28
Feb

“ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာ မဆံ့တော့၍ အသစ် ထပ်မံတည်မည်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာများ၌ လူနာများလာသည့် အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

အဆိုပါ ဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံနှင့် မြောက်ဒဂုံ တို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ်သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။

”အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ ဆိုတော့ လူနာသစ် လာရင်လည်း ထားစရာ နေရာမရှိတော့ဘူး” ဟု မနန္ဒာလင်းက ဆိုသည်။

ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံ ဘက်ရှိ ပေ ၄ဝ X ပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထားကြောင်း ၄င်းက ပြောသည်။ ဂေဟာ အသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စု တစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။ တောင်ဒဂုံဂေဟာတွင် လူဦးရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက် ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု  ၄င်းက ပြောသည်။

လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာကို ၂ဝဝ၉ ခုနှစ်ခန့်က စ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ်အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီ ဖြစ်ကြောင်း၊ လှူဒါန်းလိုပါက ကမ္ဘောဇ (၂) လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈ (B) ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း (ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃)

Popular myanmar - “ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာ မဆံ့တော့၍ အသစ် ထပ်မံတည်မည်”

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top