နေ ပါတယ်၊ တိုးတက် နေပါတယ်ဆိုပြီး
လိမ်ပြတာ ကြိုက်တဲ့ အုပ်ချုပ်ရေး စနစ်မျိုးပါ ရှိနေပြန်ရင် သွားပြီပေါ့။ (တီဘီ)
ပိုးက သင်္ချာ မတတ်လဲကူး၊ သင်္ချာမေဂျာ လဲ ကူးတာကိုး။

 

ကျွန်တော်တို့
အဲလို ပညာမျိုး သင်ရချိန်မှာ အဲလို ခေတ်မို့
ကူးစက်
ရောဂါတွေ သည် လူမှု စီးပွါးရေး မကောင်းပါသဖြင့် ပို၍ ဖြစ်ရသည်
ဆိုတဲ့ ကောက်ချက်ကို မချရ ဘူးတဲ့။ မခက်ဘူးလား။ နှိမ်နင်းရေးတွေ အောင်မြင်
နေပါတယ် လို့ အစီရင်ခံစာ မှာ ပြရတော့ (တီဘီ) က ရီတာပေါ့။ အဲဒါ ကျန်းမာရေး
ရာဇ၀တ်မှုဘဲ။ ဘာလို့လဲဆိုတော့ အခုထိလူတွေကို ဖြစ်ဆဲ၊ ကူးဆဲ၊ သတ်ဆဲဖြစ်နေလို့ပါ။
အခြေအမြစ်ကို မသတ် နိုင်သရွေ့ ရောဂါဆိုတာ မပျောက်ပါ။




တီဘီ
အဆုပ်နာ ကူးစက် ရောဂါ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top