ဝမ်းနည်းကြေကွဲစရာ
ကောင်းလှသော ထိုဇာတ်လမ်း၏ အစကဆေးရုံကြီး တစ်ရုံသို့ငှက်ဖျားရောဂါဖြင့် သားဖွားဆရာမကလေးတစ်ယောက်
တက်ရောက်ကုသ ခဲ့ခြင်းကစခဲ့သည်။ ထိုသားဖွားဆရာမလေး တာဝန်ကျသော ကျေးရွာလေးမှာ ထိုဆေးရုံကြီးတည်ရှိရာ
ဒုတိယမြို့တော်မှ မိုင်(၃၀)လောက်သာ ဝေးသည့် တောင်ခြေတော တန်းတစ်နေရာမှ ရွာလေးတစ်ရွာဖြစ်ပြီး
ငှက်ဖျားထူထပ်သော ဒေသဖြစ်သည်။
ထိုရွာလေးတွင်
နေထိုင်သူမှန်သမျှမှာ ငှက်ဖျားထူထပ်သော ဒေသဖြစ်သည်။ ထိုရွာလေးတွင် နေထိုင်သူမှန်သမျှမှာ
ငှက်ဖျားရောဂါမဖြစ်ဖူးသူ မရှိသလောက်ပင် ရှားလှသည်။ ဘာသားနှင့်မှ ထုထားတာမဟုတ်သည့် သာမန်သွေးနှင့်ကိုယ်၊
သားနှင့်ကိုယ်သာဖြစ်သော ကျွန်မတို့၏ သားဖွား ဆရာမလေးသည်လည်း ထိုရွာကလေးတွင် တာဝန်ထမ်းဆောင်ရင်း
ငှက်ဖျားရောဂါ ရခဲ့ခြင်းမှာ စာတစ်တန် ပေတစ်ဖွဲ့ ရေးသားရလောက်အောင် ထူးခြားသော အကြောင်းအရာ
မဟုတ်သကဲ့သို့ ကျမတို့အနေဖြင့်လည်း ထိုသားဖွားဆရာမလေး ငှက်ဖျားဖျားခြင်းကို အဓိက ရေးလိုခြင်း
မဟုတ်ပါ။ ထို သားဖွားဆရာမလေး ငှက်ဖျားဖျားရာမှ ဆက်လက်ဖြစ်ပေါ်လာသော ၀မ်းနည်းကြေကွဲဖွယ်ရာ
ကောင်းလှသည့် နောက်ဆက်တွဲ အဖြစ်အပျက်များကိုသာ ရေးသားလိုခြင်းဖြစ်ပါသည်။
သားဖွားဆရာမလေးသည်
သူမကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ရာ သူမ၏ ငှက်ဖျား ရောဂါကို သူမဘာသာတတ်သရွေ့၊
မှတ်သရွေ့ကြိုးစားကုသသကဲ့သို့ ပျောက်ကင်းတန်သရွေ့လည်း ပျောက်ကင်းခဲ့ပါသည်။ တစ်ကယ်တော့
ထိုရွာကလေးမှ လူနာတစ်ချို့ ငှက်ဖျား ဖျားလျှင်လည်း ထိုသားဖွား ဆရာမလေးကပင်ကုသပေးခဲ့ရပြီး
ပျောက်ကင်းသွားခဲ့ကြတာသာများရာ ကျမတို့ အနေဖြင့် ထိုသားဖွားဆရာမလေး၏ ဆေးပညာအခြေခံကို
အထင်အမြင်သေးလို့တော့မရချေ။
သို့ရာတွင်
“တောင်ဝှေးလဲလျှင် ဖိုးသူတော် ထူလို့ရသော်လည်း ဖိုးသူတော်လဲလျှင်ကား တောင်ဝှေး ထူလို့မရ”ဟူသည့်
စကားကဲ့သို့ သားဖွားဆရာမလေး ကိုယ်တိုင် မထနိုင်လောက်အောင် ငှက်ဖျားဖြစ်ပြီ ဆိုသောအခါ
ရွာသူရွာသားများအားလုံး မည်သူမျှဘာမှမလုပ်တတ်၊ မကိုင်တတ်တော့ချေ။
ဒီတစ်ခေါက်
သားဖွားဆရာမလေး ငှက်ဖျားဖျားခြင်းကား တော်တော့်ကို အကြီးအကျယ်ဖျားခြင်း ဖြစ်သည်။ သားဖွားဆရာမလေး၏
တစ်ကိုယ်လုံးသည် မီးကျီးခဲကဲ့သို့ ခြစ်ခြစ်တောက် ပူလောင်နေရုံမက ပါးစပ်ကလည်း ကယောင်ကယမ်းတွေပြောကာ
လူမှန်း သူမှန်းပင် မသိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ ထို့ကြောင့်လည်း
ရွာသူရွာသားများက ထိုသားဖွား ဆရာမလေးကို ဒုတိယမြို့တော်က ထိုဆေးရုံကြီးသို့ လှည်းတစ်တန်၊
ကားတစ်တန်ဖြင့် အမြန်ဆုံး သယ်ဆောင်လာကာ ဆေးရုံတင်ပေးခဲ့ ကြရလေသည်။
ဆေးရုံကြီးသို့
ရောက်လျှင် ဦးနှောက်ထဲသို့ ငှက်ဖျားပိုးဝင်သော သားဖွားဆရာမလေး၏ ရောဂါကိုဆရာဝန် ဆရာမများက
ကြပ်ကြပ်မတ်မတ် ဖိဖိစီးစီး ကြိုးစားပမ်းစား စနစ်တစ်ကျ ကုသပေးလိုက်သောအခါ သားဖွားဆရာမလေးမှာ
တစ်စနဲ့တစ်စ ပြန်လည်သက်သာ ကျန်းမာလာသည်။ သို့သော် သားဖွားဆရာမလေး၏ ငှက်ဖျားက အကြီးအကျယ်ဖြစ်ထားသော
ငှက်ဖျားရောဂါဖြစ်ရာ အချိန်ယူပြီးကုသခဲ့ရသည်။ ဆေးရုံသို့ရောက်ပြီး လေးငါးရက်ခန့်ဖိဖိစီးစီး
ကုသလိုက်သောအခါ ဆရာမလေးမှာ အဖျားမရှိတော့သည့်အပြင် သတိလည်း ကောင်းစွာရလာပြီ ဖြစ်သည်။
သို့ရာတွင်
သတိလစ်လောက်အောင် အကြီးအကျယ် ဖျားနာထားသူဖြစ်ရာ သားဖွားဆရာမလေးမှာ အလွန်ပင် အားနည်းလျက်ရှိသေးသည်။
သားဖွားဆရာမလေး
ပြန်လည်အားပြည့် လာစေရန်အတွက် ဆေးရုံမှ အားဆေးပုလင်းပေါင်း မြောက်မြားစွာ သွင်းပေးခဲ့ရသည်။
သို့တိုင် ဆိုးရွားလှသော ငှက်ဖျားပိုးတွေက သားဖွားဆရာမလေး သွေးထဲမှ သွေးနီဥပေါင်း များစွာထဲသို့ဝင်ရောက်ကာ
ဖောက်ခွဲဖျက်ဆီးထားသည့်အတွက် ဆရာမလေးမှာရိုးရိုး အားနည်းရုံမက သွေးအားပါ အလွန်အမင်း
ဆုတ်ယုတ်လျက်ရှိသည်။ ထို့ကြောင့်လည်း သားဖွားဆရာမလေး၏ ကိုယ်ထဲကို အားဆေးပုလင်းများ
သွင်းပေးရုံနှင့် မလုံလောက်သဖြင့် သွေးလှူဘဏ်မှ သွေးတစ်ပုလင်း တောင်းကာ ဆရာမလေး၏ ခန္ဓာကိုယ်ထဲသို့
သွေးတစ်ပုလင်းပါ သွင်းပေးခဲ့ရလေသည်။
နောက်ဆုံးတော့
ဂရုတစိုက်ဆေးကုသ ပေးလိုက်သောအခါ ရောဂါဝေဒနာအားလုံး သက်သာပျောက်ကင်းပြီး ကောင်းစွာနာလန်ထပြီး
ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းဖြင့် သားဖွားဆရာမလေး ဆေးရုံမှဆင်းသွားနိုင်ခဲ့သည်။
နောက်တစ်နှစ်ခွဲခန့်ကြာသောအခါ ကျမတို့၏ ထိုသားဖွား ဆရာမလေးကို ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုး
စိုစိုပြည်ပြည်နှင့် ပုဂ္ဂလိက အထူးကု ဆေးတိုက်ကြီး တစ်တိုက်တွင်ပြန်တွေ့ရသည်။ ဒီတစ်ခါ
ပြန်တွေ့ရခြင်းက ငှက်ဖျားရောဂါသည် တစ်ယောက်အနေဖြင့် မဟုတ်သကဲ့သို့ ထိုပုဂ္ဂလိက အထူးကုဆေးတိုက်ကြီးတွင်
အလုပ်လုပ်နေသော ဆရာမတစ်ယောက်အဖြစ် ပြန်တွေ့ရခြင်းတော့လည်း မဟုတ်ပါ။ သားဖွားဆရာမလေးသည်
လွန်ခဲ့သည့် တစ်နှစ်လောက်ကတည်းက ငှက်ဖျားထူထပ်သော ယခင်တောင်ခြေတောတန်း ရွာကလေးမှ ငှက်ဖျားမရှိသည့်
မြို့ငယ်တစ်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် ငှက်ဖျားလည်း နောက်ထပ်မဖြစ်တော့ဘဲ
ကျန်းကျန်းမာမာ စိုစိုပြည်ပြည်ဖြင့် ၀မ်းသာဖို့ကောင်းစွာ တွေ့ရခြင်းဖြစ်သည်။
ဒီတစ်ခါ
ပုဂ္ဂလိကအထူးကုဆေးရုံကြီးသို့ သားဖွားဆရာမလေး ရောက်လာတာက နေမကောင်းသော သူမ၏ညီမ သီလရှင်လေးတစ်ပါး
ဆေးလာကုသရာတွင် အဖော်အဖြစ် ညီမသီလရှင်လေးကို ပြုစုရန် လိုက်လာခြင်းသာဖြစ်သည်။ ညီမသီလရှင်လေး၏
ရောဂါက စိုးရိမ်စရာကောင်းလောက်အောင် သိပ်ကြီးကြီးမားမား မဟုတ်သော်လည်း အပေါ်ယံရောဂါတော့လည်း
မဟုတ်ချေ။ အိမ်ထောင်မရှိသူ အမျိုးသမီးများတွင် အဖြစ်များသည့် (သီလရှင်ဆိုတော့ အိမ်ထောင်မရှိတာ
အထူးပြောစရာလိုမည် မထင်ပါ) သားအိမ်တွင် အသားလုံးတည်သော ရောဂါဖြင့် လာရောက်ကုသရခြင်းဖြစ်သည်။
သီလရှင်လေး၏
ရောဂါကို ထိုပုဂ္ဂလိက အထူးကုဆေးတိုက်ကြီးမှ သားဖွားမီးယပ်ပါရဂူက စမ်းသပ်ကြည့်ရှူ စစ်ဆေးပြီးနောက်
ခွဲစိတ်ကုသရန် ဆုံးဖြတ်လိုက်သည်။ သီလရှင်လေး၏ သားအိမ်နံရံတွင် ဖြစ်တည်နေသော အသားလုံးက
တစ်လုံးမကပဲ သုံးလေးလုံး ဖြစ်နေသဖြင့် သားအိမ်ပါ ထုတ်ပစ်ရမည်ဟုဆိုသည်။
တိုတိုပြောရလျှင်
ထိုပုဂ္ဂလိကအထူးကု ဆေးတိုက်ကြီးတွင် သီလရှင်လေး၏ သားအိမ်ကို ခွဲစိတ်ကာ ထုတ်ပစ်လိုက်ရသည်။
ခွဲစိတ်မှုကတင်ထားတာထက် နည်းနည်းပိုကြီးသွားသဖြင့် အရေးပေါ် သွေးသွင်းရန်ပါ လိုအပ်လာခဲ့သည်။
ထို့အတွက် သွေးရှာရန်များများစားစား အချိန်မရခဲ့ချေ။ ညီမအရင်းလည်း ဖြစ်သည့်အပြင် သွေးအုပ်စုလည်းတူသဖြင့်
သားဖွားဆရာမလေးက သူမ၏သွေးကိုသာ ညီမဖြစ်သူ သီလရှင်လေးအတွက် လှူရန်ဆုံးဖြတ်လိုက်သည်။
သီလရှင်လေးအတွက် လိုအပ်သော သွေးကိုအစ်မဖြစ်သူ သားဖွားဆရာမလေးထံမှ ယူလိုက်ရခြင်းကို
ခွဲစိတ်ကုသပေးသည့် ဆရာဝန်တွေအားလုံးကလည်း ဘ၀င်ကျကြသည်။ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး ဆေးပညာဗဟုသုတလည်း
ရှိသူလည်းဖြစ်၊ အိမ်ထောင်မရှိသည့် အပျိုကြီးဖြစ်ရုံမက ကိုယ်ကျင့်တရားလည်း ကောင်းမွန်သော
သားဖွားဆရာမလေး၏ သွေးသည်သာ ယခုခေတ်ကဲ့သို့ ရောဂါဆိုးတွေ ပေါများလှသည့်ခေတ်တွင် စိတ်အချရဆုံး
သွေးဖြစ်သည်ဟု ထိုဆရာဝန်အားလုံးကပင် ယုံကြည်သဘောပေါက်ကြသည်။
ထိုပုဂ္ဂလိက
အထူးကုဆေးတိုက်ကြီးတွင် ခွဲစိတ်ကုသမှုခံယူပြီးနောက် သားဖွားဆရာမလေး၏ ညီမဖြစ်သူ သီလရှင်လေးသည်
ရောဂါပျောက်ကင်းပြီး ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်းဖြင့် သူမ၏ သီလရှင် ကျောင်းတိုက်ရှိရာ
စစ်ကိုင်းတောင်ရိုးသို့ ပြန်ကြွသွားသည်။
ငှက်ဖျားအကြီးအကျယ်ဖြစ်ပြီး
လွန်ခဲ့သည့်(၇)နှစ်ခန့်က ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူခဲ့ရသော သားဖွားဆရာမလေးသည် ယခုအခါ
ဆေးရုံသို့ လူနာတစ်ယောက်အဖြစ် ပြန်ရောက်လာသည်။ ငှက်ဖျားပျောက်ပြီး ဆေးရုံကဆင်းသွားစဉ်က
၀၀ဖြိုးဖြိုး စိုစိုပြည်ပြည်နှင့် ကျန်းမာရေး ကောင်းသွားခဲ့သော သားဖွားဆရာမလေးသည် ယခု
မယုံနိုင်လောက်အောင်ပင် အရိုးပေါ် အရေတင်ကာ မျက်တွင်းဟောက်ပက်နှင့် လူရုပ်ပင်မပေါ်တော့
ပဲဆေးရုံသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။
သားဖွားဆရာမလေးကို
ဆေးရုံမှ ဆရာဝန်ဆရာမများအားလုံးက ဂရုတစိုက်နှင့် ကုသစေကာမူ သားဖွား ဆရာမလေး၏ ရောဂါက
ထူးခြားသက်သာမှု ရှိမလာသည့်အပြင် ဖျားနေသော အဖျားကလည်း တက်လိုက်၊ကျလိုက်နှင့် ရှင်းရှင်းပျောက်သွားသည်ဟု
မရှိခဲ့ချေ။ ထိုအထဲကပင် ၀မ်းကလည်းလျှောလိုက် ရပ်လိုက်ဖြင့် ရက်ရှည်လများ ဒုက္ခပေးနေသည်။
သွေးစစ်၊ ၀မ်းစစ်၊ ဓါတ်မှန်ရိုက် စသည့် နည်းမျိုးစုံဖြင့် သားဖွားဆရာမလေး၏ ရောဂါကိုရှာကြသည်။
သို့ရာတွင် ထိုစစ်ဆေးချက်တွေ အားလုံး၏အဖြေတွင် မည်သည့်ရောဂါမှ ထူးထူးထွေထွေမတွေ့ရချေ။
သားဖွားဆရာမလေးသည်
ကျန်းမာရေးဝန်ထမ်းဖြစ်ခြင်း။ မည်သည့်ယောက်ျားနှင့်မျှ ရှုပ်ရှုပ်ယှက်ယှက် မနေဖူးသော
ကိုယ်ကျင့်သိက္ခာ မြင့်မားသည့် အပျိုကြီးဖြစ်ခြင်းတို့ကြောင့် သွေးစစ်မှု အမျိုးအစားတစ်ခုကိုကား
မစစ်ဆေးသေးပဲ ချန်လှပ်ထားခဲ့သည်။ ထိုသွေးစစ်မှု အမျိုးအစားကား သွေးထဲတွင် အိတ်ခ်ျအိုင်ဗွီ
ခေါ် အေအိုင်ဒီအက်စ်ရောဂါ ရှိမရှိစစ်ဆေးသည့် အမျိုးအစားပင်ဖြစ်သည်။
သို့ရာတွင်
သားဖွားဆရာမလေး၏ ရောဂါက မသက်သာသည့် အဆုံးတွင် ဆေးရုံမှ ဆရာဝန်ဆရာမများသည် မျက်နှာပူပူနှင့်ပင်
ဆရာမလေး၏ သွေးထဲတွင် အေအိုင်ဒီအက်စ် ရောဂါပိုးရှိမရှိ စစ်ဆေးရတော့သည်။ သားဖွားဆရာမလေး
သွေးစစ်ချက် အဖြေရလာသောအခါ ဆေးရုံမှဆရာဝန်ဆရာမအားလုံး အကြီးအကျယ် တုန်လှုပ်ချောက်ချား
သွားခဲ့ရသည်။ မှန်ပါသည်။ ပါးနပ်သော စာဖတ်သူတွေးမိသလိုပင် ထိုသားဖွားဆရာမလေး၏ သွေးထဲတွင်
အိတ်ခ်ျအိုင်ဗွီ ခေါ် အေအိုင်ဒီအက်စ် ရောဂါပိုးရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ထိုသားဖွားဆရာမလေးသည်
ထိုရောဂါနှင့်ပင် ဆေးရုံတွင် ကွယ်လွန်သွားခဲ့ရှာသည်။ ၀မ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသော
ထိုအဖြစ်ဆိုးက ထိုမျှနှင့် အဆုံးမသတ်သေးချေ။ နောက်တစ်နှစ်ခန့် ကြာသောအခါ ထိုဆေးရုံသို့
အချိန်ပြည့် ပိန်လှီဖျော့တော့သော ကိုယ်ခန္ဓာဖြင့် သီလရှင်လေးတစ်ပါး တက်ရောက်ကုသရန်အတွက်
ရောက်လာပြန်သည်။ ထိုသီလရှင်လေးကား ကွယ်လွန်သူ သားဖွားဆရာမလေး၏ ညီမဖြစ်သူဆိုသည်ကို ကျမ
မပြောပဲနှင့်လည်း စာဖတ်ပရိသတ် ရိပ်စားမိလိမ့်မည်ထင်ပါသည်။ ထိုသီလရှင်လေးဧ။် ရောဂါလက္ခဏများမှာလည်း
အစ်မဖြစ်သူကဲ့သို့ပင် ဖြစ်သည်။
တစ်ကယ်တော့
သာသနာ့အနွယ်ဝင် ထိုသီလရှင်လေးကို အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိစစ်ဆေးဖို့ မည်သည့် ဆရာဝန်ကမှ
စတင်အကြံမပြုရဲချေ။ ကျန်သည့် ရောဂါတွေရှိမရှိကိုသာ အရင်ဦးစားပေးပြီး သွေးစစ်၊ ၀မ်းစစ်၊
ဓါတ်မှန်ရိုက် လုပ်ကြသည်။ ထိုသို့ စစ်ဆေးပြီးမည်သည့်ရောဂါမျှ မတွေ့ရတော့မှ နောက်ဆုံးတွင်
အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ဆေးရတော့သည်။ ထိုသီလရှင်လေးသည်လည်း အစ်မဖြစ်သူ သားဖွားဆရာမလေးကဲ့သို့ပင်
အေအိုင်ဒီအက်စ် ရောဂါဖြင့်ပင် ကွယ်လွန်သွားခဲ့ ရှာလေသည်။
ဝမ်းနည်းကြေကွဲဖွယ်ရာ
ကောင်းရုံမက တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသော ထိုညီအစ်မနှစ်ယောက် ထိုရောဂါဆိုးဖြင့်
ကွယ်လွန်သွားခဲ့ခြင်းအပေါ် ဆေးရုံမှ ဆရာဝန် ဆရာမများ အနေဖြင့် မတွေးတတ်လောက်အောင် ဖြစ်ကြရသည်။
အစ်မဖြစ်သူ သားဖွားဆရာမမှာ ကျန်းမာရေး ၀န်ထမ်းဖြစ်သောကြောင့် ထိုရောဂါမျိုး မရှိသည့်အပြင်အသိပညာ
ဗဟုသုတမျိုးရှိသည့်အပြင် အပျိုကြီးဖြစ်သော်လည်း မည်သည့်ယောက်ျားနှင့်မျှ ရှုပ်ရှုပ်ယှက်ယှက်
မနေဖူးသည့် ကိုယ်ကျင့်တရား ကောင်းသူမက ရိုးသားအေးဆေးသူဖြစ်ကြောင်း သူမတာဝန်ကျရာ အရပ်ဒေသတိုင်းမှာ
လူတိုင်းလိုလိုကပင် ထောက်ခံ ပြောဆိုကြသဖြင့် ထိုရောဂါဖြစ်ရခြင်းမှာ သူမ၏ လော်လည် ဖောက်ပြားမှုကြောင့်
မဟုတ်သည်မှာကား သေချာလှသည်။
ထိုသားဖွားဆရာမလေး
ငှက်ဖျားဖြစ်ပြီး ဆေးရုံတက်ရစဉ်က သွေးတစ်ပုလင်းတော့ သွင်းခဲ့ရဖူးသည်။ သို့ရာတွင်ထိုသွေးမှာလည်း
အေအိုင်ဒီအက်စ် ရောဂါပိုးရှိမရှိ သွေးလှူဘဏ်မှစစ်ဆေးပြီး ပေးခဲ့သောသွေးပုလင်းသာ ဖြစ်သည်။
သို့ပါလျှင် ထိုသားဖွားဆရာမလေး အေအိုင်ဒီအက်စ် ရောဂါဖြစ်ရခြင်းမှာ အလွန်စဉ်းစားရခက်သော
ပြသာနာပင်ဖြစ်သည်။ သီလရှင်လေး ထိုရောဂါ ဖြစ်ရတာကျတော့ သူ့အစ်မ သားဖွားဆရာမလေးလောက်
အစဉ်းစား မခက်လှချေ။ သီလရှင်လေးသားအိမ်ထုတ်ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရစဉ်က အစ်မဖြစ်သူ
သားဖွားဆရာမလေး၏ သွေးကိုသွင်းခဲ့မိသဖြင့် အစ်မဆီမှ ထိုရောဂါဆိုးကို ရခဲ့ခြင်းသာဖြစ်ကြောင်းတွေးလို့ရနိုင်ပါသည်။
အတွေးရခက်တာက
အစ်မဖြစ်သူ သားဖွားဆရာမလေး ထိုရောဂါရခဲ့ခြင်းအပေါ် စဉ်းစားမရကြခြင်းပင် ဖြစ်သည်။ နောက်ဆုံးတော့
ဆရာဝန်တွေ စဉ်းစားမရတာ တစ်ခုသာရှိသည်။ ထိုသားဖွားဆရာမလေး ငှက်ဖျားအကြီးအကျယ်ဖြစ်ပြီး
ဆေးကုသမှုခံယူစဉ်က သွေးတစ်ပုလင်း သွင်းခဲ့ရကြောင်း ကျမတို့ အထပ်ထပ်အခါခါ ဆိုခဲ့ပြီးဖြစ်သည်။
ထိုသွေးပုလင်းတွင် အေအိုင်ဒီအက်စ် ရောဂါပိုးပါမပါ စစ်ဆေးခဲ့စဉ်က “မပါ”ဟု အဖြေထွက်ခဲ့သော်လည်း
ထိုအဖြေက ရာနှုန်းပြည့် မမှန်နိုင်ခြင်းပင်ဖြစ်သည်။ အမှန်တော့သွေးထဲတွင် အေအိုင်ဒီအက်စ်
ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းဆိုသည်မှာ ထိုပိုးကိုတိုက်ရိုက်ကြည့်ရှူစစ်ဆေးပြီး ကြည့်ရခြင်းမဟုတ်။
ထို အေအိုင်ဒီအက်စ်ရောဂါပိုး သွေးထဲသို့ ရောက်လာသည့်အခါ တန်ပြန်တိုက်ဖျက်ရန်အတွက် သွေးထဲမှ
“ပဋိပစ္စည်း” တစ်မျိုး ထုတ်လုပ်ပေး၏ အေအိုင်ဒီအက်စ်ရောဂါပိုး ရှိမရှိ သွေးစစ်ခြင်းသည်
သွေးထဲတွင်ထို “ပဋိပစ္စည်း” က အေအိုင်ဒီအက်စ် ရောဂါပိုး သွေးထဲသို့ရောက်လာပြီး အနည်းဆုံး
၃လလောက်နေမှ ပေါ်လာခြင်းသာဖြစ်သည်။
သားဖွားဆရာမလေးကို
သွင်းမိသည့်သွေးသည် အေအိုင်ဒီအက်စ် ရောဂါပိုးဝင်ခါစ (၃)လ မပြည့်သေးသော သွေးဖြစ်သဖြင့်
သွေးထဲမှာ “ပဋိပစ္စည်း” ကို ရှာမတွေ့ခဲ့ခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ထိုသွေးကို
စစ်ဆေးစဉ်က အေအိုင်ဒီအက်စ် ရောဂါပိုးမရှိဟု သွေးလှူဘဏ်က သတ်မှတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတော့
ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသောအပြစ်မဲ့သည့် ထိုသားဖွားဆရာမလေးနှင့် သီလရှင်မလေး
ညီအစ်မနှစ်ယောက် ကွယ်လွန်ခဲ့ရခြင်းသည် ဆိုးဝါးလှသော ကံကြမ္မာ၏အပြစ်လား။ အိတ်ခ်ျအိုင်ဗွီပိုးကို
တိုက်ရိုက် မရှာနိုင်သေးပဲ ပဋိပစ္စည်းကိုသာ ရှာနိုင်သေးသည့် နည်းပညာ အဆင့်နိမ့်သေးသော
သွေးစစ်ချက်၏ အပြစ်လား။ သွေးလှူဘဏ်မှ တာဝန်ရှိသူများ၏ အပြစ်လား။ သားဖွားဆရာမလေးကို
သွေးသွင်းကုသ ပေးခဲ့ကြသည့် ဆရာဝန်ဆရာမများ၏ အပြစ်လား။ စဉ်းစားစရာပင်ဖြစ်သော်လည်း ပြီးဆုံးခဲ့ပြီဖြစ်သည့်
ထိုအဖြစ်အပျက်များအတွက် ကျမတို့အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုတော့ချေ။
လူသားတို့၏
အသက်ဝိညာဉ်ပေါင်း များစွာကို ခြွေဖျက်ဆီးနေသည့် ထိုဆိုးဝါးလှသော အေအိုင်ဒီအက်စ် ရောဂါကြီး
ကမ္ဘာလောကမှ အမြန်ဆုံး အပြီးအပိုင် ဆိတ်သုဉ်း ပျောက်ကွယ်သွားဖို့ ကျမတို့အားလုံး တတ်အားသမျှ
ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြဖို့သာရှိပါတော့သည်။
ပုရွက်ဆိတ်မလေး
MySuboo -
နတ်ဆိုးရဲ့ကျိန်စာ




