(၁)
၁၉၉၈ ခုနှစ်
မတ်လစာရင်းများအရ မြန်မာနိုင်ငံတွင် အိတ်(ခ်ျ)အိုင်ဗီ (HIV) ခေါ်တဲ့ အေအိုင်ဒီအက်(စ်) ရောဂါပိုးရှိသူ ၁၈,၅၄၉ ဦးမှတ်တမ်းရှိခဲ့ပြီး၊
အေအိုင်ဒီအက်(စ်) ရောဂါဖြစ်ပွါးနေသူ ၂,၄၇၂ ဦး
သတင်းပို့ခဲ့ပါသည်။
(၂)
အိတ်(ခ်ျ)အိုင်ဗီမှာ
ရောဂါပိုး၏အမည်ဖြစ်ပြီး အေအိုင်ဒီအက်(စ်) မှာ ရောဂါ၏ အမည်ဖြစ်သည်။ အိတ်(ခ်ျ)အိုင်ဗီပိုး
ကူးစက်ခြင်းဖြင့် အေအိုင်ဒီအက်(စ်) ရောဂါကို ရရှိနိုင်သည်။ ယင်း၏အဓိပ္ပါယ်မှာ အေအိုင်ဒီအက်(စ်) ရောဂါ
ဖြစ်နေသူများသည် အိတ်ခ်ျအိုင်ဗီရောဂါပိုး ရှိနေသူများ ဖြစ်ပါသည်။ သို့ရာတွင်
အချို့သောသူများသည် အိတ်ခ်ျအိုင်ဗီပိုးကို ဆယ်နှစ်မျှ ရရှိထားသော်လည်း
ကျန်းမာစွာနေထိုင်နိုင်သေးသည်။ အချို့မှာမူ ပိုးရရှိပြီး ရက်အနည်းငယ် အကြာမှာပင်
အေအိုင်ဒီအက်(စ်) ရောဂါဖြစ်ပွားတတ်သည်။ အိတ်ခ်ျအိုင်ဗီပိုး ရှိနေပြီး
ရောဂါလက္ခဏာ မပြသေးသူတစ်ဦးကို ပြင်ပအသွင် သဏ္ဍာန်ကြည့်ရုံဖြင့် ရောဂါပိုး ရှိ မရှိ
လုံးဝ မသိနိုင်ပါ။ တစ်စုံတစ်ယောက်သောသူတွင် အိတ်ခ်ျအိုင်ဗီ
ရောဂါပိုးရှိနေပြီဆိုလျှင် အေအိုင်ဒီအက်စ် မဖြစ်သေးဘူး ဆိုသော်လည်း၊
ဤရောဂါပိုးရှိချိန်မှစ၍ အခြားသူများကို ကူးစက် နိုင်ပါသည်။
မည်သို့ဖြစ်စေ
တစ်စုံတစ်ယောက်သောသူတွင် အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီဆိုလျှင် အေအိုင်ဒီအက်စ်
မဖြစ်သေးဘူး ဆိုသော်လည်း၊ ဤရောဂါပိုး ရှိချိန်မှစ၍ အခြားသူများကို
ကူးစက်နိုင်ပါသည်။ အိတ်ခ်ျအိုင်ဗီ(HIV) ဗိုင်းရပ်ပိုးကို
သာမန်မျစ်စိဖြင့် မမြင်နိုင်ပါ။ Human Immuno-deficiency Virus ဖြစ်ပါသည်။ ဤအိတ်ခ်ျအိုင်ဗီပိုးကို လူ၏ သွေး၊ သုတ်ရည်နှင့်
မိန်းမ ကိုယ်ရည်မှထွက်သော အရည်တို့တွင် အဓိက တွေ့ရှိသည်။
အေအိုင်ဒီအက်စ်
ဆိုသည်မှာ (AIDS:
Acquired Immune Deficiency Syndrome) ကိုယ်တွင်းခုခံမှုစွမ်းအား ကျဆင်းသည့် ရောဂါဖြစ်သည်။
Acquired
- ကူးစက်စေသော
Immune
- ကိုယ်တွင်းခုခံမှုစွမ်းအားစနစ်
Deficiency
- သာမန်ထက်အားနည်းကျဆင်းသော
Syndrome
- ရောဂါအုပ်စုတစ်ခု၏
သွင်ပြင်လက္ခဏာ ဖြစ်ပါသည်။
လူတို့၏
သွေးထဲတွင်ရှိသော သွေးဖြူဥများမှာ ရောဂါပိုးအမျိုးမျိုးကို ခုခံကာကွယ်နိုင်သည်။
၎င်းသွေးဖြူဥများမှ ကိုယ်ခန္ဓာ၏ ခုခံမှုစွမ်းအားကိုရရှိသည်။ အိတ်အိုင်ဗီရောဂါပိုးသည်
လူ၏ ခန္ဓာကိုယ်တွင်းရှိ သွေးဖြူဥများကို တဖြည်းဖြည်း ဖျက်ဆီးပစ်လိုက်သည်။
ထို့ကြောင့် ခန္ဓာကိုယ်ရှိ ပြင်ပမှ ရောဂါပိုးများကို ပြန်လည် ခုခံတိုက်ခိုက်
ကာကွယ်နိုင်သည့် စွမ်းအားနှင့် စနစ် လျော့နည်း ပျက်စီးလာသည်။ ဤသို့ဖြင့် ခုခံအား
ကျဆင်းလာသူ တစ်ဦးသည် ရောဂါတစ်မျိုးပြီး တစ်မျိုး အလွယ်တကူ ဖြစ်ပွားပြီး နောက်ဆုံး၌
သေဆုံးရသည်။
၁၉၈၁ ခုနှစ်တွင်
အမေရိကန်နိုင်ငံ၌ လိင်တူဆက်ဆံသူအမျိုးသားများကြား စတင်သတိပြု တွေ့ရှိသည့်
ရောဂါဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်မှာ အိတ်ခ်ျအိုင်ဗီ ဟုခေါ်သည့် ကိုယ်ခံအားကျဆင်းမှုရောဂါ၏
တရားခံ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိပါသည်။ ထိုအချိန်တွင် ဤဗိုင်းရပ်စ်ပိုးက
ကမ္ဘာအနှံ့တွင် စတင်ပျံ့နှံ့နေပါပြီ။ ကမ္ဘာ၏ အခြားဒေသများ၌ အလွန်မြန်ဆန်သည့်
နှုန်းဖြင့် ပျံ့နှံ့ကူးစက်ရာတွင် ကူးစက်ရန် အခွင့်အလမ်းပိုများသည့် လူအုပ်စု
အမျိုးအစားမှာ အမေရိကန်နှင့် ဥရောပ တို့မှာကဲ့သို့ လိင်တူဆက်ဆံသူများသာ
မဟုတ်တော့ပါ။ ဆေးထိုးအပ်သုံး မူးယစ်ဆေး သုံးစွဲသူများ၊ ပြည့်တန်ဆာ လုပ်ငန်း
လုပ်ကိုင်သူများ စသူတို့ပါ ပါဝင်ပါသည်။
၁၉၉၆ ခုနှစ်
နှစ်လည် ခန့်မှန်းချက်အရဆိုလျင် တစ်ကမ္ဘာလုံးတွင် အိတ်ခ်ျအိုင်ဗီ
ဗိုင်းရပ်ပိုးရှိသူ ၂၈ သန်း
ဖြစ်ပါသည်။ ယင်း၌ ကလေးသူငယ် ၁.၅ သန်း
အပါဝင် ဖြစ်ပါသည်။ ၅ သန်းနီးပါးမှာ အာရှမှ ဖြစ်ပြီး၊ သက္ကရာဇ် ၂၀၀၀ ၌ ရောဂါပိုးရှိသူ
သန်း ၄၀ အထိ ကမ္ဘာ တစ်ဝန်းတွင်ရှိ လာမည်ဖြစ်ပါသည်။
(၃)
အာရှ၌
ဤရောဂါပိုးကို စတင်တွေ့ရှိသည်မှာ ၁၉၈၄ ပါ။ သို့သော်လည်း အမှုမဲ့ အမှတ်မဲ့ သဘောထားမှုနှင့်
နိုးကြားမှု နည်းပါးသည့်အတွက် ရောဂါပိုးသည် အကာအကွယ်ကင်းစွာ လွတ်လွတ်လပ်လပ်
ပျံ့နှံ့ ခွင့်ရခဲ့ပါသည်။ အာရှသားတွေမှာ ဤရောဂါပိုး တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ
ပြဿနာများ၏ လေးနက်ကြီးကျယ်မှု အတိုင်းအဆကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ခဲ့ပါ။
ရောဂါပိုးကူးစက်ဖို့
အခွင့်အလမ်းအများဆုံး လူအုပ်စုများသာမက သာမန်ပြည်သူလူထု အတွင်းမှာပါ
မယုံကြည်နိုင်လောက်အောင် မြန်ဆန်သည့် နှုန်းဖြင့် အာရှနိုင်ငံများအတွင်း ၁၉၉၀ ခုနှစ်များတွင်
ပျံ့နှံ့ များပြားလာခဲ့ပါသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် အေအိုင်ဒီအက်စ် ရောဂါသည်
လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍ၌ အာရှဒေသကြီး၏ အရေးအကြီးဆုံး
ပြဿနာကြီးအဖြစ်နှင့် အသိအမှတ်ပြု ခံရလာပါ တော့သည်။
(၄)
အိတ်ခ်ျအိုင်ဗီရောဂါပိုးပျံ့နှံ့
နှုန်းသည် အရှေ့တောင်အာရှတွင် အခြားသော ကမ္ဘာ မည်သည့် နေရာမှာမဆိုထက်
ပိုမိုမြန်ဆန်စွာ ဖြစ်ပွားလာပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO) အနေဖြင့်
ဤရောဂါပျံ့နှံ့တိုးတက်မှု အမြင့်ဆုံး အမှတ်ကို စူးစမ်း ထောက်လှမ်း၍ မရခဲ့သည့်
ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဒေသမှာလည်း အရှေ့တောင်အာရှပဲ ဖြစ်လာခဲ့ပါသည်။
ဤဒေသမှနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် စာရင်းတင်ပြခဲ့သည့်
အေအိုင်ဒီအက်စ် အမှုပေါင်း ၄၉,၀၀၀ ကျော်ရှိခဲ့ပါသည်။ ဤကိန်းဂဏန်းမှာ အမှန်မှာတော့
မပြည့်စုံသေးပါ။ ရောဂါပိုး အရှိန်ယူနေဆဲဖြစ်သည့် ကာလမျိုး၊ ရှေးရိုးစွဲပြဿဖြစ်သည့်
မတင်ပြသော အမှုမျိုး၊ သတိ မပြုမိသေးသော အမှုမျိုးတွေ အများကြီးကျန်နေပါသေးသည်။
ခန့်မှန်းချက်များအရ
သက္ကရာဇ် ၂၀၀၀ မှာ အရှေ့တောင်အာရှတွင် ရောဂါပိုးတိုက်ခိုက် ခံရမည့် ဦးရေ ၁၀ သန်းခန့်
ရှိပါမည်။ ဤခန့်မှန်းချက်မှာ တရားဝင်သတင်းပို့သည့် အမှုပေါင်းပေါ်တွင် အခြေခံ၍
တွက်ချက် ခန့်မှန်းခြင်း ဖြစ်ပါသည်။ ယင်းတို့အနက် ၉၅ ရာခိုင်နှုန်းမှာ အိန္ဒိယနှင့်
ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။
(၅)
ဤနိုင်ငံနှစ်ခုနှင့်
ထိစပ်နေသော နယ်စပ်ဒေသများ၌ အိတ်ခ်ျအိုင်ဗီရောဂါပိုးနှင့် အေအိုင်ဒီအက်စ် ရောဂါ
ဝင်ရောက် တိုက်ခိုက်ခြင်းခံနေရသည့် လူဦးရေမှာ အလွန်များပြားလှပါသည်။ အိန္ဒိယ နှင့်
ထိုင်းနိုင်ငံတို့အတွင်း ၌ ရောဂါအဖြစ်ပွားဆုံး ဒေသမှာ ထိုနယ်စပ်ဒေသ များဖြစ်ပါသည်။
အလွန်ကြီးမား မြန်ဆန်သည့်နှုန်းဖြင့် ရောဂါပျံ့ပွားနေသည်မှာ အိန္ဒိယ နှင့်
ထိုင်းနယ်စပ်မျှသာမက တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များပါဝင်ပါသည်။
မြန်မာနိုင်ငံသည်
အိမ်နီးချင်းနိုင်ငံ ၅ ခုနှင့် ထိစပ်နေရာ ထို ၅ နိုင်ငံအနက်မှ ၄ နိုင်ငံ (အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်)မှာ အေအိုင်ဒီအက်စ် အန္တရာယ် အကြီးအကျယ်
ဝင်ရောက် တိုက်ခိုက်နေသော နိုင်ငံများ ဖြစ်ပါသည်။ ထိုမျှမကသေး
ယင်းနိုင်ငံ တခုချင်းစီအတွင်း၌ ရောဂါပြန့်ပွားမှု အဆိုးဆုံး ဧရိယာမှာ
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသများ ဖြစ်ကြပါသည်။ ထိုကြောင့် အထူးအလေးအနက်
ဂရုပြုရမည့် အနေအထား ဖြစ်နေပါသည်။
(၆)
မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး စတင်စုံစမ်းတွေ့ရှိသည်မှာ ၁၉၈၈ ခုနှစ်ြုဖစ်သည်။
အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားမှုအနေဖြင့် စတင်တွေ့ရှိသည်မှာ သုံးနှစ်အကြာ ၁၉၉၁ ခုနှစ်ပါ။
အမျိုးသား အေအိုင်ဒီအက်စ် ဆိုင်ရာအစီအစဉ်မှ စောင့်ကြည့် ကာကွယ် ထိန်းသိန်းရေးအဖွဲ့၏
စုဆောင်းထားသော အချက်အလက်နှင့် သတင်းများအရ မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗီပိုးနှင့် အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားမှုနှုန်းများ အလွန်
မြန်ဆန်နေသည်ကို တွေ့ရသည်။ အခြားတဖက်၌ ပြည်တွင်းကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့်
လုပ်သားများ ရွှေ့ပြောင်း အလုပ် လုပ်ကိုင်မှုတို့သည် ရောဂါပိုးပြန့်ပွားရန် အားပေးသော
အလုပ်အကိုင်များဖြစ်ပါသည်။ မြန်မာနိုင်ငံတဝှမ်းမှနေ၍ မိုင်းနှင့်
ကျောက်မျက်တူးဖော်ဒေသများ၊ သစ်တောဧရိယာများ၊ ဆောက်လုပ်ရေး လုပ်ငန်းရှိရာ အရပ်များ၊
ငါးဖမ်းလုပ်ငန်းထွန်းကားရာ ကမ်းရိုးတန်းဒေသများ စသည့် ဒေသအသီးသီးသို့ ရာသီအလိုက်၊
လုပ်ငန်းအခြေအနေ အလိုက်။ ရွှေ့ပြောင်းလုပ်ကိုင်နေကြသည့် အလုပ်သမားများသည်
ရာသီအလိုက်၊ လုပ်ငန်းအလိုက် သွားရောက်လုပ်ကိုင်ကြ၊ မိမိရပ်ထံ ပြန်လာကြ စသည်ဖြင့်
ကူးသန်း ရွှေ့ပြောင်းနေကြခြင်းသည် ရောဂါပြန့်ပွားရေးကို အားဖြည့်ပေးနေပြန်ပါသည်။
မကြာသေးမီက ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ သုတေသနပြုချက်တခုအရ၊
ပြည်တွင်း ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှု အရေအတွက်သည် နိုင်ငံတကာ (သို့မဟုတ်) နယ်စပ်ကျော်ဖြတ်၍
နိုင်ငံရပ်ခြားသွားလာ လုပ်ကိုင်မှုထက် အဆများစွာ ပိုကြောင်း တွေ့ရပါသည်။
ရောဂါအလွန်လျှင်မြန်စွာ ပြန့်ပွားနေကြောင်းကို အေအိုင်ဒီအက်စ် စောင့်ကြည့် ကာကွယ်
ထိန်းသိမ်းရေးအဖွဲ့က တင်ပြထားပါသည်။
(၇)
အဓိကအားဖြင့်
ရောဂါပိုးကူးစက်ပြန့်ပွားနိုင်သည့် နည်းလမ်း (၃) မျိုးသာရှိသည်။
၁။ သွေးမှ
သွေးသို့ ကူးစက်ခြင်း၊
ရောဂါပိုးရှိသောသူ၏သွေးမှ
အခြားသူ၏သွေးနှင့် ထိတွေ့ခြင်း။ ရောဂါပိုးရှိနေသော သွေးသွင်းမိခြင်းဖြင့်
ကူးစက်နိုင်သည်။ မသန့်ရှင်းသော ချွန်ထက်သည့် ကိရိယာများ၊ ခွဲစိတ်ကိရိယာများ
အသုံးပြု၍ ခွဲစိတ်ခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း၊ စုတ်ထိုးခြင်း၊ နားဖောက်ခြင်း၊
ဓာတ်အပ်စိုက်ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်ဖြင့် ထိုးခြင်း(အထူးသဖြင့် မူးယစ်ဆေးထိုးရာ၌ မျှဝေသုံးစွဲလေ့ရှိသော
ဆေးထိုးအပ်/ပြွန်တို့မှ
တဆင့်ကူးစက်သည်။)
၂။
ရောဂါပိုးရှိသူနှင့် (လိင်တူလိင်ကွဲ) လိင်ဆက်ဆံခြင်း။
လိင်ဆက်ဆံစဉ်
ကိုယ်တွင်းအရည်မှ ကူးစက်ခြင်း။ အိတ်ခ်ျအိုင်ဗီပိုးသည် ရောဂါရှိသောအမျိုးသား၊
အမျိုးသမီးတို့၏ လိင်ဆက်ဆံချိန်တွင် ကိုယ်ခန္ဓာအတွင်း ထိုအရည်ချင်း
ပေါင်းစပ်ခြင်းဖြင့် ကူးစက်နိုင်သည်။
၃။
ရောဂါပိုးရှိနေသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားရင်သွေးငယ်သို့ ကူးစက်ခြင်း။
မီးဖွားချိန်တွင်
မိခင်ထံရှိသောရောဂါပိုးသည် ကလေးငယ်အား ကူးစက်နိုင်ခြင်း၊
အချို့သောကိစ္စရပ်များတွင် မိခင်နို့ရည်မှာလည်း ကလေးငယ်ကို ကူးစက်နိုင်သည်။
ရောဂါပိုးကူးစက် အများဆုံးနည်းလမ်းမှာ လိင်ဆက်ဆံရာနှင့် မူးယစ်ဆေးထိုးရာတို့မှ
ဖြစ်ပါသည်။
ဤရောဂါပိုးသည်
• လေထဲမှာ မပြန့်နှံ့ပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်း
တို့မှတဆင့် မကူးစက်နိုင်ပါ။
• လက်ဆွဲနုတ်ဆက်ခြင်း၊
ဖက်ခြင်း၊ ပါးကိုနမ်းခြင်းဖြင့်လည်း မကူးပါ။
• ပန်းကန်၊ ခွက်၊
ဇွန်း တို့မှ တစ်ဆင့် မကူးပါ။
• အိမ်သာ၊
တံခါးလက်ကိုင်၊ ထိုင်ခုံတို့မှလည်း မကူးပါ။
• ခြင်ကိုက်၍ လုံးဝမကူးစက်နိုင်ပါ။ ကြမ်းပိုး၊ ကြွက်၊
ယင်တို့မှလည်း မကူးစက်နိုင်ပါ။
• အလုပ်ရုံ၊ စက်ရုံ၊ ရုံးဌာန၊ ရေကူးကန်တို့မှလည်း မကူးစက်နိုင်ပါ။
(၈)
ယနေ့မြန်မာနိုင်ငံ၌
အိတ်ခ်ျအိုင်ဗီ ရောဂါပိုးကူးစက်ရန်အခွင့် အလမ်းအလွန်များသော လူအုပ်စုများမှာ-
• ဆေးထိုးအပ်သုံးမူးယစ်ဆေးဝါးသုံးစွဲသူများ၊
• လိင်တူဆက်ဆံသော
အမျိုးသားများ၊
• ပြည့်တန်ဆာ လုပ်ငန်းမှ အမျိုးသမီးများ၊
• ရောဂါပိုးကူးစက်ရန် အခွင့်အလမ်းများသော လူများနှင့်
လိင်ဆက်ဆံမှုပြုသူများ၊
• သွေးသွင်းကုသမှု ခံယူသူများ၊
• ရောဂါပိုးရှိသော မိခင်များမှ မွေးဖွားသော သန္ဓေသားများ
ဖြစ်ပါသည်။
ဤရောဂါဖြစ်သူ
သို့မဟုတ် ရောဂါပိုးရှိမှန်းသိသူများမှာ စိတ်ဓါတ်ကျဆင်းခြင်း၊ အလွန်အမင်း
အားငယ်စိတ် ဝင်ခြင်း၊ အစွန့်ပယ်ခံဟူ၍ တွေးမြင်ကာ ထိတ်လန့်လာခြင်း၊ မိမိကိုယ်ကို
အန္တရာယ်ပြုခြင်း၊ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်လာတတ်ပါသည်။
အိတ်ခ်ျအိုင်ဗီ ပိုးဝင်ရောက်ခြင်း
ရှိမရှိမှာ သွေးစစ်ဆေးခြင်းနည်းမှလွဲ၍ အေအိုင်ဒီအက်စ် ရောဂါ မဖြစ်မချင်း မည်သို့မျှ
မသိနိုင်ပါ။ လူတစ်ယောက်၏ အသွင်အပြင် အမူအရာကို ကြည့်ယုံမြင်ယုံမျှဖြင့်
ဤရောဂါပိုးရှိ/မရှိ
မည်သို့မျှ မပြောနိုင်ပါ။ ရောဂါပိုး ဝင်ရောက်ပြီးဖြစ်သော်လည်း ကာလကြာမြင့်စွာ
ရောဂါဖြစ်ပွားမှုမရှိဘဲ၊ သို့တည်းမဟုတ် ရောဂါလက္ခဏာ မပေါ်ဘဲ ရှိတတ်ပါသည်။ ဤရောဂါပိုးကို
နှိမ်နှင်းရန် ယနေ့အချိန်အထိ ဆေးမရှိသေးပါ။
(၉)
အေအိုင်ဒီအက်စ်
ရောဂါဖြစ်ပွားရာတွင် အဓိက လက္ခဏာများမှာ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက်
ကျဆင်းခြင်း၊ တစ်လထက်ပိုကြာသည့် ဝမ်းရောဂါဖြစ်ခြင်း၊ တလထက် ပိုကြာသော အဖျားရောဂါ
ဖြစ်ခြင်းတို့ ဖြစ်သည်။
သာမန်လက္ခဏာများမှာ တလထက်ပိုကြာအောင် ချောင်းဆိုးခြင်း၊ ဆင်ရေယုန်၊ ရေယုန်နှင့်
ယားနာဖုဖြစ်ခြင်း၊ ခန္ဓာအနှံ့ အကျိတ်များ ရောင်ခြင်း တို့ဖြစ်ပါသည်။
ဤရောဂါဖြစ်ပွားလျှင်
ပျောက်ကင်းသွားစေနိုင်သည့်ဆေး ယနေ့အချိန်အထိ ရှိသေးပါ။ ဤရောဂါရပြီဆိုလျှင်
သေမိန့်ကျသကဲ့သို့ ရှိနေပါတော့သည်။ သို့ရာတွင် ဤရောဂါ ဖြစ်နေသူတိုင်းသည်
လူအများယူဆသကဲ့သို့ မဟုတ်တာလုပ်သူများချည်း မဟုတ်ပါ။ အပြစ်အလွန်ကင်းသော ကလေးများ၊
ရောဂါပိုးရှိနေသည့် အိမ်ထောင်ဖက်များ၏ ရောဂါပိုးရှိမှန်းမသိသော ဇနီး/ခင်ပွန်းများနှင့် လုံလောက်သော စစ်ဆေးမှုမရှိဘဲ
သွေးသွင်းခံရသူများ စသည့်ဖြင့် မြောက်များလှစွာသော အပြစ်မဲ့သားကောင်များ ရှိပါသည်။
မည်သို့ပင်ဖြစ်စေ၊ ရောဂါရှိသူများကို ကြဉ်ထားသလို မပြုအပ်ပါ။ ရောဂါရှိသူများကို
လူမှုရေး အသိုင်းအဝိုင်းပြင်ပသို့ တွန်းထုတ်ရန် မသင့်ပါ။
လူမှုရေး အသိုင်းအဝိုင်းထဲတွင် ပြန်လည်ဝင်ဆန့်လာစေရန် အထောက်အကူ ပြုသင့်ပါသည်။
အေအိုင်ဒီအက်စ် ရောဂါရှိသူများနှင့်
အတူ နေထိုင်စကားပြောဆို၊ ထမင်းလက်ဆုံစားခြင်း၊ အိမ်သာအတူသုံးခြင်းတို့ဖြင့်
ရောဂါမကူးစက်နိုင်ပါ။ အေအိုင်ဒီအက်စ် ပြဿနာများ ဆိုသည်မှာ ကျန်းမာရေးပြဿနာတခုတည်း
မဟုတ်ပါ။ စိတ်ဓါတ်ရေးရာ၊ လူမှုရေးရာ ပြဿနာများပါ ပါဝင်သည်ကို သတိပြုကြရပါမည်။
ဤရောဂါရှိနေသူများနှင့်
ဆက်ဆံရာတွင်အခက်အခဲများနှင့် လာလတ္တံ့သော ဝေဒနာ ပြဿနာများကို ကိုယ်တိုင်
နားလည်သဘောပေါက်ပြီး ရင်ဆိုင်နိုင်စေရန်၊ ထိုသူမှတဆင့် အခြားသူများကို
ဆက်လက်မပြန့်ပွား မကူးစက် နိုင်စေရန်၊ ကြောက်ရွံ့ထိတ်လန့်မှု၊
တုန်လှုပ်ခြောက်ခြားမှု၊ စိတ်လှုပ်ရှားမှုများကို ရင်ဆိုင်နိုင်ရန် ကူညီရပါမည်။
ဤရောဂါကူးစက်နိုင်သည်မှာ
ရောဂါရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ရောဂါရှိသူအသုံးပြုသော ဆေးထိုးအပ်ကို
အသုံးပြုမိခြင်းနှင့် ရောဂါပိုးပါသော သွေးကို သွင်းမိခြင်းတို့မှသာ
ဖြစ်နိုင်ပါသည်။
(၁၀)
မြန်မာနိုင်ငံမှာသာ
မဟုတ်ပါ၊ တစ်ကမ္ဘာလုံးမှာ အန္တရာယ်ရှိနေသော ရောဂါဖြစ်ပါသည်။ အထူးသဖြင့်တော့
လူငယ်များကို အများဆုံး ခြိမ်းခြောက်နေသော ရောဂါကြီးဖြစ်ပါသည်။
သို့သော်…….. သို့သော်………. သို့သော်………….
ဆေးမရှိဟုဆိုသော်လည်း၊
ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်နိုင်ပါသည်။ ပညာဗဟုသုတရှိလျှင်
နားလည်သဘောပေါက်လွယ်သော စိတ်ဓါတ်ရှိလျှင်၊ လိုက်နာ ကျင့်ကြံသော အမူအကျင့်ရှိလျှင်
ဤရောဂါမဖြစ်နိုင်ပါ။ ထိုကြောင့်……..
• မူးယစ်ဆေးဝါး
မသုံးစွဲပါနှင့်၊
• လိင်ဆက်ဆံမှုအပျော်အပါးကို
ရှောင်ကြည်ပါ၊
• မရှောင်ကြည်နိုင်လျှင်
ရာဘာအစွပ် (ကွန်ဒုံး) ကို အသုံးပြုပါ၊
• မလိုအပ်ပဲ
ဆေးမထိုးပါနှင့်၊
• ဆေးထိုးရန်လိုအပ်လျှင် တခါသုံး ဆေးထိုးအပ်ကို သုံးပါ၊
သို့မဟုတ် အသုံးပြုနေသည့် ဆေးထိုးအပ်ကို ဆူပွတ်နေသော ရေနွေးထဲတွင် မိနစ် ၃၀ ကြာအောင်
ပြုတ်ပါ။
• အိတ်ခ်ျအိုင်ဗီ
ရောဂါပိုးရှိမရှိ စစ်ဆေးထားခြင်း မရှိသော သွေးကို မသွင်းပါနှင့်၊
ဖွံ့ဖြိုးတိုးတက်
ငြိမ်းချမ်းသာယာသော နိုင်ငံအဖြစ်ထူထောင်ရန် ကျန်းမာတတ်ကြွ လန်းဆန်း၍
ဉာဏ်အမျှော်အမြင် ရှိသော လူငယ်တွေ အများကြီးလိုအပ်ပါသည်။
ညိုကို
၂၂၊ ဇန်နဝါရီ၊ ၁၉၉၉
စာကိုး။ A
Tical of Merit by Owen Wrogley, Ph.D., MRCP.
ခုခံအားကျ (AIDS) ရောဂါကာကွယ်နည်းလမ်းများ၊ (လက်ကမ်းစာစောင်) ကျန်းမာရေး ဦးစီးဌာန
နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
(လက်ကမ်းစာစောင်)၊ ကျန်းမာရေးဝန်ကြီးဌာန၊
ဆောင်းပါး
ထပ်တလဲလဲထိုးနေရမည့်
ခေါင်းလောင်း




