ချင်းမိုင်
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများဆုံးမှာ မြန်မာ လုပ်သားများဖြစ်ပြီး
ထိုင်းနိုင်ငံ၏ တနေ့တခြား ကြီးထွား ကျယ်ပြန့်လာသော ငါးဖမ်းလုပ်ငန်းတွင်
အလုပ်သမားများ ပြတ်လပ် နေခြင်းကလည်း လူကုန်ကူးမှု ပြဿနာကို ပိုမို ဆိုးရွား စေခဲ့သည်ဟု
လူ့အခွင့်အရေး အုပ်စုများက ပြောဆိုကြသည်။
အမေရိကန်
ပြည်ထောင်စု၏ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရမှု အခြေအနေ များသည်
စိုးရိမ်စရာဖြစ်နေပြီး ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း ပိုမိုများပြား လာခဲ့သည်ဟု
အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးကွန်ယက် ဒါရိုက်တာ Sompong Sakaew က မဇ္ဈိမကို
ပြောသည်။ ဤ NGO အဖွဲ့အစည်းသည် ဘန်ကောက်မြို့ တောင်ဘက်ရှိ ထိုင်းနိုင်ငံ၏
ပင်လယ်ကွေ့ ငါးဖမ်းလုပ်ငန်းနှင့် ဆားထုတ်လုပ်မှု လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ
စမတ်ဆခွန် Samut Sakhon တွင် အခြေစိုက်သည်။
“အကြီးမားဆုံး ပြဿနာကတော့ ငါးဖမ်း လုပ်ငန်းတွေမှာပါ။ မြန်မာအလုပ်သမား တွေဟာ
အလှည့်ဖြား ခံရပြီးတော့ အခက်အခဲ အပင်ပန်းဆုံးနဲ့ အကြာရှည်ဆုံး အလုပ်တွေကို
အတင်းအကျပ် လုပ်ခိုင်းတာ ခံနေရပါတယ်” ဟု Sompong Sakaew က ပြောသည်။
မကြာသေးခင်က ခန့်မှန်းချက်များအရ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမား
အရေအတွက်မှာ ၃ သန်းကျော် ရှိနေပြီး ၎င်းတို့အနက် တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမား
အရေအတွက်မှာ ၇ သိန်းခန့်သာ ရှိသည်။ ရွှေ့ပြောင်းအလုပ်သမား အများစုမှာ
မြန်မာနိုင်ငံမှ ဖြစ်ကြသည်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်အများစုမှာ အလုပ်သမားများအား တရားဝင်ခန့်ရန်
စိတ်ပါဝင်စားမှု လျော့နည်းနေကြပြီး လုပ်ငန်းရှင် အများစုမှာ ဥပဒေကို ဆန့်ကျင်ကာ
ဈေးပေါသော တရားမဝင် အလုပ်သမား များကိုသာ ခန့်ထားလေ့ ရှိကြသည်။
“ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းမှာ လူကုန်ကူးမှု ပြဿနာတွေ
ရှိနေတာကို မဖြေရှင်းနိုင်ခဲ့ရင် ထိုင်းနိုင်ငံရဲ့ ပင်လယ်အစားအစာ တွေဟာ
နိုင်ငံတကာရဲ့ သပိတ်မှောက်မှု ခံရစရာ ရှိပါတယ်” ဟု Sompong Sakaew က သတိပေးခဲ့သည်။
ဘန်ကောက်မြို့ရှိ လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ဖောင်ဒေးရှင်း၏ အဆိုအရ
ယခုနှစ်တွင် လူကုန်ကူးခံရသည့် အမှုပေါင်း ၁၃၈ ခု အထိ ဖောင်ဒေးရှင်းသို့
တိုင်ကြားခဲ့ပြီး ထိုနှုန်းထားသည် ပြီးခဲ့သည့်နှစ် ကထက် ၃ ဆမျှ မြင့်တက်လာခဲ့ခြင်း
ဖြစ်သည်။ ထိုသတင်း ထုတ်ပြန်ချက်အား ဇွန်လ ၃ ရက်နေ့က ဘန်ကောက်မြို့တွင်
ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြို သတင်းစာ ရှင်းလင်းပွဲတွင်
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်လည်း လူကုန်ကူးမှု အခြေအနေများသည် ဆိုးရွားလျက်ပင်
ရှိနေသည်။ မြန်မာနိုင်ငံ မဲဆောက်မြို့မှ မြန်မာအမျိုးသား လူငယ်များသည် လိမ်လည် လှည့်ဖြားခံရကာ
ချင်းမိုင်မြို့တွင် ရိုတီ ရောင်းနေရသည့် အဖြစ်မျိုး ရှိနေပြီး လူကုန်ကူးမှု
ကျူးလွန် သူများသည် မြန်မာ ကလေးငယ်များအား ဖြားယောင်းကာ ထိုင်းနိုင်ငံတွင်
အလုပ်လုပ်ခိုင်းရုံမျှမက နောက်ပိုင်းတွင် ထိုကလေးငယ်များအား
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြို့များတွင် ပန်းများ လှည့်လည် ရောင်းချခိုင်းသည်လည်း
ရှိနေသည်ဟု ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ငံမြောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး
ပူးပေါင်းဆောင်ရွက်မှု အဖွဲ့၏ မန်နေဂျာ Duan Wongsa က ပြောကြားခဲ့သည်။
“သိပ်တောင် မကြာသေးဘူး၊ လူကုန်ကူးတဲ့သူတွေက Tak ပြည်နယ်က နယ်စပ်တလျှောက်မှာ ရှိတဲ့
ဒုက္ခသည် စခန်းတွေက ကလေးငယ်တွေကို ထိုင်းနိုင်ငံ အတွင်းပိုင်းက ပြည်နယ်တွေကို
ပို့ပြီးတော့ အလုပ်လုပ်ခိုင်း ကြတယ်။ ကလေးတွေကို အရမ်းနည်းတဲ့ မဖြစ်စလောက်
လစာလေးတွေနဲ့ အိမ်ဖော် လုပ်ခိုင်းကြတယ်” ဟု သူမက ဆက်ပြောခဲ့သည်။
လူကုန်ကူးမှု
တိုက်ဖျက်ရေး ကြေးမုံ ဖောင်ဒေးရှင်းမှ အကြီးအကဲ Ekkalak Lumchomkae က ထိုင်းနိုင်ငံမှာ
လူကုန်ကူးမှု အခြေအနေသည် စိုးရိမ်စရာကောင်းသည့် အကျပ်အတည်း အခြေအနေကို
ဆိုက်ရောက်နေပြီး အဆိုးဆုံးမှာ ငါးဖမ်းလုပ်ငန်း နယ်ပယ်တွင် ဖြစ်သည်ဟု မဇ္ဈိမကို
ပြောခဲ့သည်။
greenfacts.org ဝက်ဘ်ဆိုဒ်က ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံအား ငါးနှင့် ရေထွက်ကုန်
ပစ္စည်းများ တတိယ အများဆုံး တင်ပို့သော နိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်
ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ်လျက် ရှိနေပြီး
ခန့်မှန်းချက်တခုအရ အလုပ်သမား တသောင်းကျော် လိုအပ်လျက် ရှိနေသည်။ ထိုကဲ့သို့
အလုပ်သမား ပြတ်လပ်ရှားပါးမှုသည် လူကုန်ကူး သူများအတွက် ဈေးချိုချိုနှင့်
အလုပ်သမားများ ရှာဖွေပေးစရာ လုပ်ကွက်တခုကို ဖြစ်ထွန်းစေခဲ့သည်။
“ကွင်းဆင်း လေ့လာမှုတွေအရ လူကုန်ကူးသူတွေရဲ့ နောက်မှာ နိုင်ငံရေးသမား တချို့နဲ့
အရာရှိ တချို့ရှိနေပြီး လူကုန်ကူးသူတွေကို အကာအကွယ် ပေးနေပါတယ်။ အဲဒီတော့
ဥပဒေတွေဟာ ထိရောက်မှုမရှိ ဖြစ်ကုန်ပြီး အရာရှိတွေကလည်း ဥပဒေကို
လျစ်လျူရှုနေကြပါတယ်” ဟု Ekkalak က ဆိုခဲ့သည်။
လူကုန်ကူးခံရသူများ လုပ်ကိုင်နေရသည့် အခြားလုပ်ငန်းများမှာ ပြည့်တန်ဆာလုပ်ငန်း၊
တောင်းစားသည့် လုပ်ငန်းနှင့် ပန်းရောင်းသည့် လုပ်ငန်းများဖြစ်ပြီး အခြေအနေများမှာ
၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များက ကဲ့သို့ပင် တိုးတက်မှု မရှိသေးဟု ကြေးမုံ
ဖောင်ဒေးရှင်း၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် မြန်မာ အလုပ်သမားများက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ရရန်အတွက်
လူပွဲစားများသို့ ပေးရသည့် ငွေကြေးပမာဏမှာလည်း ပိုများလာပြီး မကြာသေးခင်က
ပေါက်ဈေးအရဆိုလျှင် ဘတ် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၀ ခန့်) မှ ဘတ် ၂၅၀၀၀ အထိ
ရှိနေပြီး ပြီးခဲ့သည့်နှစ်က လူပွဲစားများ တောင်းဆိုသည့် နှုန်းထက် ၂ ဆနီးပါး
မြင့်တက်နေသည်။ အလုပ်သမား အများစုမှာ ထိုငွေကို ပြန်ဆပ်နိုင်ရေးအတွက် အနည်းဆုံး
တနှစ်ခန့် ယူရလေ့ရှိသည်ဟု Ekkalak က ပြောသည်။
Ekkalak က ဆက်လက်ပြောရာတွင် ထိုင်းရဲများသည် သံသယရှိသော စက်ရုံများအား
အလစ်ဝင်ရောက် စစ်ဆေးခြင်းအားဖြင့် မြန်မာလူကုန်ကူးသူ အနည်းစုကိုသာ
ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသူများကိုမူ ဖမ်းဆီးနိုင်ခြင်း
မရှိဟု ပြောခဲ့သည်။ “ဒေသတွင်းက ရဲတွေဟာ အဓိက ကျသူတွေကို ကျတော့ ၂၀၀၈ ခုနှစ်
လူကုန်ကူးမှု တိုက်ဖျက်ရေးအတိုင်း အရေးယူဖို့ ဝန်လေးနေကြပြီးတော့ သိပ်အဓိက မကျတဲ့
လူတွေကိုပဲ အရေးယူနေကြပါတယ်” ဟု ပြောခဲ့သည်။
ထိုဖောင်ဒေးရှင်းမှ လူကုန်ကူးမှု ပြဿနာ ဆိုးဆိုးရွားရွားဖြစ်နေသော
ပင်လယ်နှင့်ထိစပ်နေသည့် Songkhla၊ Chonburi၊ Samut Sakhon နှင့် Samut Prakan
ပြည်နယ်များအား နာမည်ပျက်စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။
မဲဆောက်မြို့မှ
၁၄ နှစ် အရွယ်ရှိ မူဆလင် ကလေးမလေး တဦးသည် ဘန်ကောက်မြို့တွင် ပန်းလှည့် လည်ရောင်းချရန်
ဖြားယောင်းခြင်း ခံခဲ့ရပြီး သူမ အလုပ်လုပ်ခဲ့သည့် ၂ နှစ်စာအတွက် သူမ၏ အလုပ်ရှင်ထံမှ
လခ မရခဲ့ဟု ပြောသည်။
“သူတို့က အမေ့ကို သမီးရဲ့ လုပ်အားခတွေ ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အမေလည်း တကယ်
မရဘူး။ သမီး ပန်းရောင်းလို့ ပိုက်ဆံသိပ်မရတဲ့ အခါမျိုးဆို ခေါင်းကိုလည်း ရိုက်တယ်”
ဟု ဆယ်ကျော်သက်အရွယ် ကလေးမလေးက ပြောခဲ့သည်။
သူမသည် အိမ်နီးချင်းများ အကူအညီဖြင့် အဓမ္မခိုင်းစေသူ အလုပ်ရှင် လက်ထဲမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး
မဲဆောက်မြို့သို့ ပြန်လာခဲ့သည်။ မြန်မာနိုင်ငံနှင့် နယ်စပ် မဲဆောက်မြို့၊
ထိုင်းနိုင်ငံ အနောက်တောင် ကမ်းရိုးတန်းရှိ နယ်စပ် ရနောင်းမြို့နှင့်
မြောက်ပိုင်းရှိ ချင်းရိုင်ဒေသ တို့သည် လူကုန်ကူးသူများ ကျက်စားသော နေရာများ
ဖြစ်ကြသည်။
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနှင့် လုံခြုံရေးဝန်ကြီး Issara Somchai က
ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေး ကင်ပိန်းဖွင့်ပွဲတွင်
လူကုန်ကူးမှုများသည် ရှုပ်ထွေးသော အနေအထားများ ဖြစ်လာနေသည်ဟု ပြောခဲ့သည်။
လူကုန်ကူးမှု ကွန်ယက်များသည် ကလေးငယ်များနှင့် လူငယ်များ၏ ပိုမိုတိုးတက်လိုသော
ဘဝကို ရရှိလိုသည့် စိတ်ဆန္ဒ အခြေအနေကို အသုံးချ မက်လုံးပေးကာ ၎င်းတို့အား
အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့လျက် ရှိနေသည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ ဆက်ဆံရေးဌာန
ဝက်ဘ်ဆိုဒ်၏ သောကြာနေ့က ထုတ်ပြန်ချက်အရ သိရသည်။
ထိုင်းနိုင်ငံ၏ ပထမဆုံးသော လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေသည် ၂၀၀၈ ခုနှစ်
ဇွန်လတွင် စတင်ချမှတ်ခဲ့ကာ တစစ ကြီးထွားလာနေသည့် ပြဿနာကို ဖြေရှင်းရန်
ရည်ရွယ်ခဲ့သည်။ ထိုဥပဒေအရ တရားမဝင် အလုပ်ခန့်ထားမှု၊ တရားမဝင် လူကုန်ကူး
ခေါ်ဆောင်သွားမှု၊ လူပွဲစားများမှ အလုပ်သမားများအား တရားမဝင် လွှဲပြောင်းရောင်းချမှု၊
ခြိမ်းခြောက်ကာ အလုပ်ခိုင်းစေမှု၊ ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့်
အလုပ်အတင်းအကျပ် ခိုင်းစေမှု စသည့် လူကုန်ကူးမှု ပုံစံမျိုးစုံအား တားမြစ်ထားသည်။
ထိုဥပဒေအရ လူကုန်ကူးခံရသူများအား ပြည့်တန်ဆာ လုပ်ငန်းများတွင် ခိုင်းစေခြင်း၊
အပြာစာအုပ် အပြာဗီဒီယို စသည့် ရာဂစိတ် ဖြစ်စေရန် ရည်ရွယ်သည့် အရာများ
ဖြန့်ချိရန်အတွက် လူကုန်ကူးခံရသူ အမျိုးသမီးများအား အသုံးချခြင်း၊
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သော လုပ်ငန်းများတွင် အသုံးချခြင်း၊ ကျွန်ကဲ့သို့
ခိုင်းစေခြင်း၊ အတင်းအကျပ် တောင်းစားခိုင်းကာ တောင်း၍ရသည့် ပိုက်ဆံများအား
ခေါင်းပုံဖြတ်ခြင်း၊ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအား ရောင်းချရန်အတွက်
အကျပ်ကိုင်ခြင်းတို့နှင့် လူကုန်ကူးကာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ပုံစံမျိုးစုံအား
တင်းကျပ်စွာ တားမြစ်ထားသည်။
သို့သော် လူအခွင့်အရေး လှုပ်ရှားသူများက ပြဿနာ ပြေလည်မှုသည် ဥပဒေပြဋ္ဌာန်းရုံနှင့်
မလုံလောက်ဘဲ ထို ဥပဒေကို လိုက်နာ အသုံးချကြမှသာလျှင် ပြဿနာများ
လျော့နည်းသွားလိမ့်မည်ဟု ထောက်ပြ ခဲ့ကြသည်။ ဒေသ ဆိုင်ရာ ရဲများသည် လက်နက်များ
ကိုင်ဆောင်ထားလေ့ရှိသည့် သို့မဟုတ် လူမှုရေး အရှိန်အဝါ သြဇာကြီးသည့်
လူကုန်ကူးသူများအား ဖမ်းဆီးအရေးယူရန် စိတ်မပါဘဲ ဖြစ်နေကြကာ ဥပဒေမှ
ပြဋ္ဌာန်းထားသလောက် အရေးယူမှု များ မပြုလုပ်ဘဲ အဖြစ်သဘောခန့်သာ ဆောင်ရွက် အရေးယူနေကြသည်ဟု
လူ့အခွင့်အရေး လှုပ်ရှားသူ များက ဆိုကြသည်။
ဥဆာ
ဖိချိုင်း
မဇ္ဈိမ၊
- ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ
အများစုမှာ မြန်မာများဖြစ်




