13
Apr

နယ်မြို့များမှ အေ့ဒ်စ် ဝေဒနာရှင်များ စနစ်ကျသော ကုသမှုရရန် လိုအပ်နေသေး


 

နယ်မြို့များမှ အေ့ဒ်စ်ဝေဒနာသည်များမှာ စနစ်ကျသော ဆေးဝါးကုသမှုရရှိရန် လိုအပ်နေသေးသည်ဟု အေ့ဒ်စ် ကာကွယ်ကုသရေး NGOတစ်ခုက ပြောသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ထားနိုင်မည့်
စင်တာများ၊ ဆေးပေးဌာနများ ပေါ်ပေါက်လာရန်မှာများစွာ အရေးကြီးပြီး၊ ဆေးဝါး လုံလောက်စွာရရှိရေးနှင့်
ဆေးဝါးကုသမှုကို လမ်းညွှန်ပေးနိုင်မည့် အဖွဲ့အစည်း များစွာလိုအပ်ကြောင်း၊ ရောဂါကာကွယ်ရေး
ပညာပေးမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ပါက ရောဂါပိုး ကူးဆက်ခံရမှုနှုန်းလည်း
ကျဆင်း သွားမည် ဖြစ်ကြောင်း အဆိုပါ NGO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

”အမတို့ သိရသလောက်တော့ ပခုက္ကူရယ်၊ မန္တလေးရယ်နဲ့ ရန်ကုန်ပေါ့။
အဖွဲ့အစည်းတွေ ထပ် တိုးချဲ့ပေါ်လာတာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ဖြစ်လာဖို့ အရေးကြီးတယ်။ ရန်ကုန်မှာတော့ ဆေးရုံတွေ ဆေးခန်းတွေနဲ့ လက်ခံကုသပေးနေ
တဲ့ NGO အဖွဲ့အစည်းတွေကများတယ်။ ဒါကြောင့် နယ်က ဝေဒနာရှင်တွေက ရန်ကုန်ပဲ အလာများတယ်။
ဆေးဝါးရရှိမှုက ဒီမှာလွယ် တယ်”ဟု ၄င်းက ပြောသည်။

 

နယ်မှ ရန်ကုန်သို့ လာရောက် ၍ ဆေးဝါးကုသမှုခံယူသူများ သွားလာရသောခရီးစရိတ်နှင့်
ပင်ပန်းမှု ဒဏ်များအပြင် ရန်ကုန်တွင် တည်းခို ကုသလိုသူများအနေဖြင့် နေစရာ အခက်အခဲများလည်း
ရှိကြောင်း သိရသည်။

 

”ဝေဒနာရှင်တွေအတွက်က လိုအပ်ချက်များတယ်။ အဓိကတော့ ARV ဆေးရရှိဖို့
အဓိကပဲ။ နောက် ဝေဒနာသည်တွေကို လက်ခံကုသပေးတဲ့ ဆေးရုံ၊ ဆေးခန်းတွေကလည်း နှစ်သိမ့်ဆွေးနွေး
အားပေး နိုင်ရမယ်။ ဆေးရုံရောက်လာတဲ့ ဝေဒနာရှင်ကို မကိုင်တွယ်ချင်တာတို့၊ လက်ခံ စကားပြောဖို့
မလုပ်ချင်တဲ့ ကျန်းမာရေးဝန်ထမ်း တွေရှိနေသေးတော့ အဲဒီအတွက် ဝေဒနာရှင်တွေ စိတ်ဓာတ် ပိုကျကုန်တယ်”ဟု
ဝေဒနာရှင်များအား ပြုစု စောင့်ရှောက်နေသည့် အဖွဲ့အစည်း တစ်ခုက ပြောသည်။

 

အေ့ဒ်စ် ဝေဒနာရှင်များအား ညှာတာထောက်ထားစိတ်ဖြင့် ဆက်ဆံရမည်ဆိုသည့်
အသိမှာ မြန်မာ့ လူ့အဖွဲ့အစည်း၌ အားနည်းနေသေးသောကြောင့် နယ်မှရန်ကုန်သို့ ကုသမှုခံယူရန်
ရောက်ရှိလာသော ဝေဒနာရှင်များအား ဆွေမျိုးရင်းချာများပင်လျှင် ၄င်း၏အိမ်၌ လက်ခံရန်
ငြင်းဆန်လေ့ရှိကြောင်း၊ ဝေဒနာရှင်ကိုယ်တိုင်ရော သားချင်း များကပါ ဧည့်သည်အဖြစ်တည်းခိုရန် မဝံ့ရဲကြကြောင်း၊ ထို့ကြောင့် အချို့သော အေ့ဒ်စ်ဝေဒနာရှင်များမှာ ရန်ကုန်တွင် အိမ်ငှားနေထိုင်
ကြရကြောင်း၊ သို့သော် ငွေကြေး၏ ကန့်သတ်မှုကြောင့် ရေရှည်အိမ်ငှား နေထိုင်ရန်မှာ မလွယ်ကြောင်း
လှိုင်မြို့နယ်မှ ဆရာဝန်တစ်ဦးက ပြော သည်။

 

ရန်ကုန်မြို့တွင် AIDS ဝေဒနာ ရှင်များအတွက် မြောက်ဥက္ကလာ၊
သာကေတ၊ အင်းစိန်၊ လှိုင်သာယာရှိ ဆေးရုံများ၊ အခြား NGO အဖွဲ့အစည်းများက လက်ခံကုသပေး
လျက်ရှိပြီး ပခုက္ကူဆေးရုံနှင့် မန္တလေး ဆေးရုံတို့တွင် လက်ခံကုသခြင်းများ ပြုလုပ်လျက်ရှိသည်။
အခြား မြို့နယ်ဒေသများတွင်မူ ဆေးဝါး ကုသသော ဆေးရုံ၊ ဆေးခန်းနှင့် စင်တာ များ မရှိကြောင်း
သိရသည်။

 

မိုးမြင့်မြတ်၊
နှင်းအိ

 

Popular new
-
နယ်မြို့များမှ
အေ့ဒ်စ် ဝေဒနာရှင်များ စနစ်ကျသော ကုသမှုရရန် လိုအပ်နေသေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top