14
May

ဒီတစ်နှစ်ပြီးရင် နောက်တစ်နှစ်


 

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

 

HIVဆိုတာ ဟိုးလွန်ခဲ့တဲ့ (၂၀၀၀)ခုနှစ်လောက်တုံးက ဘာမှန်းမသိခဲ့ပါဘူး။
တခါတလေ သူများတွေ ပြောသံကြား ရင်လဲ ဘာကိုပြောတာလဲ၊ ဘာဖြစ်လာမှာမို့လဲဆိုတဲ့ အပေါ်ယံအတွေးနဲ့
သတိ မထားမိခဲ့ဘူး။ နောင်တချိန်မှာ ဒီ HIV ဆိုတာ ကိုယ်က မသိလိုက်ဘဲ ကိုယ်က မဖိတ်ခေါ်ဘဲနဲ့
ကိုယ်ဆီမှာအမြစ်တွယ်နေတဲ့ဟာ ဖြစ်နေတယ်။

 

ကျွန်မတို့မှာ မိသားစု မောင်နှမများတယ်။ ကျမအိမ်ထောင်ကျပြီး
ယောင်္ကျားနဲ့ ကွဲနေချိန်မှာ မိဘအိမ်မှာ ပြန်နေခဲ့ပြီး အိမ်မှာ ဈေးရောင်းတယ်။ တနေ့မှာ
ကွဲနေတဲ့ ယောင်္ကျားက ပြောစရာရှိလို့ ချိန်းတဲ့အတွက်  သွားတွေ့တဲ့အခါမှာ သူ့မှာ HIV ပိုးတွေ့တဲ့အကြောင်း
ပြောပြပြီး သူငိုတယ်။ ကိုယ်ယောက်ျားငိုနေတော့လဲ ဘယ်စိတ်ကောင်းမလဲ၊ သူကိုအားပေးမိတယ်။
HIV ပိုးတွေ့လို့ဆိုပြီး သူငိုနေလို့သာ၊ ကိုယ်ကဘာမှသိတာ မဟုတ်တော့ အဲဒီတုန်းက စိတ်ထဲဘာမှ
မဖြစ်ခဲ့ဘူး။

 

ဒီလိုနဲ့ ယောင်္ကျားနဲ့ မကြာခဏပြန်ဆုံဖြစ်တယ်။ တရက်မှာတော့
သူဆိုင်ကယ်တိုက်မှုဖြစ်တယ်။ တိုက်လိုက်တဲ့ အရှိန်ကြောင့် သတိလစ်လဲကျသွားတဲ့အတွက် ခေါင်းကွဲပြီး
သွေးတွေထွက်လာတယ်။ အဲဒီအချိန် သူ့ကို ဘယ်သူကမှ ပွေ့ထူပြီး မထိမကိုင်ရဲကြဘူး။ သူ့မှာ
HIV ပိုးရှိတာ သိနေတဲ့အတွက် ပတ်ဝန်းကျင်က လူတွေကလဲ ကူးခံရမှာစိုးပြီး မကိုင်ရဲကြဘူး။
နောက်ပိုင်း မိသားစုဝင်တွေလာမှသာ ဆေးရုံကို ရောက်သွားတော့တယ်။ ဒီအဖြစ်အပျက်အပြီး သူလဲအပြင်ကို
သိပ်မထွက်တော့ဘူး။ သူ့ရဲ့အပေါင်းအသင်းတွေကလဲ သူရှေ့မှာ ဘာမှမပြောပေမဲ့ ကွယ်ရာမှာ သောက်ထားတဲ့
ဆေးလိပ် တောင် လွှင့်ပြစ်တာကို သူကိုယ်တိုင်တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းဝမ်းနည်းတဲ့ အကြောင်း
ကျွန်မကို ပြန်ပြောပြတယ်။

 

သူ့အိမ်ကလဲ ဒီရောဂါက ကုရာနတ္ထိ ဆေးမရှိဆိုတာ သိထားကြတော့
ဘယ်ကထွက်တဲ့ ဗမာဆေးဘဲ ဖြစ်ဖြစ်  ဒီ HIV ရောဂါပျောက်တယ်ဆိုရင်
ဝယ်တိုက်၊ ဘယ်ဆရာက ရွှေနဲ့ဖော်ထားလို့ ဒီဆေးက တစ်ဖုံ ဘယ် လောက်ဆို ဝယ်တိုက်နဲ့၊ HIV
ပျောက်တယ်လို့ ကြားတာနဲ့ ပြေးကုတော့တာဘဲ။ သူ့မှာလဲ တစ်ရက်ထက် တစ်ရက် ပိန်လာတယ်။ မိသားစုက
ပြုစုပေးပေမယ့် အပေါင်းအသင်းနဲ့ အိမ်ပတ်ဝန်းကျင်က ရှောင်လာတော့ ဘယ်မှမသွားတော့ဘဲ အိမ်မှာဘဲ
ဆေးအမျိုးမျိုးနဲ့ ကြိတ်ကု နေတယ်၊ ဝမ်းကလည်းမကြာခဏသွားတယ်၊ အစားအသောက်ကလည်း မစားနိုင်၊
နေကလည်း မကောင်းနဲ့၊ မကြာပါဘူး၊ အိပ်ယာထဲ လဲတော့တာပေါ့။

သူ့မိဘတွေ ကုသပေးပေမဲ့ အိပ်ယာထဲလဲပြီး ၂လလောက်နေတဲ့အချိန်မှာ
သူဆုံးသွားတယ်။ သူမဆုံးခင်မှာ သူဟာ ဘယ်သူ့ကိုမှလည်း အတွေ့မခံ၊ ပတ်ဝန်းကျင်ကလည်း ရှောင်ဖယ်ပြီး
နေသွားတဲ့အတွက် ဝမ်းနည်း ခဲ့ရတယ်။

 

ကိုယ့်ယောကျာ်းဆုံးတယ်ဆိုပေမယ့် ကွဲနေချိန်ဆိုတော့လည်း
ပိန်ခြောက်သေလား၊ ဝဖြိုးသေလား ဆိုတာ ကျွန်မမသိခဲ့ရဘူး။ ဒီကြားထဲ သူ့ရဲ့မိဘတွေက HIV
က ကျွန်မဆီက ကူးခံရတာလို့ ပြောသံ ကြားတော့ စိတ်ဆိုးပြီး ဝမ်းနည်းရတယ်။ ကိုယ်ကသာ ကိုယ့်အပူနဲ့ကိုယ်မို့
ဘာမှမသိပေမယ့် အဲဒီ အချိန်ကတည်းက ပတ်ဝန်းကျင်က စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့ကြတယ်။
ကိုယ့်ရှေ့မှာ မဟုတ်တောင် ကွယ်ရာမှာ သူ့ယောကျာ်းက HIV နဲ့ ဆုံးသွားတာဆိုတဲ့
အပြစ်တင်သံလိုလို သနားလို့ ပြောသလိုလိုတွေ အပြောခံရတယ်။

 

ယောကျာ်းဆုံးသွားချိန်မှာ ကျွန်မအသက် ၂၅ နှစ်ပဲ ရှိသေးတယ်။
ငယ်ရွယ်တဲ့ အရွယ်ဖြစ်တဲ့ အတွက်လည်း တစ်ချို့ယောက်ျားတွေရဲ့စိတ်ဝင်စားတာခံရတယ်။ ဒါပေမယ့်
ကျွန်မယောကျာ်း HIV နဲ့ ဆုံးတယ်ဆိုတာ တစ်ယောက်စကား တစ်ယောက်နားနဲ့ ကြားတဲ့အခါ သူတို့လည်း
နောက်ဆုတ် သွားကြတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် လှလှပပပြင်ဆင်ပြီးနေမိရင်လည်း တစ်ချို့နှမချင်းမစာနာတဲ့
ယောကျာ်းတစ်စုက မကြားတကြားနဲ့ "သွားမစနဲ့၊ သူ့ယောကျာ်းက A နဲ့သေတာ၊ ကျီးအာသီး
လိုပဲကွ"လို့ တားကြတယ်။ ဘယ်မိန်းမကမှတော့ ယောကျာ်း တစ်ယောက်ကို စိတ်ဝင်စားလို့
စကားလိုက်ပြောပါလို့ မတောင်းဆိုပါဘူး၊ ဒါပေမယ့် ကိုယ့်အကြောင်းနဲ့ကိုယ် နေနေတဲ့သူကို
လာ ပတ်သက်ပြီး သူတို့ကပဲ ရှုံ့ချကြတယ်။

 

ဒီလိုနဲ့ ယောကျာ်းဆုံးပြီး ၁ နှစ်လောက်နေတဲ့အချိန်မှာ
STD ဌာနကို သွားပြီး သွေးစစ်ခဲ့တယ်။ ကျန်းကျန်းမာမာနဲ့ ဘာရယ်မဟုတ်ဘဲ စစ်ခဲ့တာပါ။ ဆရာဝန်ရဲ့ပြောပြချက်အရ
ကိုယ့်မှာလည်း HIVပိုး ရှိနေပြီဆိုတာကို သိရတဲ့ အချိန်မှာ နှစ်သိမ့်ပြောပြပေးနေတဲ့စကားတွေက
မကြားတချက် ကြားတချက် နဲ့ မယုံကြည်နိုင်ခဲ့ဘူး။ အခု သွေးလာစစ်တဲ့အချိန်မှာတောင် လူကဘာမှမဖြစ်တာလို့ဘဲ
ကိုယ့်စိတ်ကို အားတင်းပြီး ပြန်ခဲ့ရတယ်။ ဘယ် လောက်ပဲ ဖြေသိမ့်ပါစေ၊ ရင်ထဲမှာတော့ အနာဂတ်မျှော်လင့်ချက်
တွေ မရှိတော့သလို ငါသေရတော့မယ်ဆိုတဲ့ အသိကပဲ အိမ်မက်ဆိုးတွေမက်နေသလို အခါခါခံစားရ ပါတယ်။

 

သာမန်လူလိုပဲ နေထိုင်လာခဲ့ချိန်မှာ ၂ဝဝ၇ ခုနှစ်ထဲမှာ ကျန်းမာရေးချို့ယွင်းလာခဲ့တယ်။
လူကလည်း တဖြည်းဖြည်းနဲ့ ပိန်လာခဲ့တယ်၊ အစားအသောက်လဲ အရင်လိုမစားနိုင်ဘဲ ညညဆို အိပ်မရလို့
မအိပ်ခဲ့ရတဲ့ ရက်တွေက မနည်းဘူး။ အစားအသောက်မမှန်ရတဲ့အထဲ အစားမှားလိုက်တာနဲ့ ဝမ်းပျက်
လာတယ်။ ကိုယ့် ယောကျာ်းတုန်းကလဲ ဒီဝမ်းပျက်တာက စတာဆိုတော့ ရင်ထဲမှာ စိုးရိမ်စိတ် ဝင်လာ
တယ်။ ဒါပေမယ့် ဘယ်သူ့မှတော့ ဖွင့်မပြောခဲ့ဘူး။ အိမ်မိသားစုကိုတောင် အသိမပေးဘဲ ကိုယ်ဘာ
သာ ဆေးသွားဝယ်သောက်တယ်။ ခဏတော့ သက်သာပေမယ့် နောက်ပိုင်း ရက်ခြားဆိုသလို ဝမ်းပျက်လာတယ်။
အိမ်လဲ အသိမပေးရဲတော့ လူကလဲ ဝမ်းပျက်နေတာနဲ့ဘဲ တနေ့တခြား ပိန်လိုက် လာတယ်။ အဲဒီအချိန်မှာ
ကိုယ်ရဲ့အပေါင်းအသင်း အိမ်နီးချင်းတွေရဲ့ စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့် တာကို ခံခဲ့ရတယ်။

 

ဒီလိုနဲ့ တဖြည်းဖြည်း ကျန်းမာရေးချို့ယွင်းလာခဲ့တာ နောက်ဆုံးဝမ်းလျှောပြီး
အိပ်ယာထဲက မထနိုင် လောက်အောင် ဖြစ်ခဲ့ရတယ်။ လုံးဝရပ်သွားတာမဟုတ်ဘဲ နေ့စဉ်သွားနေတဲ့ဝမ်းကြောင့်
လူကလဲ သိသိသာသာ ပိန်ကျ သွားတယ်။ တစ်ခါတစ်လေ လမ်းလျှောက်ရင်း အိမ်နီးနားချင်းတွေရဲ့အိမ်မှာ
နားနားနေနေ TV ထိုင်ကြည့် မိတယ်။ တခါတစ်လေ ရေတွေ ဘာတွေ ခပ်သောက်မိတယ်။ အစပိုင်းမှာ
သတိမထားမိပေမဲ့ နောက်ပိုင်း ကိုယ်လာရင် မကြိုက်တဲ့အမူအရာတွေ ကိုယ်ရေ ခပ်သောက်မိတဲ့
ရေခွက်ကို ဆပ်ပြာနဲ့ အခါခါဆေးနေတာတွေ ကြုံလာတဲ့အခါမှာ အားငယ်စိတ်တွေ ဝင်လာတယ်။ ကိုယ်က
စကားပြောရင်း ချောင်းဆိုးမိရင်တောင် ထထွက်သွားတာနဲ့ ကြုံလာတဲ့အခါ ဘယ်မှမထွက်ဖြစ်တော့ဘဲ
အိပ်ယာထဲ လဲခဲ့ရတယ်။ အိမ်မိသားစုကလဲ သူတို့ပါ HIV ကူးခံရမှာ ကြောက်ပြီး ခေါ်မှလာ၊ ခိုင်းမှလုပ်ပေးနဲ့
ဝေးဝေးကနေပဲ စောင့်ရှောက်ပြီး ကျန်တဲ့အချိန်မှာ အနား တောင်မကပ်ကြတော့ဘူး။

 

ဒီကြားထဲ ငယ်ရွယ်တဲ့ မောင်၊ ညီမတွေက ဘာမှမပြောပေမဲ့ သိနားလည်လာကြတဲ့
မောင်၊ ညီမတွေ က ကိုယ့်မှာ ဒီရောဂါရတာ သူတို့အပေါင်းအသင်းတွေကြားမှာ မျက်နှာငယ်သလို၊
ဒီအိပ်ယာထဲ လဲနေတာကဘဲ သူတို့ကို ထိခိုက်သလို ပြောလာကြတယ်။ ညီမဖြစ်တဲ့သူကလဲ ဘယ်အဝတ်အစား
မဝတ်နဲ့၊ ဘယ်ဟာဝတ်နဲ့ မသိမသာ ခွဲခြားလာတယ်။ ကိုယ့်မှာ HIV ပိုးရှိလို့ အိမ်မိသားစုကလဲ
မကပ်ရဲ၊ ပတ်ဝန်းကျင် အိမ်နီးချင်းတွေကလဲ ခွဲခြားဆက်ဆံမှုတွေရှိလာတော့ အားငယ်ပြီး စိတ်ဓါတ်
ကျလာတယ်။ တခါတစ်ရံ တစ်ယောက်ထဲ အိပ်ယာထဲ ပက်လက်အိပ်နေရတဲ့ ဘဝဟာ အထီးကျန်တဲ့ စိတ်တွေ
ဝင်လာခဲ့ပါတယ်။

 

ဘယ်မှမသွားမလာနိုင်တဲ့ အဖေကတော့ ကိုယ့်ဘဝကို စာနာနားလည်မှု
အပေးနိုင်ဆုံး လူတစ် ယောက်ပါ။ မိသားစုမှာ အဖေ့ရဲ့ အိမ်ထောင်ဦးစီးဝင်ငွေ မရှိတဲ့အချိန်မှာ
မိသားစုစားဝတ်နေရေး အတွက် ရုန်းကန်နေရတဲ့ အမေကတော့ ဈေးပြန်လာရင် စားချင်တဲ့ မုန့်လေးတွေဝယ်လာပြီး
ကျွေးပြီး မေတ္တာမပျက်ခဲ့ပါဘူး။ ကိုယ့်ဘဝကိုယ် တစ်ခါတစ်လေ ရင်နာခဲ့ရတယ်၊ အိပ်ယာထဲမှာ
ကျိတ်ငိုခဲ့ ရတယ်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့ မိန်းမတစ်ယောက်က ရေတောင် သူများခပ်ပေးမှ
သောက်ရတဲ့ဘဝ ရောက်ခဲ့ရတယ်။ ရေဘယ်လောက်ပဲ ချိုးချင်နေပါစေ၊ ရေတစ်ပုံးတောင် မခပ်နိုင်တဲ့
အတွက် ညီမတွေ အလုပ်ကပြန်လာမှ သူတို့ အတွဲအထူနဲ့ ကိုယ့်မှာ သန့်ရှင်းနိုင်တဲ့ အဖြစ်ပါ။

 

ဒီ HIV ပိုးရှိရင် ဆက်သွယ်လို့ရတဲ့ လူမှုရေးအဖွဲ့အစည်းတွေ
ရှိပေမဲ့လည်း ကိုယ့်မှာ မဆက်သွယ်ရဲခဲ့ဘူး၊ အိမ်က သိသွားရင်၊ ဆက်သွယ်မိတဲ့ လူတွေထဲမှာ
ကိုယ်အသိ၊ မိသားစုရဲ့အပေါင်းအသင်းတွေ ပါနေခဲ့ရင် ဆိုတဲ့ စိတ်နဲ့ ဘယ်အဖွဲ့ရှိရှိ ကြားနေသိနေပေမယ့်
ကိုယ်ကိုယ်တိုင်ဖွင့်ပြောပြီး အကူအညီ မတောင်းရဲခဲ့ဘူး။ အိပ်ယာထဲလဲတဲ့ အချိန်တွေက ရက်မှလအထိ
ကူးခဲ့ပေမဲ့ တစ်ယောက်ထဲ ဘယ်အဖွဲ့ အစည်းမှလဲ ဖွင့်မပြောရဲ၊ မဆက်သွယ်ရဲနဲ့ နေလာခဲ့တ
ကြာတော့ သေမဲ့ရက်ကို စောင့်နေရတဲ့ဘဝ ရောက်ခဲ့ပါတယ်။

 

သောက်နေတဲ့ဆေးနဲ့ ရောဂါက တခြားဆီဆိုတော့ ဘာမှမထူးခြားဘဲ
ပိုဆိုးလာခဲ့တယ်။ ဒီကြားထဲ ဟိုအရွက် ထောင်းသောက်၊ ဒီအရွက်ပြုတ်စားနဲ့ သူများပြောသမျှ
အဟုတ်မှတ်ခဲ့ရတယ်။ ကိုယ်ဘဝက လည်း ဒီအချိန်မှာ ရေနစ်နေတဲ့ သူလိုပါဘဲ လက်လှမ်းမှီရာဆွဲတဲ့ဘဝ
ဖြစ်နေတယ်။

 

တစ်ရက်မှာတော့ အိမ်နားကတစ်ယောက်က ရွှေခြင်္သေ့အဖွဲ့က HIV နဲ့
ပတ်သက်ပြီး လုပ်ပေးနေ တယ်။ ဆေးကုပေးတယ်ဆိုပြီး 
သူ့မိန်းမကို ကျွန်မဆီလွှတ်ပြီး ရွှေခြင်္သေ့ရဲ့အကူအညီယူသင့်တယ်လို့ ပြောပါတယ်။
အိမ်မိသားစုက လက်မခံမှာ ကြောက်တဲ့အတွက် လာရင် ပြဿနာဖြစ်မှာစိုးတဲ့ အကြောင်း ပြောပြတော့
အမေ့ကို ဝိုင်းကူပြောပေးပါတယ်။ ကျွန်မရဲ့ အခြေအနေကလည်း အဲဒီအချိန် မှာ သေမဲ့ရက် အိပ်ယာပေါ်က
စောင့်နေရတဲ့ဘဝဆိုတော့ အရမ်းမျော်လင့်မိပါတယ်။

 

ကျွန်မဆီကိုရောက်လာတဲ့ စေတနာ့ဝန်ထမ်း ကြည်လင်းဉာဏ်ဆိုတဲ့
ကောင်ကလေးလည်း ကျွန်မဆီ ကို အလွယ်တကူ ဝင်ထွက်ခွင့်ရခဲ့တာ မဟုတ်ခဲ့ပါဘူး။ သူကျွန်မဆီကို
ရောက်လာချိန်မှာ အဖေရဲ့ လက်ခံမှုနဲ့ အိပ်ယာထဲလဲနေတဲ့ ကျွန်မကို လာပြီး အားပေးစကားတွေ
ပြောပါတယ်၊ အမေနဲ့ ညီမတွေ ကတော့ အကဲခတ်တဲ့ အကြည့်တွေနဲ့ပေါ့၊ မောင်တွေကလည်း သူလာတော့
တခြားကို ထွက်သွားကြ တယ်။ သူက ကျန်မာရေး အခြေအနေမေးပြီး ရောက်တဲ့နေ့မှာပဲ ညနေပိုင်း
ဆေးခန်းလိုက်ပြတယ်။ ဆိုင်ကယ်ပေါ်မှာတောင် ကိုယ့်ဘာသာ မထိုင်နိုင်တဲ့အတွက် နောက်က ညီမဖြစ်သူက
ထိန်းလိုက်ပေး ခဲ့ရတယ်။

 

ဆေးခန်းရောက်တဲ့အချိန်မှာ လိုအပ်တဲ့ဆေးကုသမှုခံယူပြီး နောက်တစ်ရက်မှာ
အိမ်မှာ ဆေးချိပ်ရ တယ်။ အဲဒီအချိန်မှာလဲ ကြည်လင်းဉာဏ်က တစ်နေကုန်စောင့်ပြီး အားပေးစကားတွေ
ပြောတယ်။ အိမ်က မိသားစု ကိုလည်း HIV ပိုးအကြောင်း ဗဟုသုတတွေ၊ မိသားစုက ခွဲခြားမထားဖို့နဲ့
သာမာန် လူတစ်ယောက်ရဲ့ ဘဝကို ပြန်ရရင် မိသားစုမှာ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာနိုင်ကြောင်းကို
နားလည်လာအောင် ပြောပြပါတယ်၊ ဆေးခန်းသွားရမယ့် ရက်တွေမှာလည်း လမ်းမလျှောက်နိုင်သေး
တဲ့ ကျွန်မကို ဂရုတစိုက်လိုက်ပို့ ပေးပါတယ်။

 

ဆရာမဒေါ်မြင့်မြင့်ခင်ကလဲ တစ်နေ့တခြားကျန်းမာလာတဲ့ ကျွန်မကို
အားပေးစကားတွေပြောပြီး ဂရု စိုက် ကုသပေးခဲ့ပါတယ်။ ကြည်လင်းဉာဏ်ရဲ့အားပေးနှစ်သိမ့်မှုနဲ့၊
ဂရုစိုက် စောင့်ရှောက်မှု၊ ဆရာမ ဒေါ်မြင့်မြင့်ခင်ရဲ့ စေတနာထား ကုသမှုတွေကြောင့် ကျွန်မကျန်းမာရေး
ပြန်ကောင်းလာပါတယ်။ အိမ်ကို ရက်ခြားလာပြီး ကျန်းမာရေးအသိပညာပေးရင်း ဂရုတစိုက်စောင့်ရှောက်တတ်တဲ့
ကြည်လင်း ဉာဏ်ကြောင့် မိသားစုကလဲ ကျွန်မကို ပစ်ပယ်မထားတော့ဘဲ နားလည်လက်ခံလာပြီး ဝိုင်းဝန်းစောင့်
ရှောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သွေးသား မတော်စပ်ဘဲ စေတနာအပြည့်နဲ့ ဂရုစိုက်ပြုစု
စောင့်ရှောက်ပေးတဲ့ ကြည်လင်းဉာဏ်ကြောင့် မောင်နှမတစ်တွေတင် မကပါဘူး၊ ပတ်ဝန်းကျင်ကပါ
ကျွန်မအပေါ် ပြန်လည်ပြီး ဆက်ဆံရေး ကောင်းမွန်လာကြပါတယ်။ ကျန်းမာရေးပြန် ကောင်းလာတဲ့
အတွက်လည်း အိမ်အလုပ်တွေကို ဝိုင်းပြီး ကူညီလုပ်ကိုင် ပေးနိုင်ခဲ့ပါတယ်။ ရွှေခြင်္သေ့လိုက်သွားရင်လဲ
ခွဲခြားဆက်ဆံမှု မရှိတဲ့အတွက် စိတ်ထဲမှာ ဝမ်းသာဝမ်းနဲ ဖြစ်ခဲ့ရပါတယ်။ အဖွဲ့ဝင်တွေရဲ့
အားပေးမှု၊ အဖွဲ့ကလူတွေရဲ့နွေးထွေးမှုတွေကြောင့် ဘဝကို ရင်ဆိုင်နိုင်စွမ်း ရှိလာပါတယ်။
အားလပ်ရက်တွေမှာ ဘဝတူ PLHA တွေကို အားပေးရင်း လက်တွဲခေါ်ယူရင်း စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့ပါတယ်။
ကိုယ်နဲ့ ဘဝတူတွေကို အားပေးရင်းနဲ့ ကိုယ်ကိုယ်တိုင်လည်း ကျန်းမာ လာခဲ့ပါတယ်။

 

အဖွဲ့က လွှတ်တဲ့အတွက် ရန်ကုန်မြို့မှာ HIV/AIDS နဲ့ပတ်သက်တဲ့
သင်တန်းတွေ သွားရောက်ပြီး တက်တဲ့အခါမှ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိတွေ တိုးခဲ့ပါတယ်။
ဘဝမှာ ပထမဆုံး ရွှေတိဂုံဘုရား ကိုဖူးရင်း မျက်ရည် ကျခဲ့ရပါတယ်။ မသေလို့ ဖူးခွင့်ရတဲ့အတွက်
အကြိမ်ကြိမ်ကန်တော့ရင်း ဝမ်းသာ ခဲ့ရပါတယ်။ သင်တန်းက ပြန်လာပြီး ဘဝတူ PLHA တွေကို
HIV နဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှင်းပြရင်း အချင်းချင်းပိုလို့ ရင်းနှီးလာကြပါတယ်။

 

ဒီကြားထဲမှာ ကျန်းမာရေးပြန်ကောင်းလာတဲ့အတွက် ဝမ်းသာနေချိန်မှာ
ညတိုင်ချောင်းဆိုးလာခဲ့တယ်။ တညလုံး ဆိုးတဲ့ချောင်းက မနက်ရောက်ရင် လူက မလှုပ်နိုင်အောင်
မောပန်းမှုကို ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ တလလောက်မရပ်ဘဲ မကြာခဏဆိုးနေတဲ့အတွက် TB စစ်ဆေးကြည့်တဲ့အခါမှာ
TB ဆေး စသောက်ခဲ့ရတယ်။ TB ဆေးသောက်ပြီးရင် ARV ဆေးသောက်ရတော့မယ်လို့ ဆရာမကပြော ပါတယ်။
ARV ဆေး အကြောင်းရေးထားတဲ့ စာအုပ်တွေလဲ ပေးဖတ်ပါတယ်။ တွေ့ဆုံပွဲတွေမှာလဲ ဆရာတွေက
ART အကြောင်း ပြောကြပါတယ်။

 

ကျွန်မ ARV ဆေးသောက်ရတော့မယ်ဆိုတော့ စိတ်ထဲတော်တော် ဆင်းရဲခဲ့ပါတယ်။
ဘာလို့လဲ ဆိုတော့ ARV ဆိုတာ သောက်မိတာနဲ့ ရပ်မရတဲ့ဆေး ဖြစ်နေတဲ့အတွက်ပါ။ စသောက်ပြီဆိုတာနဲ့
ကျားအမြီးဆွဲတော့တာဘဲ လွှတ်လို့မဖြစ်တော့ဘူးလေ တုံးတိုက်တိုက် ရိုက်လဲလဲ ဆွဲပါသားရတော့
မှာလေ။ ပြီးတော့ ဈေးကလဲ ကြီးမှကြီး။ လစဉ်စားဖို့ မစဉ်းစားနဲ့၊ တစ်လစာဆေးဘိုး စဉ်းစားရုံနဲ့
ရင်လေးစရာပေါ့။ ပြီးတော့ ဒီဆေးက မသေမချင်း တသက်လုံး  သောက်သွားရမှာ။ ဆေးဘိုးမပြောနဲ့ အခုကျန်းမာလာတာတောင်
အိမ်ကကျွေး၊ အဖွဲ့က အာဟရလေးထောက်ပံ့နေလို့ပါ။ ဒီ ARV ဆေးအကြောင်း စဉ်းစားရင် စိတ်ဆင်းရဲရတယ်။
အိမ်မိသားစုဆိုတာကလဲ ဘယ်နှစ်လအထိ ဝယ်ပေး နိုင်မှာလဲ။ တနေ့စာ တနေ့တောင်မှ အလျင်မီရုံ
ရှိတာပါ။ ဒီကြားထဲ ကိုယ့်ဝင်ငွေကလဲ ရှိတာမဟုတ်ဘဲ နဲ့ သူတို့ကျွေးနေတာကိုဘဲ ကျေးဇူးတင်နေရတာပါ။

 

အိမ်မှာ ကိုယ်တိုင်ပင်လို့ရတဲ့ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့
အဖေရှိပေမဲ့ ဘာမှမတတ်နိုင်တဲ့သူကို စိတ်ဆင်းရဲမှု မပေးချင်ပါဘူး။ ဒီလိုနဲ့ အဖွဲ့က ဦးတိုးလွင်က
ARV သောက်ရအောင် လာအားပေးပေမဲ့ ကိုယ်အခက်အခဲ ကိုယ်အသိဆုံးဖြစ်လို့  အမြဲတမ်းခေါင်းခါခဲ့ရတယ်။ ဆွေမျိုးအသိုင်းအဝိုင်း
ဆိုတာက လဲ ပြေးမကြည့်နဲ့ တွေးကြည့်ရုံနဲ့တင် ဘယ်သူဆီကမှ မမျှော်လင့်ရဲဘူး။

 

ကျန်းမာရေးပြန်မကောင်းတဲ့ ကျွန်မဟာ ဒီဆေးအကြောင်းတွေးရင်
ပိုစိတ်ဆင်းရဲခဲ့ပါတယ်။ TB ဆေး (၆)လပြည့်ပြီးရင် ARV သောက်သင့်တယ်ဆိုပေမယ့် အခုလို
အခုသောက်ရလောက်အောင် အဆင် မပြေနိုင်တာက ငွေကြေးပြဿနာပါ။ တနေ့တရက်ထဲ သောက်ရမှာမဟုတ်ဘဲ
တသက်တာလုံး အတွက် သောက်ရမဲ့  ဆေးဖြစ်နေလို့ပါ။

 

ကျွန်မတို့အိမ်မိသားစုကလဲ များပြီး အဖေရဲ့ ဝင်ငွေကရှိတာမဟုတ်တော့
အမေရဲ့ဝင်ငွေ မောင်/ညီ မတွေရဲ့လုပ်အားနဲ့ နေ့စဉ်စားဝတ်နေရေး ဖြေရှင်းနေရတာ ဒီဆေးဖိုးအကြောင်းကို
ကျွန်မဘယ်လို ပြောရမလဲ မစဉ်းစားတတ်ဘူး။

 

ဒီလိုနဲ့တရက်မှာ ဦးတိုးလွင်ရောက်လာပြီး ARV ဆေးသောက်ဖို့အတွက်
ဆေး (၃) လစာ အလှုရှင် ရှာတွေ့ကြောင်း၊ (၃) လဆေးသောက်ပြီး ကျန်းမာလာရင် ကိုယ့်ဆေးဘိုးကို
အလုပ်လုပ်ရင်း ရှာဖွေနိုင်ကြောင်း ရှင်းပြတယ်။ အဖွဲ့ဆရာဝန်ဆီ သွားရောက်တိုင်ပင်ပြီး
(၂၄.၁.၂၀၀၉) ရက်နေ့မှာ ARV ဆေးစသောက်ရတယ်။ ARV ဆေးသောက်ပြီး (၃) ရက်လောက်မှာ တစ်ကိုယ်လုံး
အနီစက်တွေ ထွက်လို့ ဆေးခန်းပြေးရပြန်တယ်။ ဆေးမတဲ့တာကြောင့် အစားအသောက်ပျက်ခဲ့တယ်။ နောက်ပိုင်း
ဆေးပြောင်းပြီးမှ ပြန်ကျန်းမာလာတယ်။

 

အခုဆိုရင် အဖွဲ့လူကြီးတွေရဲ့ ဆက်သွယ်ပေးမှုကြောင့် မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းက ပြုလုပ်တဲ့ စီမံချက်မှာ စေတနာ့ဝန်ထမ်းဝင်ရောက်လုပ်ကိုင်နေပါတယ်။ ရွှေခြင်္သေ့ဘက်မှာလဲ
စေတနာ့ဝန်ထမ်း လုပ်ပေးတဲ့အတွက် စီမံချက်လစာနဲ့ ရွှေခြင်္သေ့ထောက်ပံ့ငွေတို့ကြောင့်
ARV ဆေးဆက်သောက် နေနိုင်ပါတယ်။ ကျွန်မဘဝမှာ ဟိုတုန်းက မသိသေးတဲ့ HIV အကြောင်းတွေ၊ အရင်တုန်းကမသိခဲ့တဲ့
ကျန်းမာရေးအသိတွေ၊ မဆုံမတွေ့ဘူးတဲ့ ဘဝတူတွေနဲ့ ထိတွေ့ဆက်ဆံလာရတဲ့အတွက် ဘဝမှာ ရှင်သန်ခွင့်
တန်ဖိုးကြီးလှပါတယ်။

 

အိမ်တိုင်ရာရောက် ဘဝတူတွေကို သွားရောက်တွေ့ဆုံတဲ့အခါမှာလည်း
အိပ်ယာထဲက မထနိုင်သေး တဲ့ ကိုယ်ရဲ့ဘဝတူတွေကို ဟိုတစ်ချိန်တုန်းက အိပ်ယာထဲကဘဝကို စာနာပြီး
သူတို့ကို စာနာမှု အပြည့်နဲ့ အားပေး နှစ်သိမ့်ခဲ့တယ်။ တစ်ချို့မိဘဆွေမျိုးတွေ ဘေးမှာရှိတဲ့အချိန်ဆိုရင်
အခုလိုပြန်ပြီး ကျန်းမာရေးကောင်းလာတဲ့ ကျွန်မကို တအံ့တသြနဲ့ မေးမြန်းကြတယ်။ ကိုယ်တိုင်ကဖွင့်ပြောပြီး
ရင်းနှီး မှုရခဲ့အတွက် သူတို့မေးသမျှကို နားလည်လက်ခံလာအောင်ရှင်းပြပြီး ဘဝတူတွေကို ပစ်ပယ်ခွဲခြားမှု
တွေ မရှိလာအောင် ပြောပြတယ်။ ကိုယ်တိုင် စေတနာ့ဝန်ထမ်းဝင်လုပ်တဲ့အခါမှာ ကျွန်မအိပ်ယာထဲလဲ
တုန်းက စေတနာအပြည့်နဲ့ ဂရုတစိုက် စောင့်ရှောက်ပေးတဲ့ ကြည်လင်းဉာဏ်နဲ့အဖွဲ့က လူတွေကို
စာနာမိလာတယ်။ အချိန်၊ သွားလာမှု၊ အကြင်နာတွေအားလုံးဟာ တကယ်တော့ တော်တန်ရုံ စေတနာနဲ့
လူတိုင်းမလုပ်နိုင်တဲ့အတွက်ပါ။ PLHA ဆိုတာနဲ့ ခွဲခြားခံနေရတဲ့ လူသားတစ်ယောက် ရဲ့ဘဝကို
လူဘောင်ထဲပြန်ရောက်အောင် ဖေးမတွဲခေါ်ခဲ့တဲ့ စေတနာတွေကို သိလာခဲ့ရတယ်။

 

တစ်ရက်မှာတော့ အဖွဲ့ကလွှတ်တဲ့အတွက် ရွာက ဘဝတူတစ်ယောက်ဆီသွားခဲ့တယ်။
ရင်းနှီးပြီးသား လူလဲဖြစ်နေတာကြောင့် ဝေးလွန်းတဲ့ခရီးကို တွေ့ချင်စိတ်နဲ့ သွားခဲ့တယ်။
ရွာရောက်တော့ သူ့ကိုတွေ့ လိုက်ရတာ ကျွန်မရင်ထဲမှာ 
မကောင်းပါဘူး၊ အိမ်ဝင်းထဲရဲ့ဘေးမှာ တဲလေးထိုးပြီး ထားတယ်၊ ခုတင် ပေါ်မှာ ပက်လက်ဖြစ်
နေတဲ့သူက ကျွန်မတို့ဘဝတူတွေ သူ့ဆီလာတယ်ဆိုပြီး ဝမ်းသာလွန်းလို့ ငိုရှာတယ်။ သူ့မိသားစုက
ဂရုစိုက် ပေမယ့် အိမ်နီးနားချင်းတွေက သူ့ကြောင့် အိမ်အဝင်အထွက် မရှိတော့ကြောင်း အမဖြစ်သူက
ရှင်းပြပါတယ်။ ခြေသည်းလက်သည်းတွေ ရှည်နေလို့ ကျွန်မညှပ် ပေးနေချိန်မှာ အိမ်နီးနားချင်းတွေက
သူတို့အိမ်ဝင်းထဲကနေ လှမ်းကြည့်နေကြတယ်။ မိသားစုကလဲ ပစ်မထားပေမဲ့ တသီးတခြားခွဲထားတာကို
တွေ့ခဲ့ရပြီး ပတ်ဝန်းကျင်ရဲ့ ခွဲခြားမှုကို ခံရတဲ့ သူ့အကြောင်း စဉ်းစားရင်း အိမ်အပြန်လမ်းမှာ
စိတ်မကောင်း ဖြစ်ရတယ်။ မကြာခင်မှာပဲ သူဆုံးသွားခဲ့ရတယ်။

 

ကျွန်မတို့ဘဝတူတွေ စုပေါင်းမိတဲ့ နောက်ပိုင်းမှာ ကိုယ့်အားကိုယ်ကိုး
အဖွဲ့လေးတွေ (၁၀) ယောက် တစ်ဖွဲ့၊ (၁၅) ယောက်တစ်ဖွဲ့ ထူထောင်ကြတယ်။ အပတ်စဉ် ဆုငွေထည့်ပြီး
အရင်းအနှီးများလာရင် လုပ်ငန်း တစ်ခုထူထောင်မယ်။ အဖွဲ့အစည်းထဲက မကျန်းမာသူရှိရင် ထောက်ပံ့မယ်ဆိုတဲ့
ရည်ရွယ် ချက်ထားပြီး ဖွဲ့စည်းတယ်။ ဖွဲ့စည်းကာစအချိန်မှာ အားလုံးတက်ကြွကြပေမယ့် နောက်ပိုင်းမှာ
လူတွေ က လစဉ် တစ်လ(၂) ကြိမ် တောင် မဆုံဖြစ်ခဲ့ပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ ဖြစ်နေတာကြောင့်
သဘောထားကွဲလွဲမှုတွေ ရှိလာပါတယ်။ တချို့ကလဲ လူကနေမကောင်းလို့ ၊တချို့လည်း လူနေ ကောင်းပေမယ့်
အချိန်မရလို့ ဆိုတာတွေ ဖြစ်လာ ပါတယ်။ ဝင်ငွေရမဲ့ အလုပ်တစ်ခု လုပ်မယ်လို့ အခြေတည်ပြီး
ဆွေးနွေးမိခဲ့ရင်လဲ (၁၅) ယောက်ရှိရင် (၅) ယောက်လောက်ပဲ တကယ်စိတ်ဝင်တစား ရှိတာနဲ့ ကြုံလာပါတယ်။

 

အဓိက အားနည်းချက်က တစ်ယောက်ကိုတစ်ယောက် လေးစားမှုနဲ့ အဖွဲ့ကို
မှန်ကန်တဲ့စည်းကမ်း မချမှတ်နိုင်ခဲ့ကြဘူး။ ညှာတာထောက်ထားမှုနဲ့ လျော့နည်းတဲ့စည်းကမ်းတွေကြောင့်
အဖွဲ့အစည်း မခိုင်မာ ခဲ့ပါဘူး။ ကိုယ်တိုင်ကလဲ တစ်ခါတလေ အစည်းအဝေးရက်တောင် မအားတာနဲ့
ကြုံတတ် ပါတယ်။ ဟိုတုန်းက တော့ SHG ဆိုတဲ့အပေါ်မှာ မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေနဲ့ပါ။
အခုတော့ အဖွဲ့အစည်းတစ်ခု တည် ထောင်ရင် တက်ညီလက်ညီနဲ့ ဝိုင်းဝန်းပြီး အကောင်အထည်ဖော်မှ
ပီပြင်မှာ ကို သိလာခဲ့တယ်။ ခေါင်းဆောင် ရယ်၊ အဖွဲ့သားရယ် မခွဲခြားဘဲ ကိုယ်တိုင်အားလုံး
ပူးပေါင်းမှ ခိုင်မာ မှာပါ။

 

အခုတော့ မခိုင်မာတဲ့ SHG ကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြုပြင်မလဲဆိုတာ
ဝိုင်းဝန်းဆွေးနွေးကြပါ တယ်။ နောင်လာမဲ့ အချိန်တွေမှာ မအောင်မြင်တဲ့ SHG တွေကို နမူနာယူပြီး
ချမှတ်ထားတဲ့ စည်းကမ်း တွေကို လိုက်နာမဲ့သူတွေ စုပေါင်းပြီး SHG ပြန်ထူထောင်လာအောင်
ဆွေးနွေးကြပါတယ်။

 

အခုဆိုရင် ကျွန်မဆေးသောက်တာ (၂) နှစ်တာ ကာလထဲသို့ ရောက်နေပါပြီ။
အမှန်တိုင်းပြောရရင် အချိန် တိကျ၊ ရက်မပျက်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ခါတစ်လေ (၈) နာရီထိုး
မနိုးသေးတာနဲ့၊ (၈) နာရီထိုးချိန်မှာ လမ်းပေါ်မှာ ရှိနေတုန်းမို့ အချိန်ကျော်သွားတာနဲ့
ဆေးသောက်မပျက်အောင် အတော် ဂရုစိုက်နေရပါတယ်။ ဒီကြားထဲ တစ်လနဲ့တစ်လ ဆေးဖိုးကို မနည်းရှာရပါတယ်။
ဘယ်မြို့မှာ ARV ဆေးအခမဲ့ရတယ်လို့ကြားရင် ကျွန်မ အဲဒီ မြို့ကလူ ဖြစ်ချင်လိုက်တာ။ အဲဒီက
PLHA ဘဝတူတွေ ကံကောင်းပါတယ်။

 

မန္တလေးမှာ ဆေးရတယ်။ ဒါပေမဲ့ TB ရှိတဲ့သူရယ်၊ ကလေးရယ်၊ ကိုယ်ဝန်ဆောင်မိခင်ရယ်မှဆိုတော့
ကိုယ့်မျှော်လင့်ချက် ဝေးခဲ့တယ်၊ ဒါပေမဲ့ ၂၀၁၁ ရောက်ရင် ရမယ်ဆိုတဲ့ အသံလေးတော့ ကြားရတယ်။
သွေးဖေါက်စစ်၊ စာရင်းသွင်းဘို့သွား၊ တလတခါ စထရင်သွား သွားထုတ်နေရတဲ့အတွက် တစ်ခါ တစ်လေ
ကိုယ့်ဆေးဘိုး တောင် ပါပါသွားတယ်။ ဒါကြောင့် ကိုယ့်မြို့နယ်မှာ ARV ပေးတဲ့ စီမံချက်လေးသာရှိခဲ့ရင်
ကောင်းမှာပါ။ ကိုယ်တိုင်က အခုကျန်းမာလာလို့ ဒီဆေးဝယ် သောက်နိုင် တာပါ။ ဘဝတူတချို့
ARV သောက်သင့်နေချိန်မှာ မသောက်ရဘဲ သေသွားရတာဟာ ဈေးအရမ်းကြီး တာကြောင့်ပါ။ အခုဆို
ရွှေခြင်္သေ့အဖွဲ့ရဲ့ ထောက်ပံ့ကူညီမှု၊ လိုက်လံဆောင်ရွက်ပေးမှု တွေကြောင့် မန္တလေး၊ လားရှိုးမြို့တွေအထိ
ဆေးထုတ်ယူသောက်ခွင့် ရတဲ့သူ ရနေကြပါတယ်။

 

ကျွန်မကတော့ ကိုယ့်အသက်ကို လှေကားထစ် တက်သလို မွေးနေတာပါဘဲ၊
ဒီတစ်နှစ်ပြီးရင် နောက် တစ်နှစ် ဆိုပြီး ကိုယ့်ဘာသာ အားပေးတယ်၊ ရှိနေတဲ့အချိန် ရနေတဲ့ဘ၀ကိုလဲ
အကျိုးရှိအောင် နေမယ်လို့ ဆုံးဖြတ်ထားတယ်၊ မိသားစုထဲမှာလဲ ကိုယ်ရှိနေတယ်၊ ဒါကြောင့်
မသေခင် သူတို့အပေါ်မှာ ဘာတွေ ကောင်းခဲ့တယ် ဆိုတာ ကျန်ခဲ့ချင်တယ်၊ ဘ၀တူတွေထဲမှာလဲ နားလည်မှုတွေနဲ့အတူ
HIV ဆိုတာ ချက်ချင်းသေသွားတာ မဟုတ်ဘူး၊ ငါတို့တတွေ ဒီအလုပ်တွေ လုပ်ခဲ့ကြတယ်ဆိုပြီး
နောက် လူတွေ သိစေချင်တယ်။

 

တစ်ချိန်မှာ ရလာမဲ့ ARV စီမံချက်မှာ ကိုယ်တိုင်ပါဝင်ပြီး
လုပ်ကိုင်ချင်တယ်၊ ဟိုတုန်းကနဲ့ မတူတဲ့ စိတ်တွေကြောင့် ငါမသေခင် ဘာလုပ်ခဲ့မလဲဆိုတာ
အမြဲတွေးထားတယ်၊ အိပ်ယာထဲလဲခဲ့တဲ့ ဘ၀ ကနေ သာမန်လူလို နေနိုင်လာတဲ့အတွက် ရှေ့ဆက်ရမယ့်ခရီးမှာ
မျှော်လင့်ချက်တွေ အများကြီးထား ပါတယ်……….

 

မသက် (ပစ်တိုင်းထောင်)

မေ ၁၄၊ ၂၀၁၁

 

မိုးမခ - ဒီတစ်နှစ်ပြီးရင်
နောက်တစ်နှစ်

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top