ပြော
မပြောချင်ပါဘူးဗျာ။
ကျုပ်သားလေး အငယ်ကောင်ပေါ့ မိတဆိုးလေးမို့ အလိုလိုက်ထားတာ၊ ပေါက်ကရတွေ
လျှောက်လုပ်နေတယ်။ အကြီးကောင်ကတော့ ဘွဲ့ရပြီး အိမ်ထောင်နဲ့ သူ အဆင်ပြေနေပြီ။ ဒီကောင်ကျမှဗျာ။
တကယ့်ကို မလွယ်ကြော၊ မိန်းမယူဆိုတော့လဲ မယူချင်။ ဒါဖြင့် ယောကျာ်းယူဆိုတော့လဲ မဟုတ်ပြန်။
ဒါဆိုလဲ အေးဆေးနေ ပါလား၊ တာတေလန်အောင် ပေတေနေတာဗျာ။ မလုပ်ဖူးတာ မရှိဘူး။ မမြင်ဖူးတာ
မရှိဘူး။ သူ့ဘ၀မှာ ငယ်ငယ်လေးကတည်းက အကြောက်တရားဆိုတာ မရှိခဲ့ဘူး။ တခုတော့ရှိတယ်၊ မဟုတ်မခံဗျ။
အဲဒါတော့ ကျုပ် ငယ်ငယ်က အတိုင်းပဲ။ ဒီကောင် အကြောမာပုံ များဗျာ၊ သူငယ်တန်းတုန်းက ကျုပ်သူ့ကို
စာပြတာ ကကြီးကနေ အ အထိ ရမရတော့ မသိဘူး၊ ကျုပ်မှာ နှစ်ကျပ်တန် သစ်သားပေတံ ၀ယ်မလောက်ဖြစ်နေလို့
သူ့ဆရာ မနဲ့ပဲ အပ်ထား လိုက်ရတော့တယ်။ အလယ်တန်းကျောင်းသားအထိ ကျုပ်သူ့ကို ရိုက်တုန်းပဲ။
ငါးဖယ်တောင် အဖေခေါ်ရလောက်တဲ့အထိ အကြောမာတယ်။ ဒါ တောင် လူပုံက ဖြူနွဲ့နွဲ့မို့ သူ့ သူငယ်ချင်းတွေက
အခြောက်လို့ စကြတယ်။ ဒါကို မခံနိုင်လို့ဆိုပြီး ကရာတေး၊ လက်ဝှေ့၊ သိုင်း ဘာညာ လိုက်စားလိုက်တာ
ဆယ်တန်း ရောက်တဲ့အထိပဲ။ အံမာ… ကျေးဇူးရှင်လေးက ဆယ်တန်းကိုတော့ ထုတ်ချင်းပေါက် (အဲလေ)
နှစ်ချင်းပေါက် အောင်တာဗျ။ ဘယ်လို ဖြေလိုက်လဲတော့ မသိဘူး။ အမှတ်စာရင်း ကြည့်လိုက်တော့
တဘာသာခြင်း လေးဆယ် 'ကွက်တိပဲဗျာ'။ 'အောင်မှတ်က လေးဆယ်ပဲလေ… ဒါကြောင့် လေးဆယ်ဖိုးပဲ
ဖြေတယ်'။ ကဲကြည့် ပြောပုံက။ အင်းပေါ့လေ… လေးဆယ် အပိုအလိုမရှိ ကွက်တိရအောင် ဖြေနိုင်တာကပဲ
လွယ်တာ မှတ်လို့နော်။ အဲဒါနဲ့ မင်းဘာလုပ်ချင်လဲ ကျောင်းဆက်တက်မှာလား ဆိုတော့ 'ကျောင်းက
ဆယ်နှစ်လုံးလုံး တက်ခဲ့ပြီးပြီပဲ ဘွဲ့ရပြီး ဘာလုပ်ရ မှာလဲ။ အချိန်ကုန်တာပဲ အဖတ်တင်တယ်'
တဲ့။ သူပြောတော့လဲ ဟုတ်သလိုလို။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ဘွဲ့ရ ပညာတတ် ဖြစ်စေချင်တာချည်းပါပဲ။
'သင်္ဘောသား' လုပ်မယ်တဲ့။ အင်း… ကောင်းပါ့ဗျာ။ ကျုပ်မှာက လည်း ငွေပိုငွေလျှံဆိုတာ သိပ်တော့
မရှိလှဘူးလေ။ သက်သာတဲ့ နည်းလမ်းအရ မြန်မာ့ကမ်းရိုး တန်းသွား ပုဂ္ဂလိက သင်္ဘောမှာ တနှစ်တိတိ
အတွေ့အကြုံ (Sea Service) ယူဖို့ လွှတ်လိုက်တယ်။ (နိုင်ငံခြားသင်္ဘောတွေက ပင်လယ်ပြင်အတွေ့အကြုံ
ရှိတဲ့လူတွေကို ဦးစားပေး ခေါ်သလို သင်္ဘောပေါ် ရောက်ရင်လည်း (ALB) တက်မကိုင် ရာထူးကိုတန်းရတယ်။)
ဒီကောင်
သင်္ဘောပေါ် စရောက်တဲ့ ညမှာပဲဗျာ.. လေးဘက်ထောက်ပြီး သင်္ဘောပေါ် ပြန်တက်လာတယ်။ ကျုပ်မှာဗျာ…
'ကျုပ်သားက ဆေးလိပ်၊ ကွမ်း၊ အရက် ဘာဆိုဘာမှ မြင်တောင် မမြင်ဖူးဘူး' လို့ လှိမ့်ထားရတာ။
ကျုပ်သူ့ကို ဆူပြန်တော့လဲ ' အဖေက အရက်ကို မမြင်ဖူးဘူးလို့ပဲ ပြောထားတာ၊ မသောက်ဖူးဘူးလို့
ပြောတာမှ မဟုတ်ဘဲ' တဲ့။ ကောင်းဗျာ။ သင်္ဘောသား ဆိုတာကလဲ အင်း… အများစုပေါ့။ လိုင်းနည်းနည်း
စုံကြတယ်။ ဒါက ကမ်းရိုးတန်းပဲ ဖြစ်ဖြစ်၊ ပင်လယ်ကူးပဲ ဖြစ်ဖြစ်ပေါ့။ ကျုပ်သားကတော့ သင်္ဘောပေါ်
ရောက်သွားတာနဲ့ပဲ လိုင်းပေါင်းစုံ လုပ်ပိုင်ခွင့်လိုင်စင် ရသွားတယ် ထင်သလား မသိဘူး။
အကုန်ကို လျှောက်လုပ်တော့တာ။ ဒါတောင် ကမ္ဘာမပတ်ရသေးဘူး။ စစ်တွေ မရောက်ဖူးဘူး၊ ရန်ကုန်နဲ့
ကော့သောင်းကိုပဲ ပတ်ချာလည် နေတာ။ ကျုပ်လည်း ဆုံးမတာပဲ။ နောက်ဆုံးမရတော့ ရန်ကုန်က တခါထွက်တိုင်းမှာ
ကွန်ဒုံနဲ့ 'ပင်နီဆီလင် ငါးသိန်းအား' ကို အလုံအလောက် ထည့်ပေး လိုက်ရတယ်။ (မှတ်နော်…
မိဘများနဲ့ အိမ်ရှင်မများ၏ ခင်ပွန်းသည်နှင့် သားများ ပြောမရရင် ခရီးထွက်တိုင်း သူတို့အိတ်ထဲကို
ကွန်ဒုံ ထည့်ပေးလိုက်ပါ။ ကွန်ဒုံဆောင်တာ ရှက်စရာ မဟုတ်ပါဘူး။) 'ပင်နီဆီလင် ငါးသိန်းအား'
က ရောဂါ ပိုးသေတယ် ဆိုပြီး မှာလိုက်တာကို ဒီငကြောင်က တနေ့တလုံး မှန်မှန်သုံး ဆိုသလို
ချတာဗျာ။ ဒါကို သူ့သူငယ်ချင်းတွေက 'ဒီဆေးက နေ့တိုင်းသောက်ဖို့ မလိုဘူးလေ…ရောဂါဖြစ်မှ
သောက်ရတာ။ နေ့တိုင်းသောက်တော့ သုတ်ပိုးပါ သေသွားမှဖြင့်' လို့ ပြောတော့ 'သိဘူးလေ… ငါက
ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်တာပါ' လို့ အကြောင်းပြပြီး ရယ်လိုက်တယ်။ ဒါတောင် ပြောလိုက်သေးတယ်
'ငါ့အဖေ သောက်ခိုင်းလို့' တဲ့။ မှတ်ကရော။
သင်္ဘောသား
လှေသမားဘ၀ဟာ အမှန်တော့ အရမ်းကို အထီးကျန် ဆန်လွန်း လှပါတယ်။ ပင်လယ်ထဲမှာ ဘယ်နေရာ ကြည့်ကြည့်
ရေချည်းပဲကိုး။ မနက်ကြည့်ရေ၊ ညကြည့်ရေ၊ ထမင်း စားတုန်းကြည့်လဲ ရေပဲတွေ့နေရတော့ တော်တန်ရုံကောင်
ရေမကြောက်တာ ကံကောင်းပါပဲ။ ရေကြောက်တယ် ဆိုတာက ပင်လယ်ထဲသွားချိန်မှာ ကုန်းမြေမရှိဘဲ
တွေ့ရသလို၊ ကျွန်းမရှိဘဲ ကျွန်းကို မြင်ရသလို ဖြစ်တာပါ။ ဒီထက်ပိုဆိုးလာရင် ပင်လယ်ထဲ
ခုန်ချတတ်ကြတယ်။ ဒါကြောင့် နိုင်ငံခြား သင်္ဘောလိုင်းတတ်မယ် ဆိုရင် 'ဆိုက်ကို' စစ်ရပါတယ်။
ပြောရဦးမယ်။ ကျုပ်သားက ကာလာဘလိုင်း (အဲ) မဟုတ်သေးဘူး။ အရောင်ကို သိပ်ခွဲလို့ မတတ်ဘူး။
သင်္ဘောတက်ရင် သင်္ဘောသားရုံး (ခြောက်ထပ်ကြီးရုံးမှာ) မျက်စိစစ်ရတယ်။ အရောင်ရယ် နောက် စာလုံးရယ်ပေါ့။
အရောင်မှာတင် ကျတာဗျာ 'ဘိုင်းခနဲ' ကိုကျတာ။ အရောင်စစ်တယ် ဆိုတာက အမှောင်ခန်းထဲ တခါဝင်ရင်
အယောက် နှစ်ဆယ်ဝင်ရတယ်။ နံရံဘက်ကို မျက်နှာမူခိုင်းပြီး တယောက်ချင်း နာမည်ခေါ် စစ်တာ။
အနောက်ကထိုးတဲ့ မီးလုံး သေးသေးလေးရဲ့အရောင်က ရှေ့တည့်တည့်က မှန်ထဲမှာ သွားပေါ်တယ်။ အဲဒါကို
ပြောခိုင်းတာ။ သာမန်လူဆို ဖြေနိုင်မှာပေါ့။ အရောင်သုံးမျိုး ပဲရှိတာ။ အဖြူရယ်၊ အနီရယ်၊
အစိမ်းရယ်။ တခါပြရင် နှစ်လုံး ဒါမှမဟုတ် တလုံးတည်း။ နီဖြူ၊ နီစိမ်း၊ အဖြူ… စသည်ဖြင့်ပေါ့။
သူထိုးပြသမျှ လိုက်အော်ရတယ်။ မြန်လည်း မြန်တယ်။ (နှစ်စက္ကန့် လောက်ပဲ ကြာတယ်။) အဲဒီမှာတင်
ဒီကောင် မျက်စိလည်ကုန်တာ။ သူက ဒီမှာ အရောင်ခွဲတုန်း ရှိသေးတယ် ဟိုက နောက်တမျိုး ပြောင်းသွားပြီ။
'မထူးပါဘူး' ဆိုပြီး တွေ့သမျှ အနီချည်း အော်ပစ်လိုက် တော့တယ်။ တကယ့်… ကောင်။ ဒါပေမယ့်ဗျာ။
ဒါ မြန်မာပြည်လေ ကာလာစစ်တဲ့ အရာရှိကို ပိုက်ဆံ သုံးသောင်းခွဲလောက် ပစ်လှူ လိုက်တော့
ကိုယ်လည်း သဌေးဖြစ် (အဲ ဟုတ်ပေါင်) စာလုံးစစ်မယ့် ကပ္ပတိန်ကို အော်တိုမစ်တစ် တန်းရောက်ရောပဲ။
(ခုဆိုရင် နှစ်သိန်းခွဲ သုံးသိန်းလောက်မှ ဖြစ်မယ်)။ စာလုံးကတော့ ဒီကောင့် အတွက် မိုင်နာပါ။
မိုင်နာမှာပေါ့ မျက်စိ မကောင်းတဲ့ သူမှ မဟုတ်တာ။ 'တောက်ကွာ… ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ပြီး
ဒါလေး ကျမှကွာ' ဆိုပြီး မချိတင်ကဲ ပြောသေးတယ်။ ဘာမှလဲ မဆိုင်ဘူး။
ကော့သောင်းမြို့ကို
ရောက်ပြီဆိုတာနဲ့ ကမ်းတက်မယ့် စာရင်းမှာ ဒီကောင့်နာမည် ထိပ်ဆုံးကပဲ။ လေးရက်လေးညလောက်
ပင်လယ်ရေနဲ့ပဲ တွေ့နေရတော့ ခု ဟိုအရည်နဲ့ တွေ့ချင်နေပြီလေ။ ယမကာရည် ပြောပါတယ်။ အပီကဲ
မယ်ပေါ့။ ဒါပေမယ့် သင်္ဘောက ကမ်းကပ်မယ်ဆိုရင် ပြဿနာမရှိ ပါဘူး။ ရေလယ်ခေါင် ကျောက်ချထားမယ်
ဆိုရင်တော့ 'လွမ်းရပေါ့ မမရယ်' ဖြစ်ကုန်ရော။ ဒီလို အခြေအနေမျိုးမှာဆိုရင် အသက်ကယ် လှေနဲ့
ကမ်းဘက်ကူးရတာ။ ရေလည်းမတက်၊ ရေလည်းမကျတဲ့ ရေအီချိန်မှာ ဖြတ်ကူးရတယ်။ ရေတက် ရေကျချိန်မှာသာ
ဖြတ်ရင်တော့ သွားပေရော့။ ဦးရှင်ကြီးနဲ့ သွားတွေ့။ ပြန်လာရင်လဲ အဲဒီလို ရေအီချိန်မှာပဲ
စောင့်ပြီး ပြန်ရတယ်။ ဒါကြောင့်ကို တရက်ကိုတဖွဲ့ပဲတက်နိုင်တယ်။ (ရေက နှစ်ဆယ့်လေးနာရီမှာ
နှစ်ခါတက်တယ်။ နှစ်ခါကျတယ်။ ညပိုင်းဆို ရေထဲ ပေးမဆင်းဘူး။) ဒီကောင်က ဘာကိုမှ အကြောက်အလန့်
မရှိဘူး။ ဘာဖြစ်ဖြစ် ထိပ်ဆုံးကပဲ။ အဲ ရေတော့ မကူးတတ်ဘူး။ ဒါကလည်း ကျုပ်အပြစ်ပါဗျာ။
သူငယ်ငယ်က ရေခိုးကူးတိုင်း ကျုပ်တားခဲ့တယ်။ စိုးရိမ်တယ်လေ၊ တားတာ သာတားတာပါ တခါမှမ
ရပါဘူး။ သူလည်း ရေမကူးတတ် သွားဘူး။ အင်း စေတနာအမှားပေါ့။ ရေမကူးတတ်တဲ့ကောင်က ဖာတရာ
သက်ကယ်လှေ (လှေကအမြဲတမ်းဖာရတယ်။ ဒါတောင် ရေ၀င်သေးတယ်။) နဲ့ ကမ်းတွေ့လဲ သွားချင်၊ ကျွန်းတွေ့လည်း
သွားချင်တဲ့ ဒီကောင့် သတ္တိကို ကျုပ်ဖြင့်ဗျာ … အံ့။
ဒီကောင်တွေ
ပါးစပ်ဖျားမှာ မချတမ်းပြောတာက အေမီတို့ ဒေစီတို့ ဆိုလားပဲ။ အမြဲတမ်းကို သွားကြတာ။ ကုန်တာပါပဲ။
လူငယ်ဆိုတော့ ဒါမျိုးလဲ ရှိပေမပေါ့။ ပြောချင်တာက ဒီကောင်တွေ အပျော်လား၊ စမ်းတာလားမသိဘူး။
ဂေါ်လီထည့်တာတို့၊ ကြီးဆေး ထိုးတာတို့ လုပ်ကြတယ်။ ခေတ်လည်း အရမ်းစားတယ်။ ဂေါ်လီထည့်ရင်
မိန်းမတွေ 'စွဲ' တယ်တဲ့။ ဟုတ်မဟုတ်တော့ ကျုပ်လည်း တခါမှ မထည့်ဖူးတော့ မသိဘူး။ လူငယ်တွေလည်း
ဖြစ်ကြတော့ မှားတဲ့ ဘက်ကို လိုက်မိကြမှာပေါ့။ 'မင်းဒါမှားတယ်' လို့ ပြောနိုင်တဲ့ သူတွေမှ
မရှိဘဲ။ မြန်မာပြည် ကမ်းရိုးတန်းသွားတဲ့ သင်္ဘောတွေမှာ ဆရာဝန်နတ္ထိ။ ကျန်းမာရေး စစ်ဆေးရေးအဖွဲ့
ဆိုတာလည်း သင်္ဘောပေါ် တခါမှ တက်တာမဟုတ်ဘူး။ ဒီတော့ ဘာသိမလဲဗျာ၊ သူတို့သိတာကတော့ ' ဟာ
မိုက်တယ်ကွာ… ဟတ်တုကြီးပဲ။ ဘာတွေဟတ်ပြီး ဘာတွေတုလဲတော့ ကျုပ်လဲမသိဘူး။ ကျုပ်တို့ ဘိုးဘွားကနေ
ကျုပ်အထိ သဘာဝက ပေးထားတဲ့ အတိုင်းပါပဲ။ သူတို့ ခေတ်ကျမှဗျာ။ ဟိုသီချင်း တပုဒ်ထဲမှာ
ပါပါတယ်။ ဘာတဲ့ 'ကမ္ဘာကြီးက ကျဉ်းလွန်းပါတယ်'တဲ့။ သူတို့ ပြောတဲ့ မိန်းကလေးတွေက ဘာကြောင့်…
အာ ဘာဆိုင်လို့လဲ။ ဟို… ကျုပ်သား ဒီကောင် ခုနပြောတဲ့ ကြီးဆေး ထိုးလိုက်တယ်။ သူတို့အချင်းချင်းပဲ
ထိုးပေးကြတာ။ သူ့နည်း သူ့ဟန်တော့ ရှိမှာပေါ့။ ဒါပေမယ့် အပ်တချောင်းတည်း ဝေမျှသုံးတာ
မဟုတ်ဘူးလို့ ပြောတယ်။ HIV/AIDS လောက်တော့ အသိရှိဟန် တူပါတယ်။ နောက်ပြီး အားလုံး လိုလိုပါပဲ။
ဂေါ်လီထည့်တဲ့ ကောင်ကထည့် ကြီးဆေးထိုးတဲ့ ကောင်ကထိုးနဲ့ အငယ်ခံ ဘာမှ မလုပ်ရင်တောင် အလကားနေရင်း
အားအားယားယား နားဖေါက်ခံတဲ့ ကောင်တောင်ရှိတယ်။ ရောဂါ ပေါ့လေ။
ဒီကောင့်ကို
ကျုပ်ပြောပါတယ်။ ဒါတွေက မကောင်းဘူးပေါ့။ မလုပ်နဲ့ ရေရှည်မှာ ဒုက္ခ ရောက်လိမ့်မယ်။ အမှန်တော့
ဒါတွေက ကိုယ့်ဒုက္ခ ကိုယ်ရှာတာပါ။ အဲဒီအချိန်တုန်းက ကျုပ်လည်း မကောင်းဘူး ဆိုတာပဲ သိတယ်။
ဒါကြောင့် ဒါပဲပြောနိုင်တယ်။ ဒီထက်ပိုပြီး ဘာမှ မပြောပြ တတ်ဘူး။ နောက် ဒီကောင်တွေအုပ်စု
ပြောတာတွေရှိတယ် ' ဟာ.စော်လေးတွေကတော့ အဲဗားဂေါ်လီပဲ ' တဲ့။ ဟိုအဆိုတော် ချာတိတလေးရဲ့
အဲဗားဂေါ်လီဆိုတာ ဒီကောင်တွေဆီက ခဏ ငှားသုံးတာပဲ ဖြစ်မယ်။ အဓိပ္ပါယ်တော့ မတူဘူး ပေါ့လေ။
ကျုပ်မိတ်ဆွေ တွေကတော့ ပြောပါတယ်… ဒါက လူငယ်တွေကြားမှာ ရေပန်းစားနေ ပါတယ်တဲ့။ စတိုင်ပဲဖြစ်ဖြစ်၊
ကိုယ့်ကိုကိုယ် အားမရလို့ပဲ ဖြစ်ဖြစ် ဒီလိုလုပ်ကြတယ်။ ဒါပေမယ့် ရေရှည်မှာ ဖြစ်ပေါ်လာမယ့်
အကျိုးဆက်ကို သတိမပြု မိကြဘူး။ ဂေါ်လီထည့်တဲ့ အခါ သုံးတဲ့ပစ္စည်းက မသန့်လို့ပဲ ဖြစ်ဖြစ်၊
ဒဏ်ရာကို ဂရုမစိုက်လို့ပဲဖြစ်ဖြစ် ရောဂါပိုး ၀င်ရောက်သွားနိုင်တယ်။ ရှင်းရှင်း ပြောရရင်ဗျာ
ကိုယ့်ခန္ဓာကိုယ်ထဲကို သဘာဝမကျတဲ့ ပစ္စည်းထည့်ထားရင် အန္တရာယ်တော့ ရှိလာနိုင်တာပါပဲ။ ဘာအန္တရာယ်မှ
မဖြစ်ခဲ့ရင်တောင် လူပျိုလူလွတ်ဆိုရင်ပေါ့… မိမိရဲ့ချစ်သူ အငှားမယား (ပြည့်တန်ဆာ) နဲ့
ဆက်ဆံတဲ့ နေရာမှာ ဒီထည့်ထားတဲ့ ဂေါ်လီကြောင့် ကွန်ဒုံပေါက်ပြဲတာမျိုး ကြုံရတတ်ပါတယ်။
အခန့်မသင့် ရင်ပေါ့။ နောက်ပြဿနာ တခုက အိမ်ထောင်ပြုတဲ့ အခါမှာ ဖြစ်တဲ့ ကိစ္စပေါ့။
ကြီးဆေး
ထိုးတာကတော့ ပြဿနာ အကြီးစားပဲ။ ဆေးတွေက အဆီဖြစ်တဲ့အတွက် လိင်အင်္ဂါထဲ ရောက်သွားတဲ့အခါ
ခဲသွားပါတယ်။ ဒါကြောင့် လိင်အင်္ဂါပတ်လည်ကို ထိုးပြီး ဆေးပြန့်အောင် တနေကုန် ပွတ်ချေ
ပေးရတယ်။ မပွတ်ချေနိုင်ရင် တနေရာထဲမှာ စုပြီး ခဲသွားရော။ အဲဒီအခါ ပြဿနာ။ အသားထဲ ထိုးပြီးတဲ့
ဆေးကို ပြန်စုပ်ထုတ်တဲ့နည်း ဆေးလောကမှာ မရှိဘူး။ ဒါကြောင့် ပြန်ထုတ်ချင်ရင် ခွဲထုတ်၊
ခွာထုတ်၊ ခြစ်ထုတ်ရတယ်။ လောဘကြီးပြီး ဆေးပမာဏ များများထိုးထားရင် များများပြန်ခြစ်
ထုတ်ရမယ်။ ယားလို့ ကုတ်ခြစ်မိတဲ့အခါ အနာ ဖြစ်ပြီး မကျက်နိုင်တော့ဘူး။ ဆေးအဆီတွေ ဝှေးစေ့အိတ်
(ကပ္ပယ်အိတ်) ထဲဆင်းပြီး ရောင်ရမ်းတာမျိုး ဖြစ်တတ်ပါတယ်။ လိင်အင်္ဂါဆိုတာ အင်မတန် နုနယ်တာ။
မျိုးဆက်အတွက်လည်း အရေးကြီးတယ်။ ဥပမာ - ခြေထောက်တချောင်းနဲ့ လိင်အင်္ဂါ တခုခု ဖြတ်ပြစ်မယ်ဆိုရင်
ခင်ဗျားဘာကို အဖြတ်ခံမလဲ။ ကျုပ်ကတော့ ခြေထောက်ပဲ အဖြစ်ခံမယ်။ ဘယ့်နှယ်ဗျာ… ယောကျာ်းကြီးတန်မဲ့
တုံးတိကြီးနဲ့ကတော့ တွေးတောင် မတွေးဝံ့ဘူး။ ကိုယ့်ကိုကိုယ် အားမရလို့ ကြီးဆေးတွေ ထိုး၊
အန္တရာယ်ဖြစ်လာတော့ ပြန်ထုတ်ချင်ကြတယ်။ မထိုးခင်ကတည်းက ဆင်ခြင်စေချင်ပါတယ်။ ဆေးထိုးထားတဲ့
လိင်အင်္ဂါကို ခွဲစိတ်တဲ့အခါ အန္တရာယ်ကြီး ပါတယ်။ သွေးကြောတွေလည်း များတယ်။ အဓိက ဆီးပြွန်ပါပဲ။
ပြီးတော့ ခုနက ပြောခဲ့သလို လိင်အင်္ဂါက အင်မတန်နုနယ်တယ်လေ။ ဒါကြောင့် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ပဲ
ခွဲစိတ်သင့်ပါတယ်။ ခွဲစိတ်ပြီးတဲ့အခါမှာလည်း လိင်အင်္ဂါဟာ မူလလက်ဟောင်းထက် ပိုသေးငယ်သွားမှာပါ။
လိင်အင်္ဂါ တောင့်တင်းမှုနည်းတာ၊ ဆန္ဒပြီးမြောက်မှု မရှိတာ၊ ကွန်ဒုံပေါက်ပြဲလွယ်တာ၊ အနာကျက်နှေးတာ
စသဖြင့် ဆိုးကျိုးတွေက အများကြီး ရှိပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်အောင် ဆင်ခြင်ပြီး
လုပ်ကြပါဗျာ။ အထူးသဖြင့် ပင်လယ်ပျော်များ၊ ရပ်ဝေးမှာ အလုပ်လုပ်ကိုင်သူတွေနဲ့ လူငယ်များ
ဒီကိစ္စကို အထူးဆင်ခြင်ဖို့ လိုပါတယ်။
ကျုပ်မိတ်ဆွေတွေ
ပြောပြလို့ ကျုပ်သားအတွက် အရမ်းစိုးရိမ်သွားတယ်ဗျာ။ ဒီကောင်ဘာတွေ လျှောက်လုပ် နေပါလိမ့်။
နေရင်းထိုင်ရင်းနဲ့ သူ့ရဲ့ မွေးရာပါ ပစ္စည်းလေး 'ပိစိညှောင့်တောင့်' ဖြစ်သွားမယ့် ကိစ္စ။
ဒီလောက်ထိ ရူးမိုက်လိမ့်မယ်လို့ ကျုပ်မထင်ခဲ့ မိပါဘူး။ လောလောဆယ်မှာ အန္တရာယ် မဖြစ်သေးပေမယ့်
တနေ့နေ့ တချိန်ချိန်မှာ ကျိန်းသေကို အန္တရာယ် ပြုလာပါလိမ့်မယ်။ ကျုပ်သားအတွက် ကျုပ်ဘာလုပ်ပေး
နိုင်မှာလဲ။ ဖခင်တယောက်အနေနဲ့ သားအပေါ်မှာ တာဝန်ကျေချင် သေးတယ်ဗျာ။ (ဖြစ်နိုင်မယ်ဆိုရင်
သေသွားတဲ့ သူ့အမေကို ပြန်နှိုးပြီး တိုင်ပင် လိုက်ချင်တယ်။ တကယ်ပါ)။ အဓိကကတော့ ကျုပ်တို့ရဲ့
ကျန်းမာရေး အသိပညာ ချို့တဲ့မှုကြောင့်ပါ။ မှားယွင်းတဲ့ အယူအဆတွေနဲ့ စမ်းသပ်ချင်စိတ်
လွန်ကဲတဲ့ ကျုပ်သားလို လူငယ်တွေအကြားမှာ ဒီပြဿနာက ရှေ့ဘယ်အနာဂတ်အထိ ဆက်ရှိနေဦးမယ်ဆိုတာ
မသိနိုင်သေးပါဘူး။
သုည
သြဂုတ်လ
၂၀၁၀ ခုနှစ် (အမှတ် ၂၃)(စာမျက်နှာ ၁၃ - ၁၅)
NIGHTINGALE
- နဂိုအတိုင်းပဲ ကောင်းပါတယ်




