15
May

ဒဂုံ အရှေ့ပိုင်း၌ PLHIV Care Centre ဖွင့်လှစ်ရန် စီစဉ်

PLHIV များအတွက် သုံးထပ် အဆောက်အဦး ဂေဟာသစ် (N.H.A.P.C.C) ခုခံအားကျဆင်းမှုကူးစက် ရောဂါကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး ဂေဟာသစ် တစ်ခုကို ဒဂုံအရှေ့ပိုင်း ခါတော်မီ (၂) လမ်း၌ တည်ဆောက်သွားရန် စီစဉ်နေသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်း ဦးဆောင်ကာ ဖွင့်လှစ်ထားသော ဂေဟာ (၃) ခုရှိ အိတ်ခ်ျအိုင်ဗွီပိုးနှင့် အသက်ရှင်နေထိုင်သူများ (People Living with HIV) အနက် ထပ်မံရောက်ရှိလာသည့် ဝေဒနာရှင်များမှာ ယခင်လထက် (၁၀၀) ဦးရေခန့် ပိုမိုတိုးလာခြင်းကြောင့် သုံးထပ် အဆောက်အဦးကို ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါ အဆောက်အဦး သစ်ကို ဒဂုံအရှေ့ပိုင်း ခါတော်မီ (၂) လမ်းရှိ အမှတ် (၄၄၉/၅၀၀/၅၀၁/၅၀၂) မြေတည် နေရာပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး အလှူရှင် ရရှိမှု အပေါ်မူတည်၍ လာမည့် ၂၀၁၄ ခုနှစ်တွင် အပြီးဆောက် လုပ်ရန် ခန့်မှန်းထားကြောင်း ဂေဟာသစ် ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးရာဇာက ဆိုသည်။

“လက်ရှိတော့ ရေတွင်းလောက်ပဲ တူးရသေးတယ်။ အဆောက်အဦးကတော့ စပြီး ပြင်ဆင်နေပါပြီ၊ ဒါပေမယ့် ဘယ်တော့လောက် အပြီးဆောက်နိုင်မလဲ ဆိုတာတော့ အလှူရှင်တွေ အပေါ်မှာ မူတည်ပါတယ်။ ခန့်မှန်းခြေတော့ လာမယ့် ၂၀၁၄ လောက်ကို အပြီးဆောက်ချင်တယ်” ဟု တာဝန်ခံ ဦးရာဇာက ပြောသည်။

အဆိုပါ အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးနိုင်ရန် အတွက် ငွေကျပ် သိန်း (၃၀၀၀) မှ (၄၀၀၀) ကျပ်အထိ ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ပြည်တွင်း အလှူရှင်အချို့မှ လှူဒါန်းထားငွေကျပ် သိန်း (၃၀၀) သာ ရရှိသေးကြောင်း ပြည်ပမှ အလှူရှင်များထံ ပြောဆိုထားခြင်း မရှိသေးကြောင်းနှင့် လှူဒါန်းနိုင် ကြောင်းကိုလည်း ဂေဟာဖြစ်မြောက်ရေး တာဝန်ခံ ဦးရာဇာက ဆိုသည်။ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ တိုးလာခြင်းကြောင့် ဝေဒနာရှင်များ အနေဖြင့် နေရာ၊ ထိုင်ခင်း အခက်အခဲ ရှိလာကြသည်ဟု သိရှိရသည်။

“ကျွန်မက မြောင်းမြမှာနေပါတယ်။ ကလေး တစ်ယောက်ရှိတယ်၊ အိမ်ထောင်ဦးစီးဆုံးတော့ ကျွန်မမှာ ဒီရောဂါ ရှိတယ်ဆိုပေမယ့် ကလေးမှာရောဂါမရှိဘူး ဒါကြောင့် ကလေးကို ကျွန်မမိဘတွေနဲ့ ထားခဲ့ရတယ်။ ကျွန်မနဲ့ နေရာ ဒီမှာက အိတ်အိုင်ဗွီ ဝေဒနာရှင်တွေက များများလာတယ်လေ နောက်ပြီး စီပိုးရှိသူတွေနဲ့ နေရတာဆိုတော့ ကလေးကို ကူးမှာစိုးလို့ပါ။ နေရတာက လူများလာတော့ အိပ်ရတာတို့ အဆင်မပြေဘူး နည်းနည်း ကြပ်တည်းတယ်။ ဆေးသောက်ရတာတို့ စားသောက်ရတာက အဆင်ပြေပါတယ်။ ဒီဂေဟာမှာ နေရတာက ကျွန်မ နယ်အိမ်မှာ နေရတာထပ် ပိုလွတ်လပ်တယ်။ သူများ အရိပ်အကဲ ကြည့်စရာမလိုဘဲ ပိုပြီး အဓိပ္ပာယ်ရှိတယ်” ဟု မြောင်းမြမြို့နေ အသက် (၂၅) နှစ်ဝန်းကျင်ရှိ ဝေဒနာရှင် တစ်ဦးက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်း ဂေဟာရှိ PLHIV အချို့သည် အဆိုပါ ဂေဟာတွင် စက်ချုပ်ခြင်း၊ ထပ်မံ ရောက်ရှိ လာသည့် လူနာများကို ပြန်လည်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် တစ်နေ့တာကို ဖြတ်သန်းကြသည်ဟု အသက်(၃၇) နှစ်အရွယ်ရှိ ဝေဒနာသည် တစ်ဦးက ဆိုသည်။

“ကျွန်တော်က ၂၀၀၈ ခုနှစ် ပြည်ထောင်စုနေ့ ကတည်းက ဆေးစသောက်ရတာပါ အခုတော့ CD4  Count က ရှစ်ရာဖြစ်နေတော့ ကျန်းကျန်းမာမာ ဖြစ်လာနေပြီ ဒီမှာက လူနာတွေက တစ်နေ့ထက်တစ်နေ့ များ လာတယ်။ ဒါကြောင့် ကျွန်တော်က အဲ့ဒီလူနာတွေကို ပြန်ပြီး ပြုစုစောင့်ရှောက်ပေးပါတယ်။ ဒီမှာနေရတာ အဆင်ပြေ ပါတယ်။“ ဟု ကွမ်းခြံကုန်းမြို့ဒေသခံ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

PLHIV တိုးလာခြင်းသည် လက်ရှိဝေဒနာသည်တို့၏ နေရာထိုင်ခင်း အခက်အခဲ ဖြစ်ပေါ်လာခြင်းကြောင့် သုံးထပ် အဆောက်အဦးကို ဆောက်လုပ်ရခြင်းဖြစ်ကြောင်းနှင့် ဂေဟာသုံးခုကို တစ်စုတစ်ဝေးတည်း ဖြစ်စေရန် အတွက်ဖြစ်သည်ဟု  တောင်ဒဂုံမြို့နယ်ရှိ PLHIV ဝေဒနာရှင်များနေထိုင်သည့် ဂေဟာတွင် ၂၄ နာရီ တာဝန် ထမ်းဆောင်နေသူ တစ်ဦးက ဆိုသည်။

“မဖြူဖြူသင်း နေအိမ်ဘေးနားက ဆေးခန်းမှာလည်း ဝေဒနာသည်တွေ ရှိတာပေါ့၊ တောင်ဒဂုံရယ် ဒဂုံအရှေ့ အားလုံးပေါင်း (၃) နေရာပေါ့ ဝေဒနာသည်တွေက ကွဲနေတယ် ဒါတွေကို တစ်စုတစ်ဝေးတည်း ရှိစေချင်တာ ကြောင့်နဲ့ ဝေဒနာသည်တွေ များများ လာတာရယ်ကြောင့် ထပ်ချဲ့တဲ့ သဘောမျိုးပါ။ တစ်လနဲ့ တစ်လက လူ (၁၀၀) လောက် တိုးလာတယ်” ဟု တောင်ဒဂုံဂေဟာတွင် အဖက်ဖက်မှ ကူညီဆောင် ရွက်ပေးနေသူ ဦးသိန်းဌေးက ပြောသည်။

၂၀၁၃ ခုနှစ် ဧပြီလပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ ဂေဟာတွင် PLHIV ဝေဒနာသည် (၁၀၀) ဦးရေခန့် ရှိခဲ့သော်လည်း မေလပိုင်းတွင် (၁၇၈) ဦးခန့် ရှိခဲ့ကြောင်း ဒဂုံအရှေ့ပိုင်းတွင်လည်း PLHIV ဝေဒနာသည် ယခင်လထက် (၃၀) ဦးရေခန့် တိုးလာကြောင်း မဖြူဖြူသင်း နေထိုင်ရာ နေအိမ်အနီးရှိ ဆေးခန်းတွင်လည်း ဝေဒနာသည် (၂၀) ၀န်းကျင်ခန့် တိုးလာသည်ဟု ၄င်းက ဆက်ပြောသည်။

ဂေဟာ (၃) ခုရှိ PLHIV ဝေဒနာသည်များ အတွက် နေထိုင် စားသောက်စရိတ်သည် တစ်လလျှင် ငွေကျပ် (၁၇၅) သိန်းကျော် ကုန်ကျလျက်ရှိကြောင်း၊  အဆိုပါ ဂေဟာများအတွက် မဖြူဖြူသင်းမှ ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် အချို့နေ့ရက်များ၌ အလှူရှင်များက လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကြောင့် လူငယ် (၁၉) ဦးသည် HIV/AIDS ပညာပေး သင်တန်းကို တက်ရောက်ခဲ့ကာ ၂၀၀၄ ခုနှစ်တွင် ဝေဒနာသည်များ အတွက် ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနှင့် ယုဇန ဥယျဉ်မြို့တော်တို့၌ နေအိမ် ငှားရမ်းပေးကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

နေအိမ် ငှားရမ်းခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း အာဏာပိုင် အချို့၏ နှောက်ယှက်ခြင်းကြောင့် အဆိုပါ နေရာများမှ မဖြူဖြူသင်း၏ နေအိမ်သို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့ကာ ဂေဟာ တစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဒဂုံအရှေ့မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များ၌ ဂေဟာ အသစ်များထပ်မံ ဖွင့်လှစ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ (N.H.A.P.C.C)NLD HIV AIDS Prevention And Care Centre နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို လာမည့် မေ လ ကုန်ပိုင်း၌ ပြုလုပ် ကျင်းပဖွယ်ရှိသည်ဟု သိရသည်။

မြဝတီ - ဒဂုံ အရှေ့ပိုင်း၌ PLHIV Care Centre ဖွင့်လှစ်ရန် စီစဉ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top