ပညာရေးနဲ့ ကျန်းမာရေး အကူအညီလိုအပ်နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ HIV ဝေဒနာခံစားနေရတဲ့ လူနာတွေ၊ သဘာဝ ဘေးအန္တရာယ်သင့် ပြည်သူတွေ၊ ရေဘေး၊ မီးဘေးသင့် ဒုက္ခသည်တွေစတဲ့ ပြည်သူတွေကို လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ဟာ ယခုဆိုရင် (၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အဲ့ဒီ (၃) နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ (၆) ရက် မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို စာရေးဆရာ မောင်သာချို၊ ကာတွန်းအော်ပီကျယ်၊ စာရေးဆရာ မဂျူးတို့အပြင် တခြားနာမည်ကျော် စာပေစာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ One Moreအဖွဲ့က အလှူရှင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ (၃) နှစ်ပြည့် အခမ်းအနားနဲ့ အတူ One More ပရဟိတအဖွဲ့ရဲ့ တွေ့ဆုံရတဲ့ ရည်ရွယ်ချက်က နယ်မှာရှိတဲ့ အလှူရှင်တွေနဲ့ ရန်ကုန်မှာရှိတဲ့ အလှူရှင်တွေ ရင်းနှီးမှုရရှိပြီး ပရဟိတ လုပ်ငန်းကို ပိုမိုလုပ်ဆောင်နိုင်ဖို့ ကျင်းပခဲ့တာလို့ OneMoreအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
One More ပရဟိတအဖွဲ့က ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉၆) ကျောင်း၊ မိဘမဲ့ဂေဟာနဲ့ ပရဟိတကျောင်း (၃၀) ကျောင်း၊ အခမဲ့ဆေးခန်းကို (၂၄) ကြိမ်၊ ရေဘေးနဲ့မီးဘေး (၁၅) ကြိမ်၊ သီလရှင်သင်ပညာရေးကျောင်း (၉) ကျောင်း၊ ရေရရှိရေး (၉) ကြိမ်၊ ဒုက္ခသည်စခန်းကို (၉) ကြိမ်၊ စာကြည့်တိုက်တွေကို (၇) ကြိမ် လှူဒါန်းခဲ့ပြီးပြီ ဖြစ်တယ်လို့ အဲ့ဒီ(၃) နှစ်ပြည့် အခမ်းအနားမှ သိရပါတယ်။
လူတစ်ဦးကို ကျပ်တစ်ထောင်နဲ့ရတဲ့ အလှူငွေတစ်ပြားတစ်ချပ်မှ မကျန်အောင် လှူမယ်ဆိုတဲ့ ပရဟိတအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့အတူ စတင်တည်ထောင်တဲ့ (၂၀၁၂) သြဂုတ်လမှာဆိုရင် ရရှိတဲ့ အလှူငွေ (၁၀) သိန်းနီးပါးသာရှိပြီး ယခုလို (၃) နှစ်ပြည့်တဲ့ အချိန်မှာ One Moreအဖွဲ့ဟာ (၃၆) ကြိမ် လှူဒါန်းနိုင်ခဲ့ပြီး အလှူရှင် (၄၅၀၁၉၆) ဦးမှ စုစုပေါင်း အလှူငွေကျပ်သိန်းပေါင်း(၄၅၀၀)ကျော်ကို နိုင်ငံတစ်ဝန်းရှိ နေရာ (၁၉၉) နေရာကို ခွဲဝေလှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါသည်။
Up to Date - ပညာရေး၊ ကျန်းမာရေး အဓိကထား လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ရဲ့ (၃) နှစ်ပြည့် အခမ်းအနား ကျင်းပ




