(အေအိုင်ဒီအက်စ်
ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကျမဘဝကို ပြောပြရရင် နည်းနည်းရှည်ပါလိမ့်မယ်။
သည်းခံပြီး ဖတ်ပေးပါလို့ အနူးအညွတ် တောင်းပန် ပါရစေရှင်။ ကျမနာမည် မျိုးမျိုးပါ၊ အသက်
၃၃နှစ် ရှိပါပြီ…
ကျမအမျိုးသားနာမည်က ကိုစောထွန်းပါ… ကျမက …….သူ၊ သူက …….သားပါ၊ သူ့အကိုဆီမှာနေပြီး ပန်းတိမ်လုပ်ငန်း
လုပ်ပါတယ်။ ကျမက ကွမ်းယာရောင်း တယ်၊ ကွမ်းယာလာစားရင်းတွေ့ပြီး ကျမတို့ ယူလိုက်ကြ ပါတယ်…
ကိုနဲ့လက်ထပ်ပြီးတော့ ကျမတို့ ရန်ကုန်ကို ပြောင်းခဲ့ကြတယ်။ ရန်ကုန်မှာ ဗွီဒီယိုဖြန့်ချီရေးလုပ်ငန်း
လုပ်ပါတယ်။ နယ်တွေဆင်းပြီး ခွေဖြန့်ရပါတယ်။ ဒီလိုနဲ့ပဲ သမီးဦးလေးကို မွေးခဲ့ပြီး၊
ဒီအချိန်ထိ ကျမတို့ မိသားစုလေးဟာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးပေါ့။ ကျမဘဝမှာ
ကျမသိပ်ချစ်တဲ့ ကိုရယ်၊ သမီးလေးရယ် ဘာမှ မလိုအပ်တော့လောက်အောင်ပဲ ပြီးပြည့်စုံသလို
အရမ်းကို စိတ်ချမ်းသာ ပျော်ရွှင်ခဲ့ ပါတယ်။
ရန်ကုန်မှာ ၅ နှစ်နေထိုင်ပြီး ကို့ဇာတိဖြစ်တဲ့ မကွေးမြို့မှာပဲ အပြီးတိုင်အခြေချမယ်ဆိုပြီး
မကွေးကို ပြောင်းရွေ့ ခဲ့တယ်။ မကွေးမှာပဲ သားငယ်လေးကို မွေးဖွားခဲ့တယ်။ ကလေးဆက်သွားတဲ့အတွက်
သမီးနဲ့သားလေးဟာ ၁-နှစ်ပဲကွာလိုက်တယ်။ ကိုဟာ ပန်းတိမ်လုပ်ငန်းကို ပြန်လုပ်ခဲ့ပါတယ်။
ကျမရယ် ကိုရယ်၊ သမီးလေးရယ်၊ သားလေးရယ်၊ မိသားစု ၄ ယောက်ဟာ ဘာမှပြဿနာမရှိ၊ အေးချမ်းစွာပဲ
ပျော်ရွှင်ခြင်းတွေနဲ့ နေထိုင် လာခဲ့ ကြတုန်း ကျမရဲ့ကို ခဏခဏ ဖျားလာပါတယ်။
ကျန်းမာရေးဖောက်ပြန်လာလို့ ဆေးခန်း၊ အထူးကု သမားတော်ကြီးဆီမှာ သွားပြတယ်။
2003 ခုနှစ်လောက်ကပေါ့။ သွေးစစ်ပါဆိုလို့ သွေးစစ်ကြည့်လိုက်တော့ ကျမတို့ မျှော်လင့်မထားတဲ့
သိပ်ပြီး ကြောက်စရာကောင်းတဲ့ သေမင်းတမန်ကြီးဖြစ်တဲ့ ကုရာဆေးမရှိတဲ့ HIV ခေါ် AIDS တဲ့၊ အို ဘုရားသခင် ကျမလက်မခံနိုင်ဘူး။ မယုံကြည်နိုင်ဘူး။
ကျမတို့ သိတဲ့အချိန်က အရမ်းကို နောက်ကျ ခဲ့ပါပြီ။
၆-လ လောက်ပဲ နေရတော့မယ်တဲ့။ သူ့စားချင်တာကျွေးပါ၊ စိတ်ချမ်းသာအောင်ထားပါတဲ့၊
ဖြစ်နိုင်ပါ့ မလား။ ကျမတို့ သိပ်ချစ်တဲ့ကို၊ မိသားစုအပေါ်မှာ အလွန်တာဝန်ကျေပွန်ခဲ့သူ၊
စိတ်သဘောထား ကောင်းမွန်တဲ့သူ၊ ရိုးသား ကြိုးစားခဲ့သူ၊ မိသားစုကို ချမ်းချမ်းသာသာနဲ့
ထားချင်ခဲ့သူဟာ အခုလို ရောဂါဆိုးကြီး ရှိနေခြင်းဟာ မထိုက်တန်ပါဘူး။ လုံးဝမတရားပါဘူး။
ဒါပေမဲ့ အခုချိန်မှတော့ ဘာမှမတတ်နိုင်တော့ပါဘူး။ ကံတရားက ရက်စက်တာလား။ ဘယ်သူ့ကို အပြစ်တင်ရမလဲ၊ အိပ်ရာထဲ
လဲနေတဲ့ကိုလား၊ ကို့ကိုနာကျည်း စိတ်နာရ လောက်အောင် ကျမ အသည်းမမာပါဘူး။ ဘာပဲဖြစ်ဖြစ်လေ
ကျမမိသားစုအတွက်၊ ကို့ဆေးဖိုး၊ ကို့ရဲ့နောက်ဆုံး အချိန်ကို အကောင်းဆုံးဖြည့်ဆည်းဖို့
ကျမ အလုပ်လုပ်ပါပြီ။
၂-လုံး ၃-လုံး ရောင်းခဲ့တယ်။ အဲဒီတုန်းက အဲဒီအလုပ်က အရမ်းအလုပ်ဖြစ်တယ်လေ။
ကို ကံကောင်းတယ် ထင်ပါရဲ့၊ ဝင်ငွေအရမ်းကောင်းခဲ့တယ်။ ကိုစားချင်တာ ဝယ်ကျွေးနိုင်တယ်၊
ဆေးကု နိုင်ခဲ့တယ်။ ဒါပေမဲ့လေ ဆေးဘယ်လောက်ကုကု ဒီရောဂါက ပျောက်တဲ့ရောဂါမဟုတ်တော့ ၆
-လဆိုတဲ့ အတိုင်းအတာကို ၁ နှစ်ထိပဲ ဆွဲဆန့်နိုင်ခဲ့တယ်။ ၁-နှစ်ပြည့်တဲ့အချိန်မှာတော့
ကို့ရောဂါ သည်းလာခဲ့တယ်။
ကို့ရောဂါသည်းတဲ့ အချိန်ဟာ အရမ်းပူတဲ့ တပေါင်းလကြီးလေ၊ ပူလွန်းလို့ အဝတ် မကပ်နိုင်တော့ဘူး။
မြေကြီးကိုရေဖြန်း၊ ဝါးကပ်ကလေးနဲ့ ဝေဒနာကို
မချိမဆန့် ခံစားနေရရှာတယ်။ သနားလွန်းလို့ သွေးပျက်မတတ် ငိုကြွေးခဲ့ရတယ်။ ကျွန်မငိုတာကို
ကြည့်ပြီး ငါ့မိန်းမရယ် မငိုနဲ့နော်တဲ့။ သူ့ရဲ့ နောက်ဆုံးအချိန် ရောက်နေတာတောင် ကျွန်မငိုတာကို
မကြည့်ရက်ခဲ့ဘူး။ အပြင်ထွက်ပြီး အလုပ်လုပ် ရင်လည်း ငါ့မိန်းမမြန်မြန်ပြန်ခဲ့နော်၊ ကျွန်မကို
စိတ်မချဘူး၊ စိတ်ပူလို့တဲ့လေ။
မှတ်မိနေသေးတယ်၊ တစ်ညမှာတော့ ကျွန်မ ပင်ပန်းလွန်းလို့ မှေးကနဲ အိပ်ပျော်သွားတဲ့အချိန်မှာ
သူက ငုတ်တုတ်ကြီး ထထိုင်လို့၊ အရိုးပေါ်အရေတင်နေတဲ့လက်နဲ့ ကျွန်မကို ထိလိုက်တဲ့အချိန်မှာ
ကျွန်မလန့်နိုး လာတယ်။ အရိုးခြောက်ကြီး ငုတ်တုတ်ထိုင်နေတာ မြင်ရတော့ အရမ်းထိတ်လန့်သွား
တယ်။
“ဘာလုပ်တာ လဲဟင်” လို့မေးတော့
“မင်းကိုနှိပ်ပေးမလို့” တဲ့၊ “ငါ့မိန်းမအရမ်းပင်ပန်းတယ်”တဲ့၊
ကျွန်မအံ့သြဝမ်းနည်းလွန်း လို့ အရမ်းကို ငိုတော့တာပဲ။
“မငိုပါနဲ့ ငါ့မိန်းမရယ်” တဲ့၊ သူကချော့နေပြန်တယ်။
သိပ်ချစ်စရာကောင်းတာက ကျွန်မကို သူ့အမှားတွေကို ဝန်ခံခဲ့တယ်။ အပေါင်းအသင်းတွေကြောင့်
သူတကယ်မှားခဲ့ ပါတယ်။ အမှားကို ဝန်ခံတဲ့ သတ္တိတစ်ခုနဲ့တင် ကျွန်မသူ့ကို ခွင့်လွှတ်တဲ့အပြင်
ပိုသနားတယ်၊ ပိုပြီး ချစ်သွားခဲ့တယ်။
ဒီလိုနဲ့ပဲ ကို့ရဲ့နောက်ဆုံးအချိန်ရောက်တော့ ဝေဒနာမခံစားနိုင်လို့ ထင်ပါရဲ့၊
သူ့ကိုယ်သူ သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်မတို့လဲ မလွတ်တမ်း စောင့်ကြည့်ခဲ့တယ်။
နေ့လည်း မအိပ်တော့ ဘူး၊ ညလည်း မအိပ်တော့ဘူး။ ကယောင်ခြောက်ချားနဲ့ ဘာတွေပြောမှန်းလည်း
မသိတော့ဘူး။ အသားဆိုတာ လုံးဝမရှိတော့ဘဲ အရိုးပဲ ကျန်တယ်၊
သူ့ဘေးနားမှာ သူ့အမျိုးအသိုင်းအဝိုင်းတွေ ဝိုင်းဝိုင်းလည်လို့ပေါ့၊ သူ့အမေကတော့
အရမ်းငိုကြွေးရှာ တယ်။ သူ့အဖေကတော့ အံကြိတ်ထားတယ်။ သူ့အမတွေလည်း ငိုလို့ပေါ့။ ကျွန်မစိတ်တွေ
ဆောက် တည်ရာမဲ့နေပြီး၊ ပဋာမြေလူးဆိုတာ ဒါမျိုးထင်ပါရဲ့၊ သူ့ကိုမကြည့်ရက်တော့လို့ သူ့အနားမှာ
မနေချင် ညတော့လောက်အောင် စိတ်တွေမွန်းကြပ်နေတယ်။ သူသေတော့မယ်တဲ့၊ သူ့အဖေနဲ့ အမေကို
လက်အုပ်ချီပြီး ကန်တော့တယ်။ သူ့သမီးကိုလည်း သမီးစာကြိုးစားနော်လို့ မှာတယ်။
နောက်(၂)ရက်မှာတော့ သူရေလဲ မသောက်တော့ဘူး၊ ဘာမှလဲ မစားတော့ဘူး။ သူ့ရဲ့နောက်ဆုံး
ထွက်သက် ကို စောင့်နေရှာပြီ။ မနက်ပိုင်းမှာ
ပေါင်မုန့်နဲ့ ကော်ဖီနည်းနည်း ကျွန်မ ခွံကျွေးခဲ့တယ်။ အစာစားလို့ ကျွန်မကတော့
ဝမ်းသာလို့ပေါ့၊ သူ့သေနေ့ဆိုတာကို ကျွန်မမသိခဲ့ဘူး။ သနားစဖွယ်ကြည့် နေရှာတဲ့ သူ့နဖူးလေး
ကို နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ ကျွန်မနမ်းခဲ့တယ်။
ည(၇)နာရီမှာတော့ သူချစ်တဲ့အရာအားလုံးကို ကျောခိုင်းပြီး လူ့လောကကြီးထဲက အပြီးတိုင်ထွက်ခွါ
သွားခဲ့တယ်။
တပေါင်းလပြည့်ကျော်(၁၄)ရက်၊ ကြာသပတေးနေ့၊ ည(၇)နာရီတိတိမှာ ကျွန်မဘဝထဲက အပြီးတိုင် ထွက်ခွါ သွားခဲ့တယ်။ ကျွန်မလဲ သတိလက်လွတ် မေ့မျောနေခဲ့တယ်။ ကျွန်မအသည်းတွေ ကြွေမွပျက်စီးကုန်ပါပြီ။
အရူး တစ်ယောက်လိုပဲ အော်ဟစ်နေမိတယ်။ အိပ်ချိန်စားချိန် ဘာမှမသိ တော့ဘူး။
ကျွန်မအသိထဲမှာ သူသေပြီးရင် ငါလည်း သေရတော့မယ်။ ငါမြန်မြန် သေသွားတာပဲ ကောင်းပါတယ်လို့ တွေးမိတယ်။ သားသမီးတွေလဲ လှည့်မကြည့်နိုင်တော့ အဲဒီစိတ်နဲ့ပဲ ကျွန်မအိပ်ရာထဲ
လဲခဲ့တယ်။ ယောက္ခမတွေက နင်သေလို့မဖြစ်သေးဘူးလေ၊ နင်သေရင် နင့်ကလေးတွေ မိမဲ့ဖမဲ့ဖြစ်
သွားမှာပေါ၊့ ဖခင်မရှိတော့တဲ့ သားနဲ့ သမီး အတွက် နင်အသက်ရှင်ရမယ်လို့ သူ့အမျိုးတွေ ဝိုင်းပြီး
အားပေးကြတယ်။ ဆရာဝန် အိမ်ပင့်ပြီး ဆေးကုခဲ့တယ်။
ဟုတ်တယ်နော်၊ ကျွန်မ အားတင်းလိုက်တယ်။ ကျွန်မ အသက်ရှင်မှ ဖြစ်မယ်၊ ကိုယ့်ကိုယ်ကိုယ်
မသနားရင် တောင်မှ သားနဲ့သမီးကို သနားရမယ်။ ကျွန်မစိတ်ကို ပြန်တင်းလိုက်တယ်။ နေကောင်းအောင် ကြိုးစားခဲ့တယ်။ အလုပ် ပြန်လုပ်တယ်။ ကို့အသိုင်းအဝိုင်းက ကျွန်မကို ချစ်ကြတယ်၊
ဝိုင်းပြီး စောက်ရှောက်ကြတယ်။
ကိုသေပြီး (၁)နှစ်လောက်အထိ မကွေးမှာ နေခဲ့တယ်။ နောက်တော့လဲ ကိုမရှိတော့ အဲဒီမှာ
မနေချင်တော့ဘူး။ ကိုသေသွားပေမဲ့ ကို့ကိုညတိုင်း အိပ်မက်မက်တိုင်း အိပ်မက်ထဲမှာ ကိုမသေဘူးတဲ့၊ ကျွန်မဆီ ပြန်ပြန်လာတယ်၊ ပြောသေးတယ်။ တကယ်သေတာ မဟုတ်ဘူးတဲ့၊
သေချင်ယောင် ဆောင်ခဲ့တာတဲ၊့ ကျွန်မပိုပြီး ရူးသွပ်ခဲ့တယ်။ တကယ်လားလို့ သံသယဖြစ်လောက်အောင်
စိတ်တွေ ခြောက်ချားခဲ့တယ်။ ကြာတော့ အဲဒီအိပ်မက်ကို မမက်ချင်တော့ဘူး။ ညအိပ်ရမှာကို ကြောက်နေ
မိတယ်။ ကိုဟာ ကျွန်မရဲ့အနီးအနားမှာပဲ ရှိနေခဲ့သလား၊ ကို့အရိပ်ဟာ ကျွန်မကို ခြောက်နေခဲ့တယ်။
ကြာတော့ကျွန်မလည်း ဒီမှာ မနေချင်တော့ဘူး။ ဒါကြောင့် ကျွန်မမွေးရပ်မြေကို အပြီးပြန်ခဲ့တယ်။
ကျွန်မ မိဘတွေဆီ ကိုပေါ့၊ ကျွန်မကို PLHA တစ်ယောက်လို့ ပတ်ဝန်းကျင်က မသိဘူးထင်တာဘဲ၊
ဘယ်အိမ်ကိုမှလဲ မလည်တတ်လို့ သူတို့သဘောထား မသိခဲ့ရပေမဲ့ အိမ်က မိသားစုကတော့
ခွဲခြား တယ်လို့ ထင်တယ်။
ကိုသေပြီး (၅)နှစ်လောက်မှာ ကျမလည်း ကျန်းမာရေး ဖောက်လာခဲ့တယ်၊ အိပ်ယာထဲ လဲနေချိန်မှာ
ဆေးခန်း သွားဖို့ အခက်ကြုံခဲ့တယ်၊ ညီမတွေလည်း အားကိုးလို့ မရခဲ့ဘူး၊ အဖေဆိုတာလည်း ငါ့သမီး
နေကောင်းလားလို့ ယောင်လို့ တောင် မမေးခဲ့ဘူး၊ အမေကတော့ စက်ဘီးနဲ့ လိုက်ပို့ခဲ့တယ်၊
ကျမနေ မကောင်းနေချိန် ပြုစုခဲ့တယ်၊ ကျွန်မ စားချင်တာလေး လုပ်ကျွေးခဲ့တယ်၊ အားကိုးရတဲ့
မိခင် တစ်ယောက်ပါ၊
နောက်ပိုင်း သူငယ်ချင်း တစ်ယောက်ရဲ့ဖေးမမှုနဲ့ ရွှေခြင်္သေ့အဖွဲ့နဲ့ ချိပ်ဆက်မိပြီး
အဖွဲ့ကစေတနာ့ ဝန်ထမ်းတွေက အိမ်အထိ ရောက်လာပြီး စောင့်ရှောက်ကြတယ်၊ သူငယ်ချင်းက
PLHA လေ၊ သူက အဲဒီအဖွဲ့မှာ ဘ၀တူတွေကို နှစ်သိမ့်ဆွေးနွေးပညာပေးတဲ့သူ ဖြစ်နေပြီ၊ သူတို့တွေကဘဲ
ဆေးခန်း လိုက်ပို့ကြတယ်၊ သူနာပြုခေါ်လာပြီး အိမ်အထိ ဆေးလိုက်ထိုးပေးကြတယ်၊ အဲဒီသူငယ်ချင်းကို
ကျမခဲအိုက ခေါ်လာတာ၊ အဲဒီတုန်းက ကျမသွေး မစစ်ရသေးဘူး။
ကျွန်မလေ ကိုယ့်ကိုကိုယ် PHA တစ်ယောက်ဆိုပြီး လူတွေသိမှာ အထင်သေးခံရမှာ အရမ်းကို
ရှက်ရွံ့ခဲ့ တယ်၊ ဒါကြောင့်လေ ပြန်ရောက်ခါစက ဒီအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရမှာ အဖွဲ့ကိုလာရမှာ
အရမ်းရှက်တယ်၊ ကြောက် တယ်၊ အိပ်ယာထဲလဲတော့မှ အားလုံးရဲ့စေတနာမေတ္တာ အားကိုးရမှုတွေ ကို
သိခဲ့ရတယ်၊ သေတွင်းက ဆွဲထုတ်ခဲ့ တယ်။
ကျွန်မလေအမှန်အတိုင်းဝန်ခံရရင် အိမ်ကမိသားစုထက် ဒီအဖွဲ့အစည်းကို အားကိုးခဲ့တယ်၊
ကျွန်မဘဝရဲ့ မျှော်လင့်ချက် အလင်းရောင်တွေပေးခဲ့တဲ့ လမ်းပြကြယ်ပါ၊ အခုချိန်မှာတော့ ဘာကိုမှ
မရှက်တော့ပါဘူး၊ အရှက်ထက် အသက်ရှင်ဖို့က အရေးကြီးတယ်ဆိုတာ သိခဲ့ရပါပြီ၊ လမ်းပျောက်ပြီး
အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ အားကိုးရာမဲ့ နေချိန်မှာ မိဘသဖွယ် စောင့်ရှောက်ခဲ့တယ်၊
ပင်လယ်ပြင် ကိုဖြတ်ကူးဖို့ လှော် တက်ပေးခဲ့သလို ပန်းတိုင်ကို အရောက်ပို့ခဲ့တဲ့ လှေကြီးတစင်းသဖွယ်ဖြစ်တာမို့
ကျွန်မနဲ့ ဘဝတူတွေကိုလည်း ဒီလှေကြီးကိုစီးပြီး လှော်တက်နဲ့ မိမိလိုရာပန်းတိုင်ကို
အတူသွားဖို့ လမ်းကမ်းပါရစေ၊ မရှက်ပါနဲ့၊ မကြောက်ပါနဲ့၊ HIV/AIDS ဆိုတာ ကျွန်မတို့ရဲ့
မိတ်ဆွေရင်းချာလို တသားတည်း ဖြစ်နေခဲ့ပါပြီ။
အခုဆိုရင် ကျွန်မဟာ ရွှေခြင်္သေ့အဖွဲ့ရဲ့စေတနာမေတ္တာကြောင့် HIV ပိုးထိမ်းဆေး
ARV သောက်နေ ရလို့ လူကောင်းလိုပဲ ဖြစ်နေပါပြီ။ မန္တလေးမှာ သွားပြပြီး CD4 စစ်တော့ (၅၅)
ဘဲ ရှိတော့တယ်၊၂၀၁၀ ခု၊၃-လပိုင်းက စသောက်တာ အခုဆိုရင် ၅-လရှိပါပြီ၊ ကျန်းမာရေးလဲ အရမ်းတိုးတက်
ကောင်းမွန်နေ ပါပြီ၊ ကျမ ကွမ်းယာပြန် ရောင်းတော့မှာပါ။
အခုဆိုရင် ရုပ်ပိုင်းရောစိတ်ပိုင်းရော ပြောင်းလဲလာပါပြီ၊ ဒီရောဂါရှိနေလို့
စိုးရိမ်စိတ် အားငယ်စိတ် ကြောက်စိတ် တွေလဲ လျော့ပါးသွားပါပြီ။
ဘာကြောင့်လဲဆိုရင် ရွှေခြင်္သေ့က စေတနာ့ဝန်ထမ်းများကြောင့်ပါ၊ ကိုယ့်အပေါ်မှာ
မခွဲခြားခဲ့ဘူး။ အမြဲတမ်း အားပေး နှစ်သိမ့်မှုတွေ ပေးခဲ့သလို အများကြီး ကူညီစောင့်ရှောက်ခဲ့ပါတယ်။
OI ကုပေးရုံ တင်မကဘဲ ARV ဆေးအလှူရှင်ပါ ရှာပေးလို့ ကျွန်မအသက်ဆက်နေရပါပြီ။ မိသားစုနဲ့လည်း
အဆင်ပြေခဲ့ပါပြီ။ သိပ်ပြီး ခွဲခြားခြင်း မခံရတော့ပါဘူး၊ ကျွန်မကိုယ်တိုင်ကလဲ အားလုံးနဲ့
အဆင်ပြေ အောင် အတတ်နိုင်ဆုံး ကြိုးစား သည်းခံခဲ့ ပါတယ်၊
ကျန်ရှိနေတဲ့ ကျွန်မရဲ့ဘဝကို အကောင်းဆုံးမဟုတ်တောင် ကျွန်မဘဝကို မြှင့်တင်နိုင်အောင်
ကြိုးစား ချင်ပါတယ်၊ ဘဝကိုယုံကြည်ချက် မျှော်လင့်ချက်တွေ ပြန်လည်ရရှိခဲ့ပါပြီ၊ မျှော်လင့်ချက်ဆိုတာ
လူမှာရှိလာတော့ ပန်းတိုင် ဆိုတာလဲ ရှိခဲ့ပါပြီ။ ဒီရောဂါကို လက်ဆောင်ပေးခဲ့တဲ့ ကျွန်မရဲ့
ခင်ပွန်းကိုတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ။
ဒီရောဂါကြောင့်ပဲ စိတ်ထားမွန်မြတ်တဲ့ ဆရာသမားတွေ မိတ်ဆွေမောင်နှမတွေနဲ့ သိကျွမ်းခင်မင်ခွင့်
ရတဲ့အပြင် ဒီရောဂါနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အသိပညာတွေလည်း ရရှိခဲ့ပါတယ်။ နောက်ပြီး အဟာရနဲ့
ကလေး ကျောင်းစရိတ်ကအစ ထောက်ပံ့ပေးခဲ့လို့ အထူးပင် ကျေးဇူးတင်ပါတယ်လို့ ဘဝတူများ ကိုယ်စားပြောကြားပါရစေ။
ဆရာသမားအားလုံးကိုလည်း ကျန်းမာချမ်းသာပါစေကြောင်းနဲ့ ညတိုင်း ဦးခိုက် ကန်တော့ရင်း
……..။
လူ့ဘဝမှာ
တာဝန်ဝတ္တရားတွေ များလွန်လှတယ်
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျနိုင်ဘူးလေ။
အနေခက်ပေမယ့်
နေတတ်အောင်ကြိုးစားရမယ်
လူ့ဘဝကိုရောက်ရှိပြီးနောက်
သေဖို့အဆင်သင့်ဖြစ်နေရမယ်
အဆင်မပြေတဲ့
အခက်အခဲတွေကို လှေကားသဖွယ် နင်းဖြတ်ပြီး
ကိုယ်ရောက်ချင်တဲ့
ဘဝရဲ့ပန်းတိုင်ကို လျှောက်လှမ်းရမယ်
မနက်ဖြန်တိုင်းအတွက်
ဒီနေ့ဟာအစပါဘဲ ……………။
မျိုးမျိုးမေ
ဧပြီ ၂၉၊ ၂၀၁၁
မိုးမခ - ဒီနေ့ဟာ
အစဖြစ်တယ်




