ကမ္ဘာ့ အနှံ့အပြားမှာ တီဘီရောဂါဟာ တစ်ချိန်က
မင်းမူသောင်ကျန်းခဲ့ပြီး ကုသရခက်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ စနစ်တကျ ကုသရပြီး
အဆင့်မြင့် ဆေးဝါးတွေနဲ့ ကာလကြာရှည် ကုသမှ ပျောက်ကင်းနိုင်ပါတယ်။ ယနေ့အခါမှာ
ဆေးဝါးကောင်းတွေ ပေါ်ပေါက်လာလို့ တီဘီရောဂါကို ပျောက်အောင်ကုသ နိုင်ပေမဲ့။
ဆင်းရဲတဲ့ နိုင်ငံတော်တော် များများမှာတော့ တီဘီ ရောဂါဟာ ခေါင်းထောင် မင်းမူနေဆဲ
ပျံ့နှံ့နှုန်း ကူးစက်နှုန်း လျင်မြန် မြင့်မားနေဆဲ ဖြစ်ပါတယ်။
“နူရာဝဲစွဲ လဲရာ သူခိုးထောင်း ” ဆိုတဲ့
စကားရှိပါတယ်။ တီဘီ ရောဂါဟာလဲ ထို့အတူပါဘဲ ဆင်းရဲလို့ အနေအထိုင် မသန့်၊ မသန့်လို့
တီဘီရောဂါရ၊ ရောဂါရလို့ အလုပ်မလုပ်နိုင် အလုပ်မလုပ်နိုင်တော့ ဆင်းရဲရာကနေ မွဲတေ၊
မွဲတေရာကနေ ဆေးမကုနိုင် ဆေးမကုနိုင်တော့ သေဆုံးရပါတယ်။
တီဘီရောဂါဟာ လေထဲကနေတစ်ဆင့် ပျံ့နှံ့ကူးစက်တဲ့
ရောဂါဖြစ်ပါတယ်။ ရောဂါရှိသူ နှာချေလိုက်ရင်၊ ချောင်းဆိုးလိုက်ရင်၊ အသက်ရှူလိုက်ရင်
လေထဲမှာ တီဘီ ရောဂါပိုးတွေ ပါလာပါတယ်။ တီဘီရောဂါသည်ရဲ့ နှပ်၊ တံတွေး၊
သလိပ်တို့မှာလဲ တီဘီရောဂါပိုး အများကြီးပါပါတယ်။ ဒါကြောင့် တီဘီ ရောဂါသည်ကို
သီးခြားထားပြီး သူ့ရဲ့ တံတွေ သလိပ်တို့ကို သူရဲ့ ပိုးသပ်ဆေးထည့်ထားတဲ့ ထွေးခံထဲ
ထည့်ထားပြီး စနစ်တကျ ပိုးသတ် သန့်ရှင်းရပါတယ်။ ဒါ့အပြင် ရောဂါရှိသူ နှာချေ၊
ချောင်းဆိုးရင် လက်ကိုင်ပုဝါ သို့မဟုတ် တစ်သျှူးစနဲ့ အုပ်ရပါတယ်။ ရောဂါရှိသူ
သုံးစွဲတဲ့ အဝတ် အစား၊ ပုဝါ၊ မျက်နှာသုပ်၊ အိပ်ယာတို့ကို ရောဂါမရှိသူတို့
သုံးစွဲမိရင် တီဘီရောဂါ ကူးစက်နိုင်လို့ ခွဲခြားသုံးစွဲရပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့
လူအဖို့မှာတော့ အိမ်ကလဲကျဉ်း အဆောင်ခွဲခြားဖို့ရာလည်း မဖြစ်နိုင်တော့ အိမ်မှာ တီဘီ
ရောဂါသည်တစ်ယောက်ရှိရင် ကျန်တဲ့လူတွေကို ကူးစက်တာများပါတယ်။
ဒါကြောင့် တီဘီနဲ့ ဆင်းရဲခြင်းဟာ ဒွန်တွဲနေတဲ့
သဘောလဲ ရှိတယ်လို့တောင် ဆိုနိုင်ပါတယ်။ တီဘီရောဂါ ဖြစ်လာရင် အလုပ်မလုပ်
နိုင်တဲ့အတွက် လုပ်အားဆုံးရှုံး ဝင်ငွေ ဆုံးရှုံးပြီး စီးပွားရေးပြဿနာ
လူမှုရေးပြဿနာ ကြုံကြရတာလဲ ဒုနဲ့ဒေးပါ။ ဆေးဝါးကုသမှု ဆိုတာကလဲ ကာလတာရှည်တော့
ဆင်းရဲ့တဲ့ လူတွေ အဖို့မှာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာရပါတယ်။
မြန်မာနိုင်ငံကလဲ မဖွံ့ဖြိုးသေးတဲ့နိုင်ငံ
တစ်နိုင်ငံ ဖြစ်တာမို့ ဆင်းရဲတဲလူများပါတယ်။ ကျန်းမာရေး အသိပညာကလဲ နည်းပါး
ကျန်းမာရေး စနစ်ကလဲ ယိုယွင်းနေလေတော့ တီဘီ ရောဂါသည်တွေကလည်း တနေ့တခြား
တိုးပွားလို့သာ လာနေပါတယ်။ မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်တွင်းမှာရှိတဲ့ NGO
တစ်ချို့က တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ဆေးဝါး အလကားပေးနေတာ ပညာပေးတာ လုပ်နေပေမဲ့
အကြောင်းကြောင်းကြောင့် အောင်မြင်မှု မရသေးတာ တွေ့နေရပါတယ်။
အဲဒီ အကြောင်းကြောင်း ဆိုတာတွေထဲမှာ တီဘီ ဆေးဝါး
အခမဲ့ပေးတဲ့ မူဝါဒရဲ့ အားနည်းချက် တွေလဲ အဓိက ပါဝင်နေပါတယ်။ ဥပမာ ပြောရရင်
တီဘီလို့ သံသယ ရှိတဲ့ လူတစ်ယောက် ဆေးရုံပေါ်ရောက်လာရင် ရင်ဘတ်ကို
ဓါတ်မှန်ရိုက်ရပါတယ်။ သလိပ်ကို သုံးရက်စစ်ရပါတယ်။ ရင်ဘတ် ဓါတ်မှန်မှာ
တီဘီရောဂါတွေ့ပြီး သလိပ်မှာလဲ တီဘီရောဂါပို ပြမှ တီဘီရောဂါ ဆေးကို အခမဲ့
ပေးတာဖြစ်ပါတယ်။
ဒီနေရာမှာ ဓါတ်မှန် ရိုက်ခ သလိပ်စစ်ခကို လူနာက
ကျခံရတော့ လူနာအချို့မှာ ငွေကြေးအခက်အခဲကြောင့် ကြန့်ကြာရတာ ရှိပါတယ်။ အစိုးရ
ဆေးရုံကြီး အချို့မှာတော့ အလကားစစ်ပေးနိုင်ပေမဲ့ လူနာအများစုဟာ ဆေးရုံကြီးတွေဆီ
မလှမ်းနိုင်ကြပါဘူး။ လူနာအချို့ ဆေးရုံကို ရောက်ပေမဲ့ သလိပ်မှာ ပိုးမတွေ့လို့
ဆေးမရသူလဲ ရှိပါတယ်။ အဲဒီအခါမှာ လူနာအနီးအနားမှာ ရှိတဲ့ dots လို့ခေါ်တဲ့ ဆေးခန်း
အချို့ကို သွားပြကြပါတယ်။ အဲဒီ ဆေးခန်းတွေ မှတော့ ဆေးကို အလကားပေးပေမဲ့ ရောဂါ
ရှာဖွေ စစ်ဆေးခနဲ့ ဆရာဝန် စမ်းသပ်ခကို ပေးရပါတယ်။
ဆေးကို တစ်လတစ်ခါ ထုတ်ပေးပြီး လူနာကို
ပြန်ကြည့်ပေးပါတယ်။ ဒါပေမဲ့ လူနာတစ်ချို့ဟာ တစ်လတစ်ခါ ဆေးလာယူရင် ဆရာဝန် စမ်းသပ်ခ
ရောဂါ ရှာဖွေ စစ်ဆေးခ မတတ်နိုင်လို့ ဆေးဆက်မသောက်ကြတာကိုလဲ တွေ့ရပါတယ်။ ဒါဟာ
ပြည်တွင်းမှာရှိတဲ့ လူနာတစ်ချို့ရဲ့ အခြေအနေပါ။
တီဘီရောဂါဟာ ဆေးတစ်ခုတည်း ကုပေးလို့ ပြီးသွားတဲ့
ရောဂါ မဟုတ်ပါဘူး။ တီဘီ ရောဂါ ရထားသူဟာ ဆေးသောက်နေစဉ်ကာလ အနည်းဆုံး ခြောက်လ ကာလမှာ
စားဝတ်နေရေး ပြဿနာတွေလဲ ရှိနိုင်တာမို့ လူမှုရေး စီးပွားရေး အကူအညီ အထောက်အပံ့တွေလဲ
လိုအပ်ပါတယ်။ ဒါ့အပြင် တီဘီဆေး ကုသမှု ခံယူနေစဉ်မှာ တီဘီ ဆေးတွေရဲ့
ဘေးထွက်ဆိုးကျိုးတွေကို သေချာနားလည်ပြီး ကုသမှု စောင့်ရှောက်မှု တွေလဲ
လိုအပ်ပါသေးတယ်။ မြန်မာနိုင်ငံက ဆေးတစ်ခုတည်းကိုသာ အခမဲ့ပေးနိုင်တာကလည်း တီဘီ
ရောဂါသည်တွေအတွက် အားကိုးအားထား မပြုနိုင်တဲ့ အနေအထားလို့ ဆိုရပါမယ်။
နောက်ပြဿနာ တစ်ခုက လူနာတွေဟာ အကြောင်းအမျိုးမျိုးကြောင့်
ဆေးကို ဆေးပတ်လည်အောင် အသောက်တော့ဘဲ ရပ်တန့် လိုက်တဲ့အတွက် ဆေးယဉ်ပါးမှု
ကလဲပွားများလာပါတယ်။ မြန်မာနိုင်ငံမှာ အိမ်တိုင်ရာရောက် ဆေးဝါးလိုက်တိုက်တဲ့
စီမံချက်ရှိပေမဲ့ လူနာအများစုဟာ အိမ်ပိုင်ယာပိုင် မဟုတ်လေတော့ ရွေ့ပြောင်းခြင်း
အမျိုးမျိုး ရှိနေတဲ့အတွက် လူနာတွေကို ဆေးလိုက်တိုက်ပေးနေတဲ့ အနီရောင်
နတ်မိမယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘက်စုံရ သားဖွားဆရာမတွေလဲ လက်မှိုင်ချရပါတယ်။
ဒါတွေကတော့ မြန်မာပြည် အတွင်းက တီဘီရောဂါသည်တွေ အကြောင်းပါ။
မြန်မာပြည်တွင်းမှာ စရိတ်အခက်အခဲ မိသားစု
အခက်အခဲတွေကြောင့် တီဘီရောဂါဖြစ်ပြီး ဆေးမကုနိုင်သူတွေ ဆေးဆက်မသောက်ကြတော့တဲ့
သူတွေထဲက တချို့ဟာ ကြားဖူးနားဝနဲ့ မြန်မာနယ်စပ်ကို ဖြတ်ရင် NGO တွေနဲ့
ကျောင်းသားဆေးခန်းဆိုတာကို မျှော်လင်တကြီးနဲ့ ဆေးရှာပုံတော်ဖွင့်ဖို့
ရောက်လာကြပါတော့တယ်။ နယ်စပ်မှာ အလုပ်လုပ်နေတဲ့ သားသမီး မိတ်ဆွေ အဆက်အသွယ်နဲ့ လာတဲ့သူ၊
ဘယ်သူမှ မသိကျွမ်းဘဲ အထုပ်ပိုက်ပြီး ဆေးခန်း အဝမှာ ငုတ်တုတ်ထိုင် ဆေးကုသမှုခံရအောင်
လာပဟဲ့ဆိုပြီး ဖြစ်လိုရာဖြစ်စေ နယ်စပ်မှာပင်နေရအောင် ဆေးကုသရအောင် လာကြပါတယ်။
ဒီတစ်ခါမှာတော့ နယ်စပ်မှာရှိတဲ့ NGO တွေရဲ့ မူဝါဒ
ကျောင်းသားဆေးခန်း သို့မဟုတ် မယ်တော်ဆေးခန်းရဲ့ အခက်အခဲတွေကို တီဘီ
ရောဂါသည်တွေဟာတွေ့ကြုံရပြီး အချို့မှာ ခဲလေသမျှ သဲရေကျရတော့တာပါဘဲ
ဘာဖြစ်လို့လဲဆိုတော့ NGO တစ်ချို့တွေမှာ တီဘီရောဂါသည် ကို အခမဲ့ ကုသပေးတာ
မှန်ပေမဲ့ မဲဆောက်နေ နယ်စပ်နေ တီဘီရောဂါသည်ကိုသာ လက်ခံကုသပေးပြီး
နယ်စပ်ဖြတ်ကျော်လာတဲ့ ပြည်တွင်းနေ တီဘီရောဂါသည်ကို လက်မခံနိုင်ပါဘူး။ မယ်တော်
ဆေးခန်းအနေနဲ့လည်း လက်ခံ ကျွေးမွေးထားနိုင်ပေမဲ့ ဆေးဝါးကုသမှုကတော့ ဒေသဆေးရုံတွေ
NGO တွေကို လွဲပို့ပေးရပါတယ်။လွဲပို့ပြီ ဆိုတာနဲ့ လူနာအတွက် အာမခံရပါတော့တယ်။
ဘယ်လိုအာမခံရလဲဆိုတော့ ဒီလူနာသည် ဆေးကို
သတ်မှတ်ကာလအတွင်း မပျက်မကွက် ကုသမှု ပုံမှန်ခံယူပါမယ် ဆိုတဲ့ အာမခံချက် ပေးရပါတယ်။
အာမခံချက် ပေးရတဲ့ အကြောင်းကလဲ နယ်စပ်ဖြတ်ကျော် လူနာအများစုဟာ တီဘီရောဂါ
သက်သာလာတာနဲ့ တစ်ပြိုင်နက် ဆက်လက် ဆေးကုသဖို့ ဆေးသောက်ဖို့ မလာကြတော့တာပါဘဲ။
ဒါကြောင့် ဆေးယဉ်ပါးမှုတွေ တိုးလာတဲအတွက် အခက်အခဲတွေ ပိုကြုံလာရပါတယ်။
ပြည်တွင်းနေသူတွေတောင်မှ လူနာတွေ
အိမ်ယာရွေ့ပြောင်းနေလို့ ဆေးလိုက်တိုက်တဲ့သူတွေ အခက်အခဲ ကြုံနေရတဲ့အခါမှာ ပြည်ပမှာ
နေသူတွေအဖို့ ပြည်တွင်းက လူနာတွေ ဆေးလာမယူတဲ့အခါမှာ ဘယ်လိုမှ မတတ်နိုင်ဘဲ
လက်မှိုင်ချကာ ငေးဖို့ဘဲ ကျန်ပါတော့တယ်။ အဲဒီမှာ နောက်ဆုံး အဖြေထွက်လာတာကတော့
တီဘီလူနာများကို ဆေးပုံမှန်သောက်ပါ့မလားဆိုတဲ့ အာမခံချက်ကို မယ်တော် ဆေးခန်းကလဲ
အာမခံ မပေးနိုင်ပါဘူး အဲဒီတော့ ပြည်တွင်းမှာ ဆေးသောက်ဖို့ အခက်ကြုံလို့ နယ်စပ်ကို
လာဆေးရှာသော်လည်း “ အမောင် တောင်မင်းကိုဖြင့် မြောက်မင်းကလဲ မကယ်နိုင်”
တဲ့အခြေအနေကို နယ်စပ်ဖြတ်ကျော် ဆေးရှာပုံတော်ဖွင့် လာတဲ့ လူနာတစ်ချို့
ကြုံရပါတော့တယ်။
ဒီအတွက် အခက်အခဲတွေ ခုလိုအဖြစ်အပျက်တွေကို
ရင်ဆိုင်နေရတာကြေင့် ဒီလူနာတွေအတွက် နယ်စပ်မှာရှိတဲ့ NGO တွေနဲ့ ကျောင်းသား
ဆေးခန်း သို့မဟုတ် မယ်တော်ဆေးခန်း နဲ့လည်း ပူးပေါင်းဆွေးနွေး အဖြေရှာနေကြပါတယ်။ ပြည်တွင်းပြည်ပ
နယ်စပ်က သက်ဆိုင်သူ အသီးသီးကလဲ တီဘီလူနာပြဿနာ စုပေါင်းအဖြေရှာ ဖြေရှင်းကြပါလို့
တိုက်တွန်းရင် နယ်စပ်သို့ရောက်လာသော တီဘီ ရောဂါသည်များ အကြောင်း
တစ်စေ့တစ်စောင်းကို တင်ပြလိုက်ရပါတယ်။
အတွဲ(၁) အမှတ် (၁၅) နိုက်တင်ဂေး ဂျာနယ် ( ၂/၂၀၀၉)




