ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသော နယ်စပ်ဒေသများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်မြို့ ငါးမြို့တွင် HIV/AIDS ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ဆောင် ရွက်မည် ဖြစ်ကြောင်း National AIDS Program ၏ စီမံချက်မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။
လေးနှစ်ကြာ ပံ့ပိုးမည့် ADB အစီအစဉ်ကြောင့် လူဦးရေ ၁ ဒသမ ၄ သန်းကျော် အကူအညီ ရရှိနိုင်မည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသမြို့များတွင် ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ တာချီလိတ်နှင့် မော်လမြိုင်မြို့များ ပါဝင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
အဆိုပါ စီမံချက်တွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဆောက်အအုံ ၅၇ လုံး ဆောက်လုပ်ရန် လျာထားကြောင်း၊ ကျန်ရန်ပုံငွေများ အတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို သင်တန်းပေးခြင်း၊ HIV ပိုး ကူးစက်ခံရသူများကို နှစ်သိမ့် ဆွေးနွေးခြင်းနှင့် သွေးစစ်ပေးခြင်းတို့ အပါအဝင် ကွန်ဒုံးများ ဖြန့်ဝေခင်းနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို ကုသပေးခြင်း တို့လည်း ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ပြောဆိုသည်။
“အရင်ကတော့ မြန်မာနိုင်ငံအတွက် ART လိုအပ်တယ်။ အခုအချိန်မှာတော့ ရောဂါ မဖြစ်သေးတဲ့ သူတွေအတွက် ကြိုတင် ကာကွယ်ရေးကို ပိုလိုအပ်တယ်” ဟု လုပ်သက် ခုနစ်နှစ်ကျော်ကြာ နှစ်သိမ့် ဆွေးနွေးပေးရေး လုပ်ငန်း လုပ်ကိုင်ခဲ့သူ ဒေါ်နှင်းမြဦးက ပြောကြားသည်။
ယင်းအပြင် HIV ပိုး ရှိသူများ၏ အသက်မွေးဝမ်းကျောင်း ပံ့ပိုးပေးမည့် အလုပ်အကိုင် ရှာဖွေပေးရေးနှင့် ၎င်းတို့၏ အခွင့်အရေးအတွက် ကာကွယ်ပေးခြင်းတို့ ပိုပြုလုပ်ပေးကြောင်း ၎င်းကအကြံပြုသည်။
မဲခေါင်ဒေသ ခြောက်နိုင်ငံ အကြားတွင် ရွှေ့ပြောင်း လုပ်သားများမှတစ်ဆင့် HIV/AIDS ကူးစက်မှု လျှော့ချရေး နားလည်မှု စာချွန်လွှာကို ၂၀၁၁ နိုဝင်ဘာလက ရေးထိုးထားပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ADB ၏ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေး အစီအစဉ် စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ တစ်သိန်းကိုးသောင်း ရှစ်ထောင်ခန့် ရှိသည့်အနက် ART ဆေးရရှိသူ ငါးသောင်းကျော် ဝန်းကျင်သာရှိပြီး ကျန်ခုနှစ်သောင်းကျော်သည် ART ဆေး လိုအပ်သေးကြောင်း ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က ထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇
The Voice Weekly - နယ်စပ်ဒေသတစ်လျှောက် HIV/AIDS စီမံချက်များ ဆောင်ရွက်မည်




