5
Oct

တွန်းအားများ ...

ကျမက ငယ်ကတည်းကပဲ လူမှုရေး ဝါသနာ ပါတယ်လို့ ကျမ မိဘများနဲ့ ပတ်ဝန်းကျင်က ပြောဆိုလေ့
ရှိပါတယ်။ ကျမလည်း မှတ်သားမိရ သလောက်တော့ ဘုရားပွဲဈေးတွေ သွားရင် တခါမှ မုန့်မစားရတာ
ပါဘဲ။ ပွဲဈေးက တောင်းစားတဲ့ သူတွေကို ပေးတာနဲ့ ပါလာတဲ့ မုန့်ဖိုး ကုန်သွားလို့ပါ။
နောက် ကျောင်းစာသင်တော့မှ နိုက်တင်ဂေးလ်၊ ဟင်နရီဒူးနန့် အစရှိတဲ့ နာမည်တွေနဲ့ ရင်းနှီးလာရ
ပါတော့တယ်။ အဲဒီကတည်းက သူတို့ကို အထင်ကြီး လေးစား စိတ်တွေ ကိန်းဝပ်လာနေခဲ့တယ် ထင်ပါ
တယ်။

ကျမတို့ဟာ ဘုရား ကျောင်းကန်နဲ့ ပတ်သက်တာက လွဲလို့ တခြားသော အလှူ အတန်းတွေ၊ လူမှုရေး
လုပ်ငန်း တွေ လုပ်တာ အတော်လေး နည်းပါတယ်။ လူအများကြီးကို ထမင်းကျွေးတဲ့ အလှူမျိုးတွေကိုလည်း
မကြာခဏ လုပ်ကြ ပါတယ်။ ကျမ ငယ်ငယ်က အဲဒီ အလှူမျိုးကို ဝေဖန် ပြောဆိုရင် လူကြီးတွေက ကျမကို
ဒိဋ္ဌိလို့ မှတ်ချက် ချဖူးတာ လည်း မှတ်မိနေပါ သေးတယ်။

ကျမ လူမှုရေး လုပ်တာ ဝါသနာပါတယ် ဆိုပေမယ့်လည်း အတိုင်းအတာ ကန့်သတ်ချက် ရှိပါတယ်။
ငွေကြေး သိပ် မတတ်နိုင်တာ ကလည်း တကြောင်း ပါပါတယ်။ တောင်းတဲ့ လူတွေကို ပေးတယ်၊ ဒုက္ခရောက်တဲ့
လူကို ကူတယ် ဆိုတာတွေ ကလည်း ဘုရားဟောတဲ့ အလှူဒါန ဆိုတာထက် ကျမ စိတ်မှာ မနေတတ်လို့ ဆိုတဲ့
စိတ် တခုတည်းနဲ့ ပေးတာမျိုးပါ။

နောက်တခု ဝန်ခံစရာ ရှိတာက ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဒီနေ့
ဒီအချိန်အထိ ဘယ် အခြေ အနေမျိုး ဖြစ်ဖြစ် လုပ်ကိုင်နိုင်နေတယ် ဆိုတာကလည်း ကျမ အစွမ်းအစ ဆိုတာထက် ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြော်အမြင် ကြီးမားမှုကြောင့်
ပါပဲ။ ကျမတို့ ခေါင်းဆောင်ဟာ ကျမတို့ကို ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ခိုင်းပြီး
ဒီအလုပ်တွေ လုပ်ခိုင်းထားပေမယ့် ကျမတို့ကို တာဝန်ပေးလိုက် ကတည်း က သူ့နိုင်ငံရေး တာဝန်တွေနဲ့
အကျယ်ချုပ် ကျခံရတာနဲ့မို့ ကျမတို့ တွေ့ဆုံပြီး အခက် အခဲတွေ အကြောင်းကို တခါမှ မဆွေးနွေး၊
မတင်ပြခဲ့ရ တာလည်း ထူးခြားချက် တခုပါပဲ။

ဒီအခက်ခဲတွေကို ခေါင်းဆောင်ကြောင့် ကျော်လွှားနေတယ် ဆိုတာ ဘာကို ဆိုလိုတာလဲလို့
မေးရင် ကျမတို့ ခေါင်းဆောင် ဟာ ကျမတို့ကို စိတ်ပိုင်းဆိုင်ရာ တွန်းအားတွေကို နေ့စဉ်နဲ့အမျှ
ပေးနေတယ်လို့ ဆိုရမှာပါ။ ကျမ ဒီလုပ်ငန်းကို လုပ်တော့ ထွက်ပြေးလိုစိတ်တွေ မကြာခဏ ဆိုသလို
ဖြစ်မိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို ကျမ မြင်လိုက်ပြီ ဆိုတာနဲ့
ခွန်အားတွေ အလိုလို ပြန်ဖြစ်လာရပါတယ်။

ကျမတို့ ဒီလုပ်ငန်း စတင် လုပ်ကိုင်စဉ် ၂ဝဝ၂ ခုနှစ်က မြန်မာပြည်မှာ NGO ဆိုတာတွေ ရှိ တော့ ရှိနေပါပြီ။ ဒါပေမယ့် ပြည် တွင်းကနေပြီးတော့
ဦးဆောင် လုပ်ကိုင်သူ နည်းပါသေး တယ်။ နိုင်ငံခြားသားဦးဆောင်တဲ့ အဖွဲ့ အစည်း များပါတယ်။  လုပ်ကိုင်နေရင်းကမှ ကိုကျော်သူ ဦးဆောင်တဲ့ နာရေး
ကူညီမှုအသင်းဟာ လူပေါင်း မြောက် များစွာ အားကိုးရာ ဖြစ်နေတဲ့ အဖွဲ့ အစည်း တခုဆိုတာ သိလာရပါတယ်။

ကျမအနေနဲ့ သူ့ကို အရမ်း အားကျပါတယ်။ ဒီနေ့ ထက်ထိ ကိုကျော်သူကို အဝေးကပဲ မြင်ဖူး
ပါတယ်။ သူက လူမှုရေး သက်သက် အဖွဲ့အစည်း၊ နိုင်ငံရေး လုံးဝ မဆက်နွှယ်တဲ့ အဖွဲ့အစည်း ပါ။
ဆက်နွှယ်ရင်တော့ အခက်အခဲ တွေကို ဒီထက် ပိုပြီး ရင်ဆိုင် ရဖွယ် ရှိပါတယ်။

ကိုကျော်သူ လုပ်ပြလိုက်တာဟာ ကျမတို့ မြန်မာပြည်သားတွေအတွက် တကယ့် စံပြပါပဲ။ သူဟာ
အောင်မြင် ကျော်ကြားတဲ့ မင်းသား၊ သရုပ်ဆောင် တယောက်။ သူ ဒီအလုပ် စလုပ် စဉ်က မလိုသူတွေ
ပြောစကားအတိုင်း ပြောရရင် သုဘရာဇာ အလုပ်ကို ထလုပ်တာပါ။ ဒါပေ မယ့် အခုတော့ ဗမာပြည်မှာ
စကားပုံ တခုလို ဖြစ်နေတဲ့ စကားတခွန်း ပေါ်နေပါတယ်။
သေရင် မပူနဲ့ ကျော်သူ ရှိတယ်ဆိုတာပါပဲ။ သူ့
အနစ်နာခံမှု၊ လူသား အကျိုးပြု လုပ်ငန်းဟာ ဘယ်လောက် ထိရောက် သလဲ ဆိုတာ အဲဒီ စကားရပ်ကို
ကြည့်ရင် သိသာပါတယ်။

နောက်ထပ် တယောက်က ကျမတို့ ကိုဇာဂနာကြီးပါပဲ။ ကျမက သူ့ကို ရင်းနှီးသော အားဖြင့်
ကိုသူရ လို့ ခေါ်ပါတယ်။ သူ လုပ်နိုင်သမျှ လုပ်တာတွေကို တခါတခါ ပြန်ပြောပြမှ သိရတာပါ။
ကလေးတွေ ကျောင်းထားပေးတာ၊ အနာကြီး ရောဂါ တိုက်ဖျက်ရေး ပါဝင် ဆောင်ရွက်တာ စသဖြင့် အများကြီးပါ။
သူလုပ်နိုင်သမျှတွေဟာ တော်ရုံလူ လုပ်နိုင်မယ် မထင်ပါဘူး။

အထင်ရှားဆုံးကတော့ နာဂစ် ဖြစ်ချိန်မှာ သူ့စွမ်းဆောင်ရည်ကို ဘယ် NGO မှ လိုက်မမီ နိုင်အောင် လုပ်ပြသွားတာ သက်သေ ပါပဲ။ ဘယ်လောက် အထိတောင်
လုပ်နိုင်သလဲ ဆိုရင် တော့ ထောင် ၅၉ နှစ် ကျတဲ့ အထိအောင်ကို လုပ်ပြသွားတာပါ။

နောက်တယောက်ကျတော့ ကျမ အရမ်း ကြိုက်တဲ့ စာရေးဆရာမ သန်းမြင့်အောင် ဖြစ်ပါ တယ်။ ကျမနဲ့
အစပိုင်းက မရင်းနှီးပါဘူး။ သူက နာမည်ကြီး စာရေးဆရာမ၊ ကျမက သူ့ပရိသတ် တယောက်ဆိုတော့
မရင်းနှီးတာ မဆန်းပါဘူး။ ဒါပေမယ့် သူ လုပ်တာတွေ ကြား ပါတယ်။ ကိုကျော်သူတို့ နာရေး ကူညီမှုအသင်းမှာ
ဦးဆောင်သူ တယောက် အနေနဲ့ ပါနေ တာ၊ ကိုသူရနဲ့ တွဲပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်ဖြစ်တဲ့
လူမှုရေးတွေကို တက်တက် ကြွကြွ လုပ်နေ တာတွေ ကြားပါတယ်။

AIDS ဖြစ်နေတဲ့ မိဘမဲ့ ကလေး တယောက်ကို သူတို့ရဲ့ သုခရိပ်မြုံ ဆိုတဲ့
ကလေးဂေဟာကို သွားအပ်တော့မှ သူနဲ့ စတွေ့ပြီး လူချင်း ရင်းနှီးရတာပါ။ သူ့ကို မြင်မြင်ချင်း
ကျမ စိတ်ထဲမှာ အေးချမ်းမှုကို ခံစားရပါတယ်။ တကယ့် အစ်မ တယောက်လိုပဲ ခံစား ရပါတယ်။ သူတို့
ဂေဟာမှာ ကလေး သိပ်မရှိသေးပါဘူး။ နေရာကလည်း မြောက်ဒဂုံဘက် လည်း မဟုတ်သေး ပါဘူး။ သန်လျင်မှာပဲ
ယာယီ ရှိနေပါသေးတယ်။

သူ့ကို ကလေးတွေက အမေကြီး လို့ ခေါ်ပါတယ်။ ကလေးတွေက သူ့ကို ချစ်လိုက်တာ၊ တကယ့် အမေရင်း
အတိုင်း ပါပဲ။ သူကလည်း စိတ်ရှည် လက်ရှည် ကလေးတွေကို စကားတွေ ပြော၊ မုန့်တွေကျွေး လုပ်နေတာ
ကြည့်ရင်း ကျမ ကြည်နူး မိပါ တယ်။  

သူတို့ အကြောင်းကို ဘာကြောင့် ပြောနေသလဲ ဆိုတာ အရှင်းဆုံး ပြောရရင်တော့ သူတို့ကို
လေးစား အားကျ လို့ပါ။ ကျမတို့ ပြည်သူတွေက သူတို့လို တိုင်းပြည်မှာ ထင်ရှားသူတွေရဲ့
လှုပ်ရှားမှုတွေကြောင့် ဘာလုပ်သင့်တယ်၊ ဘာ လုပ်ရမယ် ဆိုတာတွေကို အလိုလို သိသွား တာပါပဲ။

အခုဆိုရင် ငွေကြေး ရလို့ ဖြစ်စေ၊ မရဘဲ ဖြစ်စေ တဦးချင်း၊ တဖွဲ့ချင်း ကနေ အစုလိုက်
ရပ်ရွာ လိုက် လုပ်နေကြတဲ့ လူမှုရေး အသင်းအဖွဲ့တွေ အများကြီး ပေါ်လာပါပြီ။ သံဃာတွေကလည်း
ကျမတို့ ငယ်စဉ်က တရား ဟောသလို အလှူပေး သူဌေးဖြစ် ဆိုတာထက် လူမှုရေးတွေ လုပ်သင့်တယ်၊
တိုင်းပြည် လိုအပ်ချက်က ဘာတွေ ဖြစ်နေတယ်၊ ဘာတွေ လုပ်သင့်တယ်၊ ဘယ် လို စိတ်မျိုး ထားရမယ်
ဆိုတာတွေကို များများ ဟောပြောလာပါပြီ။

တိုင်းပြည် အုပ်စိုးသူတို့ ပစ်ပယ်ထားတဲ့ လစ်ဟာချက်တွေကို တက်ကြွစွာ ဆောင်ရွက်သူတွေ
ရှိလာပါပြီ။ အားရစရာ ကောင်းလှတဲ့ အတိုင်းအတာ တခုအထိတော့ မဖြစ်သေးပါဘူး။ ပွင့်လင်း လွတ်လပ်မှုတွေ
ရှိလာရင် ပိုမို လုပ်ကိုင် ဆောင်ရွက် လာနိုင်မှာပါ။ သေးငယ်တဲ့ လူမှုရေး လုပ်ငန်း ဖြစ်စေ၊
တဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ လူမှု လိုအပ် ချက် လုပ်ကိုင် နေသူတွေဟာ လေးစားစရာ
ကောင်းပါတယ်။

သေချာတာကတော့ အထက်က ပြောတဲ့ ရဟန်းသံဃာတွေ၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ မသန်းမြင့် အောင်
တို့လို ကျမ လေး စား အားကျရသူတွေရဲ့ ဦးဆောင် လမ်းပြမှုတွေ မရှိရင် ကျမ လုပ်ကိုင်နေတဲ့
လူမှုရေး လုပ်ငန်းတွေ ဒီအခြေ အနေထိ ဖြစ်ချင်မှ ဖြစ်လာမယ် ဆိုတာ ပါပဲ။

မဖြူဖြူသင်း (၁၁-၉-၂၀၁၀/ သူ့အတွေး သူ့အမြင်)

ဧရာဝတီ - တွန်းအားများ …

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top