နယ်မှလာရောက်သည့်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ကူးစက်ခံရသူများအား အထူးကုဆေးရုံ (သာကေတ) တွင် ပြုစုစောင်ရှောက်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)
ကူးစက်ခံရသူများအား မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ အထူးကုဆေးရုံကြီးနှင့် မင်္ဂလာဒုံမြို့နယ်
အထူးကုဆေးရုံ (မင်္ဂလာဒုံ) တို့တွင် အေအာတီဆေးဖြင့် ကုသမှု ပေးလျက်ရှိပြီး၊ နယ်မှလာရောက်သည့်
ဝေဒနာရှင်များကို အေအာတီဆေး ကုသပေးသည့် နေရာများသို့ ညွှန်းပို့ ပေးနိုင်ရန် သာကေတမြို့နယ်ရှိ
အထူးကုဆေးရုံ (သာကေတ) တွင် ပြုစုစောင့်ရှောက်မှု ပေးကာ ခေတ္တနေထိုင် နိုင်စေရန် အတွက်
လက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးရုံသည်
တစ်ထပ် အဆောက်အအုံဖြစ်ပြီး သာကေတမြို့နယ်၊ သာကေတ အ၀ိုင်းအနီး ၁၀၈ တောင် ဘုရားရှေ့တွင်
တည်ရှိသည်။ အထူးကုဆေးရုံ (သာကေတ) တွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ကူးစက်ခံရသူများအတွက်
ပြုစု စောင့်ရှောက်မှု ပေးကာ နေထိုင် နိုင်စေရန်အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး
ဦးစီးဌာနနှင့် ရန်ကုန်တိုင်း၊ ကျန်းမာရေး ကြီးကြပ်မှု ကော်မတီတို့၏ စီစဉ်မှုဖြင့် ယခုနှစ်
သြဂုတ်လ ၅ ရက်နေ့မှစတင်၍ လက်ခံပေးလျက် ရှိကြောင်း သိရသည်။
"နယ်ကနေ
ရန်ကုန်ကို ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့လာတဲ့အခါ မြို့နယ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တချို့မှာ
စုပေါင်းတည်းခိုတာမျိုး ရှိတယ်။ အဲဒီလို တည်းခိုတဲ့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု
ခံယူရင်းနဲ့ တခြားရောဂါ တစ်မျိုးမျိုး ၀င်ရောက် လာနိုင်ပါတယ်။ တီဘီရောဂါဆိုရင် တစ်အိမ်တည်း
အတူတူတည်းခိုတဲ့ လူနာအချင်းချင်း တစ်ဦးကနေ တစ်ဦးကို အလွယ်တကူ ကူးစက် စေနိုင်သလို
အဲဒီရပ်ကွက်အတွင်းမှာ နေထိုင်နေတဲ့ သူတွေကိုလည်း ကူးစက် စေနိုင်ပါတယ်။ နယ်ကလာတဲ့ လူနာတွေအတွက်
ဆေးရုံထားပေးခြင်း အားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆောက်အအုံနေရာ တစ်ခုခုမှာ နေထိုင်ပြီး
ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူနိုင်မယ်။ လူနာတွေ အနေနဲ့လည်း ပိုပြီးကောင်းမွန်တဲ့
ညွှန်းပို့မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီအထူးကု ဆေးရုံကို ဖွင့်လှစ်ခဲ့ခြင်း
ဖြစ်ပါတယ်။ နယ်တွေမှာတော့ အထူးကုဆေးရုံတွေ မရှိသေးပါဘူး။ ဝေဒနာရှင်တွေအတွက် အေအာတီ
ဆေးပေးနေတဲ့ ဆေးပေးခန်းတွေတော့ တစ်နိုင်ငံလုံး ရှိနေပါတယ်" ဟု ခုခံအားကျဆင်းမှု
ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
ဆေးရုံတက်ရောက်စဉ်
နှစ်သိမ့် ဆွေးနွေးမှုပေးကာ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ကူညီ ပံ့ပိုးနိုင်ခြင်း၊
အေအာတီဆေးကုသမှုကို စဉ်ဆက်မပြတ် သောက်သုံးနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်
ညွှန်းပို့မှုများ (အေအာတီဆေး ကုသမှု ပေးသောဆေးရုံ၊ ဆေးခန်း၊ တီဘီ ဌာန၊ မိခင်နှင့် ကလေးကျန်းမာရေး
ဌာန) ဆောင်ရွက်ပေးခြင်း၊ ဆေးရုံတွင် ကုသမှုလုပ်ငန်း များနှင့် ပြည်သူလူထုအခြေပြု အိမ်တွင်းစောင့်ရှောက်မှု
လုပ်ငန်းများကို ပူးပေါင်း၍ စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်မှု ရရှိရန် ဆောင်ရွက်ပေးထားသည်။
ပြည်နယ်နှင့်တိုင်းများရှိ
မြို့နယ်များမှလည်း ရန်ကုန်မြို့သို့ လာရောက်၍ အေအာတီဆေး ကုသမှုနှင့် အခြားကျန်းမာရေး
စောင့်ရှောက်မှု ခံယူလျက်ရှိသော ကူးစက်ခံရသူများအား အဆိုပါ အထူးကုဆေးရုံသို့ ပြုစုစောင့်ရှောက်မှု
ပေးနိုင်ရန်အတွက် ညွှန်းပို့ စေလွှတ်နိုင်ကြောင်း၊ ဆေးရုံတက် ရောက်နေစဉ် သက်ဆိုင်ရာ လူမှုအဖွဲ့
အစည်းများမှ ပံ့ပိုး ပေးလျက်ရှိသော ဆေးကုသမှုများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို
ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင် သွားမည်
ဖြစ်ကြောင်း သိရသည်။
ထို့အပြင်
အထူးကုဆေးရုံ (သာကေတ) တွင် သာကေတမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူးမှ တာဝန်ယူ၍ ရန်ကုန်တိုင်း
ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီးများ ဦးဆောင်သည့် အဖွဲ့ကိုလည်း တွဲဖက်တာဝန်
ချထားကာ ပြုစုစောင့်ရှောက်မှု လုပ်ငန်းများ စတင် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ယခုလက်ရှိ
မြန်မာတစ်ပြည်လုံးတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) ကူးစက်ခံရသူများ အတွက် အဓိက
လက်ခံကုသပေးနေသည့် မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီ အထူးကုဆေးရုံ ကြီးကို ၂၀၀၅ ခုနှစ်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် လူနာတစ်ထောင်ကျော်ကို အေအာတီဆေးဖြင့် ကုသပေးလျက် ရှိကြောင်းနှင့်
မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံ (မင်္ဂလာ ဒုံ) ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပြီးဆေးရုံတွင်
ART ဆေးဖြင့် ကုသပေးနေသည့် လူနာဦးရေ ၁၄၀ ခန့် ရှိကြောင်း သိရသည်။
ဝင်းဝင်းခင်
Ref
- Eleven Media Group
22
Aug, 2010




