ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်ပြုလုပ်သူနှင့် ART ဆေး လာရောက်ထုတ်ယူသူဦးရေ ၂၀၀၀ နီးပါးထိ ရှိလာကြောင်း သတင်းရရှိပါသည်။
ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ HIV လူနာမှတ်ပုံတင်ခြင်းနှင့် ART ဆေး လာရောက်ထုတ်ခြင်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မြိုနယ်များမှ လူနာများ လာရောက်ထုတ်ယူကြကြောင်း သိရသည်။
ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြားလာသော်လည်း ပြင်ပဆေးဆိုင်များမှ ART ဆေး ၀ယ်ယူသောက်သုံးသူများလည်း ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။
ပြင်ပမှ ဆေးဝယ်သောက်သုံး သူများသည် ပြည်သူ့ဆေးရုံတွင် လူနာမှတ်ပုံတင်ခြင်း ပြုလုပ်ပါက အမည်နှင့် နေရပ်လိပ်စာအား အများသိမည်ကို စိုးရိမ်ခြင်းများနှင့် အချို့ဝေဒနာရှင်များမှာ ART ဆေးထုတ်ယူရန် သွားလာနေထိုင်စရိတ် အဆင်မပြေခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။
“မှတ်ပုံတင်ရင် ကိုယ့်အမည်နဲ့ နေရပ်လိပ်စာတွေကို အများသိမှာ စိုးရိမ်ကြတယ်။ ဒါပေမယ့် သက်ဆိုင်ရာဌာနတွေက ဒါတွေကို လျှို့ဝှက်ပေးတယ်။ နားလည်မှုအားနည်းတဲ့ အပိုင်းတွေရှိတယ်။ တချို့ကြတော့ လည်း ဆေးလာ ထုတ်ရမယ့် နေရာတွေကို သွားလာနေထိုင်စားသောက်စရိတ် အဆင်မပြေတာတွေကြောင့် မှတ်ပုံတင်တာမလုပ်ဘဲ နေကြတယ်။ အရင်ထက်စာရင် HIV လူနာမှတ်ပုံတင်ပြီး ART ဆေး လာထုတ်သူ များလာပြီ” ဟု နှစ်သိမ့်ဆွေးနွေးခြင်းများတွင် ပါဝင်ဆောင်ရွက်နေပြီး ARTဆေး သောက်သုံးနေသူတစ်ဦးက ပြောသည်။
“ပခုက္ကူဆေးရုံကြီးကို ဆေးလာထုတ်တာတော့ နယ်စုံက လာတယ်။ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ်ထဲက မြို့တွေကနေ လာထုတ်ကြတယ်။ အရင်ကဆို ဆေးလာထုတ်သူတွေ အနေနဲ့ နေထိုင်ရေး အခက်အခဲတွေ ရှိတယ်။ နောက်ပိုင်း HIV ဝေဒနာသည်တွေ ဆေးလာထုတ်ရင် နေထိုင်ဖို့အတွက် လူမှုရေးအသင်းတွေက ကူညီလို့ အဆင်ပြေလာတယ်” ဟု ၎င်းကပြောသည်။
ပခုက္ကူပြည်သူ့ဆေးရုံကြီးရှိ ခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနသို့ မည်သည့်မြို့မှ HIV ဝေဒနာရှင်မဆို မှတ်ပုံတင်ပြုလုပ်ပြီး ART ဆေး ထုတ်ယူနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Eleven - ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ




