တရုတ်နိုင်ငံမှာ
ရောင်းစား ခံရ ရာကနေ ပြန်လွတ်လာတဲ့ ရှမ်းအမျိုးသမီးတွေက သူတို့နဲ့အတူ ရောင်းစားခံရပြီး
တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ ထိမ်းမြားနေရတဲ့ ရှမ်းတိုင်းရင်းသူတွေ ပြန်လည် လွတ်အောင်
ဆောင်ကြဉ်းပြီး မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်အောင် ကူညီပေးဖို့ ရန်ကုန် အခြေစိုက်
အိုင်အယ်လ်အို ဆက်ဆံရေးရုံကို တိုင်လိုက်ပါတယ်။
၂၀၀၈
ခုနှစ်အတွင်းမှာ ရိုးရိုးအလုပ်လုပ်ရမယ်လို့ ညာခေါ် ရောင်းစားခံရသူ ခြောက်ဦးအနက် လွတ်မြောက်လာတဲ့
မိုးမိတ်မြို့ ကျေးရွာသူ အမျိုးသမီးနှစ်ဦးက ပြီးခဲ့တဲ့ ကိုးရက်နေ့က တိုင်ကြား ခဲ့ပါတယ်။
တိုင်ကြားသူ အမျိုးသမီး နှစ်ဦးအနက် တဦး မိုးမိတ်မြို့နယ် မုံဘိုကျေးရွာက တဦးဖြစ်ပြီး
ကျန်တစ်ဦးက မိုးမိတ်မြို့နယ် မန်အုံကျေးရွာက ဖြစ်ပါတယ်။
သူတို့တတွေကို
တရုတ်နိုင်ငံ တိန်းခမ်းမြို့ကို ခေါ်ဆောင် ရောင်းချခဲ့တာ ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်လာသူ
အမျိုးသမီးတဦးက အေအိုင်ဒီအက်(စ်)နဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို
ညာခေါ် ရောင်းစားသူတွေကို မိုးမိတ်မြို့ ရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့တွေကို တိုင်ကြားပေမယ့်
မထိရောက်လို့ အိုင်အယ်လ်အိုကို တိုင်တာလို့ ဆိုပါတယ်။ ဒီတိုင်ကြားမှုကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် မန္တလေးတိုင်း လူငယ်ဖော်ဆောင်ရေး အဖွဲ့နဲ့ အဖွဲ့ချုပ် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်
ဥက္ကဋ္ဌ ဦးသက်ဝေတို့က လိုက်ပါ ကူညီကြပါတယ်။
ဦးသက်ဝေကပဲ
အခုလို ပြောပြပါတယ်။ “ခြောက်ယောက်စလုံး ဇနီးမယား အဖြစ်နဲ့ ရောင်းစားခံရတာ၊ ခေါ်သွားတုန်းကတော့
တခြား အလုပ်အကိုင် လုပ်ရမယ် ထင်းစိုက်၊ ထင်းခုတ် လုပ်ရမယ် ဆိုပြီး ခေါ်သွားတာ၊ တလကို
၈ သောင်းရမယ်ဆိုပြီး ခေါ်သွားတာ။ ခေါ်သွားပြီး ဟိုရောက်တဲ့ အခါကျတော့ တဆင့်ပြီး တဆင့်
တရုတ်ပြည်ထဲ ခေါ်သွားပြီးတော့ တရုတ်ပြည်ထဲကျတော့ တရုတ်အမျိုးသားတွေနဲ့ ပေးစားဖို့ ရောင်းစားခြင်း
ခံခဲ့ရတယ် ”
ပြန်လွတ်လာသူ
အမျိုးသမီးတွေရဲ့ ဆွေးမျိုးထဲက ဥပဒေ နားလည်သူက အရေးယူနိုင်တဲ့ ဥပဒေ အတိုင်းအဆကို ရှင်းလင်းပြီးတဲ့နောက်
တရုတ်အမျိုးသားတွေက စိုးရိမ်ပြီး ပြန်ထည့် လိုက်တာလို့ ဆိုပါတယ်။ သက်ဆိုင်ရာ ရဲစခန်းတွေကို
ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရပါဘူး။
တရုတ်နိုင်ငံက
မနှစ်က မြန်မာနိုင်ငံကို လူကုန်ကူးခံရသူ သုံးရာကျော် ပြန်ပို့ ခဲ့ပါတယ်။ ထိုင်းအခြေစိုက်
ကချင်အမျိုးသမီး အစည်းအရုံး(ကေဒဗလျူအေတီ) ပြောခွင့်ရသူ ဂျူလီယာက ကချင်ပြည်နယ်တွင်း
လေ့လာချက်အရဆိုရင် လူကုန်ကူးခံရပြီး ပြန်လွတ်လာသူတွေထဲက တရာမှာ ခြောက်ဆယ်လောက်ဟာ အလိုမတူပဲ
အိမ်ထောင်ပြုရတဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ပြောဆိုပြီး လူကုန်ကူးမှု လျော့နည်း ပပျောက်ရေးအတွက်
အရင်းခံပြဿနာကို ကိုင်တွယ် ဖြေရှင်းရမယ်လို့ ပြောဆိုပါတယ်။
“ဒီလူကုန်ကူးမှုဆိုတာ
ပြဿနာ အရင်းအမြစ်ကို ပြန်ကြည့်လိုက်မယ် ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ အရမ်း
ဆိုးဝါးနေတယ်၊ စီးပွားရေးကျဆင်းနေတယ်၊ ဆင်းရဲ ငတ်မွတ်မှုတွေ ဖြစ်နေတယ်။ အဲဒီဟာတွေကို
အရင်ဖြေရှင်းမှ ဒီလူကုန်ကူးမှု ပြဿနာ ထိရောက်စွာ ဖြေရှင်းနိုင်မှာလေ။ အဲတော့ ပြောချင်တာ
ပြဿနာရဲ့ အရင်းအမြစ်ကို ကိုင်တွယ် ဖြေရှင်းဖို့က နံပါတ်တစ်လို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံဟာ
ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲ စာချုပ်၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး
ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၄ ခု နှစ်ဆန်းပိုင်း ကတည်းက လက်မှတ်ထိုးထားသလို
လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဌာန်းထားပါတယ်။
ပြီးခဲ့တဲ့
ဇွန်လကုန်ပိုင်းက မကွေးတိုင်း ချောက်မြို့နယ်မှာ အသက် ၁၆ နှစ်မပြည့်သေးတဲ့ အမျိုးသမီးတဦးကို
တရုတ်ပြည်ဘက်မှာ ယွမ်ငွေရှစ်ထောင်နဲ့ ရောင်းစားရာမှာ ကျူးလွန်သူတွေကို လူကုန်ကူး ဥပဒေပုဒ်မအရ
ထောင်ဒဏ် ၁၅ နှစ် ချမှတ်တဲ့ အမှုတခု ဖြစ်ခဲ့ပါတယ်။
အေးနိုင်
၁၂
ဇူလိုင်၊ ၂၀၁၀
DVB -
တရုတ်နိုင်ငံတွင် အရောင်းစားခံရသူ အမျိုးသမီးများကို ကယ်တင်နိုင်ရန် တိုင်ကြား




